Breaking News

အောင်ဝေး - က ဗျာ သံ ပုံး



အောင်ဝေး - က ဗျာ သံ ပုံး

(မိုးမခ) မတ် ၁၀၊ ၂၀၂၁

"ဘေဘီနီလာသိန်းဧချင်း"
ဧလည်းတည့် ယဉ်ဧ
မငိုပါနဲ့ သမီးကလေး ...။
လေးလအရွယ်၊ သမီးငယ်သည်
ဘယ်အတွက်နှင့်၊ ပြစ်ဒဏ်သင့်၍
မိခင့်နို့နှင့် ဝေးရသနည်း။
သမီးအရွယ်၊ လေးလငယ်သည်
ဘယ်အတွက်နှင့်၊ မင်းမျက်သင့်၍
ဖခင့်ရင်နှင့် ဝေးရသနည်း။
ဧလည်းတည့် ယဉ်ဧ
မငိုပါနဲ့ သမီးကလေး။
နို့မဝ၍
ညည ထငို၊ မျက်ရည်စိုနှင့်
စိုမျက်ရည်ခြောက်၊ တစ်မိုးသောက်လျှင်
နောက်ထပ်တစ်ဖန် ငိုဦးမည်။
ဖ မတွေ့၍
ညည နေ့နေ့၊ ဘွားရင်ငွေ့မှာ
မေမေ့သမီး ငိုရှာမည်။
မိ မလာ၍
နို့ဆာ နို့ငတ်၊ မေတ္တာငတ်၍
အားပြတ်လဲကာ ငိုတော့မည်။
နို့ မရ၍
တစ်ည ထငို၊ ကျီးအုပ်ပြိုသည်
ခွေးညို ထဟောင်၊ လ ငွေရောင်လည်း
အမှောင်ထစ်ချုန်း၊ သွေးနံ့ဖုံးကာ
ဒိုင်းဒုန်းဒိန်းညံ၊ သေနတ်သံတွေ
မိုးယံပဲ့တင် ထပ်တော့၏။
အဘွားစိတ်မှ
ပရိတ်ရွတ်သံ၊ တရားသံလည်း
ဘုန်းကြီးကျောင်းမှ
အုံးမောင်းခေါက်သံ၊ ဂီတသံလည်း
တစ်ရံမလပ်၊ စက်သေနတ်တို့
ပစ်ခတ်သံအောက် ပျောက်ကုန်၏
တင့်ကားဘီးအောက် ရောက်ကုန်၏။
ဧလည်းတည့် ယဉ်ဧ
မငိုပါနဲ့ သမီးကလေး။
ဖက်ဆစ်ခေတ်သို့
စစ်ဦးဘီလူး၊ မိစ္ဆာပူးသည့်
စစ်ဦးစီးရူး၊ အာဏာမူးသည့်
တပ်မှူးကြီးတွေ
ဘုန်းကြီးကျောင်းတွင်း၊ ဝင်စီးနင်း၍
သွေးချင်းချင်းဖြာ
သံဃာအော်ညည်း၊ လင်းလုနီးမှာ
သမီးလန့်၍ ငိုပြန်သည်။
သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်ရော၊ သမီးမော၍
အိပ်သောခဏ
"စစ်အုပ်စု ကျဆုံးပါစေ"
သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်နှော၊ သမီးစော၍
နိုးသောခဏ
"လူထုအစိုးရ ပေါ်ထွန်းပါစေ"
ဧလည်းတည့် ယဉ်ဧ
မငိုပါနဲ့ သမီးကလေး။
သမီး နို့မြက်၍လည်း
အမေ့တိုက်ပွဲ မပျက်။
အမေ့ နို့သက်၍လည်း
သမီးတိုက်ပွဲ မပျက်။
ဟိံ သစ္စံ၊ အမှန်ဖက်၍
"အစိုးရပျက်"
"အာဏာစက်" ကို
ဓမ္မစက်နှင့် "ဖျက်" စေသတည်း။ ။
(၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်ဇနီးမောင်နှံ
ကိုဂျင်မီနှင့် မနီလာသိန်းတို့၏ သမီးငယ် သို့)
စက်တင်ဘာ ၂၉၊ ၂၀ဝ၇။

၂၀ဝ၇-ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းက ကျနော်ရေးသားခဲ့သော ကဗျာများထဲက တစ်ပုဒ်ဖြစ်ပါသည်။
၂၀ဝ၇-စက်တင်ဘာ ၂၆-ရက်နေ့မှစ၍၊ ရွှေဝါရောင်တော်လှန်ရေးနှင့် သံဃာ့တပ်ပေါင်းစုကြီးကို န အ ဖ စစ်တပ်က အကြမ်းဖက် ဖြိုခွင်းလာခဲ့ပြီးနောက်၊ စက်တင်ဘာ ၂၇- ၂၈- ၂၉- ၃၀ ညများဆက်တိုက် စစ်တပ်က
ရန်ကုန်နှင့် အခြားမြို့ကြီးများရှိ ဘုန်းကြီးကျောင်းတိုက်ကြီးများကို အလွန် အကျွံ အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ကြပါသည်။
ထိုစဉ်တစ်ည။ ကျနော်ပုန်းအောင်းနေသည့် ပုန်းခိုကျင်းကလေးနှင့် မဝေးလှသော ငွေကြာယံကျောင်းတိုက်ကို စစ်တပ်က သေနတ်များပစ်ခတ်ပြီး အကြမ်းဖက်ဝင်ရောက်စီးနင်း ရိုက်နှက်ဖမ်းဆီးနေသော ကမ္ဘာပျက်သံ
များကို ကျနော် ကြားနေခဲ့ရပါသည်။
ရွှေဝါရောင်အထွေထွေသပိတ်စစ်ကြောင်းနှင့်၊ စက်တင်ဘာ ၂၅- ညနေက ကျနော် ဆူးလေမှာ မိန့်ခွန်းပြောအပြီး၊ ကျော်သူ့ကို စစ်တပ်နဲ့ရဲတွေ လိုက်ဖမ်းနေတယ်ဆိုတဲ့သတင်း ကျနော့်ဆီရောက်လာသည်။
ကျနော် ဆရာဦးဝင်းငြိမ်းတို့ ရွှေအမြုတေတိုက်ကနေ ကျော်သူ့ကို သွားခေါ် ထုတ်လာပြီး ပြေးရသည်။ ကန်တော်ကြီးထဲက ဆိုင်တစ်ဆိုင်အထိ ကဗျာဆရာမိုးဦးဆွေညိန်းက လိုက်ပို့ပါသည်။
ထိုနေရာမှနေ၍ ကိုစောဝေ ကားနှင့် ကျနော်တို့ ငွေကြာယံကျောင်းတိုက်ကို ပို့ခိုင်းရသည်။ သို့သော် ငွေကြာယံကျောင်းဝင်းထဲမှာ ခွေးတွေ(ခွေးဆိုတာက ကြံ့ဖွတ်အသင်းဝင် စွမ်းအားရှင်လူမိုက်တွေ)အချဉ်ပေါင်း
လှည်းသည်ဟန်ဆောင်ပြီး ရောက်နေကြသဖြင့် ကျနော်တို့ အခြားတစ်နေရာသို့ ဆက်ပြေးရပြန်သည်။ နောက်ဆုံးမှာ ကျော်သူနှင့် ကျနော် ... ။
ဒီတစ်ညမှာတော့၊ ကျနော်နဲ့ ကျော်သူ အရင်ဆုံး ပုန်းဖို့စီစဉ်ခဲ့တဲ့ ငွေကြာယံ ကျောင်းတိုက်ကြီးတစ်ခုလုံး စစ်တပ်က သရဲမရဲဝင်စီးတာ ခံနေရပြီ။ ငရဲပွက်သံတွေ ကျနော် တစ်ညလုံး ကြားနေခဲ့ရသည်။
ပုန်းခိုကျင်းကလေးထဲမှာ ကျနော် နာကျင်ကြေကွဲလာသည်။ နာကြည်း ခံပြင်းလာသည်။ ရရာလက်နက်စွဲကိုင်ပြီး ကျနော် ပြန်ခုခံတိုက်ခိုက်ရတော့မည်။ကျနော့်နှလုံးခုန်သံက မြန်လာသည်။
အဝေးက ကျယ်ကျယ်လောင်လောင်ကြားနေရသော သေနတ်သံနှင့် ကျနော့် နှလုံးခုန်သံစည်းချက်အတိုင်း ကျနော့်ရင်ထဲက စကားလုံးတွေ စီးကျလာသည်။ မျက်ရည်စီးသံ၊ သွေးစီးသံတွေ ညံလာသည်။
ထိုညက ကဗျာတစ်ပုဒ်ကို တစ်ထိုင်တည်းနှင့် ကျနော် အပြီးရေးလိုက်နိုင်သည်။ တိုက်ဖို့ လက်နက်ရပြီ။ ကဗျာက ကျနော့်လက်နက် မဟုတ်လား။
မနက်မိုးလင်းတော့၊ DVB က သန်းဝင်းထွဋ် ကျနော့်ဆီ ဖုန်းလှမ်းခေါ်သည်။ (ကျနော်ပုန်းခိုနေသည့် ဝပ်ကျင်းကလေးမှာ ကြိုးဖုန်းကလေးတစ်လုံးရှိသည်) ကျနော်က ကဗျာတစ်ပုဒ်ရေးထားတာရှိတယ်လို့ သူ့ကိုပြောလိုက်တော့ သူက "အစ်ကို။ ကျနော် အခု LIVE လွှင့်နေတာ။ အဲဒီကဗျာ ရွတ်ပေးနိုင်မလား" တဲ့။
ကျနော် ရွတ်ပေးခဲ့ပါသည်။ နားထောင်လိုက်ကြရသူတို့ ရှိပါမည်။
တွံတေးဆရာတော် ၂၀၁၂ လောက်က ကျနော်တို့ မစ်ရှီဂန်က အသောကာရာမကျောင်းကို ကြွလာတော့ ကျနော့်ကို "ဒကာကြီး၊ ရွှေဝါရောင်တုန်းက DVB ရေဒီယိုမှာ ဒကာကြီး နီလာသိန်းသမီးလေးအကြောင်းကဗျာရွတ်သွားတာ ကျုပ်နားထောင်လိုက်ရတယ်" လို့ ဝမ်းသာအားရ ပြောပြခဲ့ပါသည်။
ကဗျာက ကျနော့်လက်နက် မဟုတ်လား။
၁၉၈၈- ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှာလည်း ကဗျာရေးပြီး ကျနော် တိုက်ခဲ့ပါသည်။ ရှစ်လေးလုံးမျိုးဆက်သည် ရက်ပေါင်း ၅၀-ကျော်အတွင်းမှာ သမ္မတ ၃- ယောက်ကို ဆက်တိုက်ဖြုတ်ချနိုင်ခဲ့သော မျိုးဆက်ဖြစ်သည်။
(ဇူလိုင်-၂၅၊ ဦးနေဝင်းနုတ်ထွက်။ ဇူလိုင်- ၂၇၊ စိန်လွင်တက်။ သြဂုတ်- ၁၂၊ စိန်လွင်ပြုတ်။ သြဂုတ်- ၁၉၊ ဒေါက်တာမောင်မောင်တက်။ စက်တင်ဘာ- ၁၈၊ ဒေါက်တာမောင်မောင်ပြုတ်။ စစ်တပ်အာဏာသိမ်း)
၂၀ဝ၇- ရွှေဝါရောင်တော်လှန်ရေးမှာလည်း ကဗျာရေးပြီး ကျနော်တိုက်ခဲ့သည်။ ရွှေဝါရောင်တော်လှန်ရေးကြောင့် နိုင်ငံရေးအပြောင်းအလဲတွေ မြန်ဆန်လာခဲ့သည်လို့ ကိုမင်းကိုနိုင်က မှတ်ချက်ပေးခဲ့ပါသည်။
အခုလည်း ၂၀၂၁- စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လူထု လှုပ်ရှားမှုကြီးမှာလည်း ကျနော် ကဗျာတွေ ရေးပါသည်။ ကျနော် ကဗျာနှင့်တိုက်ပါသည်။
၂၀ဝ၇- ရွှေဝါရောင်တော်လှန်ရေးတုန်းက စစ်တပ်သည် ဘုန်းကြီးကျောင်းတိုက်ကြီးများကို ပစ်မှတ်ထား ချေမှုန်းခဲ့ကြသည်။ ယခု ၂၀၂၁- လူထု၏နွေဦးတော်လှန်ရေးထဲတွင် စစ်တပ်သည် ပထမ- NLD ရုံးခန်းများကို ဝင်စီးသည်။ စစ်တပ်သည် NLD အဖွဲ့ဝင်များကို ညဘက် အရှင်ဖမ်းပြီး၊ မနက်ဖက် မိသားစုထံ အလောင်းပြန်ပေးသည်။ ဒုတိယ- နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ဝင်စီးသည်။ (ပိုက်ဆံ သိန်း ၅၀ဝ ခိုးယူသွားသည်)
တတိယ- မီဒီယာရုံးခန်းများကို ဝင်စီးသည်။ Myanmar Now နှင့် ကမာရွတ် မီဒီယာတို့ အစီးနင်းခံရသည်။ ကမာရွတ်မီဒီယာက အယ်ဒီတာ ၂-ယောက် အဖမ်းခံရသည်။
ဤကဲ့သို့ ဥပဒေမဲ့ အကြမ်းဖက် ဝင်ရောက်စီးနင်း ဖမ်းဆီးနေခြင်းသည် အာဏာသိမ်းစစ်အုပ်စုက မင်းအောင်လှိုင်အကုသိုလ် ငါ ့အကုသိုလ်လုပ်ပြီး၊ မြေကြီးကို လက်နဲ့ယက်ကာ၊ ငရဲတွင်းနက်နက်ထဲသို့ ဇောက်ထိုးဆင်းနေကြခြင်းသာဖြစ်သည်။
ကျနော်တို့ပြည်သူတွေက ငရဲတွင်းဝက စောင့်ပြီး သံပုံးကို နာနာတီးပေးလိုက်ကြဖို့ပဲလိုသည်။
ကျနော် GZ တွေအတွက်၊ ဘိလုံးတော်လှန်ရေးအတွက်၊ နွေဦးတော်လှန်ရေး အတွက်၊ ထဘီတော်လှန်ရေးအတွက် ကဗျာတွေရေးပါသည်။
ကျနော့်ကဗျာတွေက ကျနော့်သံပုံးတွေပဲ မဟုတ်ပါလား။ ။
အောင်ဝေး
(မတ် ၉၊ ၂၀၂၁)
စာကြွင်း။ ။၂၀ဝ၇ မှာ ကျနော်ကဗျာရေးခဲ့တဲ့ကိုဂျင်မီနဲ့မနီလာသိန်းတို့ သမီးလေး ဝှိုက်တီနဲ့၊ သူနဲ့ရွယ်တူ ကိုဇော်သက်ထွေးနဲ့ မေဇော်တို့ရဲ့သမီးလေး ဗုံဗုံတို့ဟာ အခုတော်လှန်ရေးရဲ့ တိုက်ပွဲဝင် GZ ကလေးတွေ ဖြစ်နေကြပါပြီ။

#MoeMaKaMedia #WhatsHappeningInMyanmar