Breaking News

ညိုထက်ညို - ရေဆန်လမ်း

Photo Crd- Mizzima News
ရေဆန်လမ်း
ညိုထက်ညို
(မိုးမခ) မတ် ၁၀၊ ၂၀၂၁

မနေ့ကညနက်ပိုင်းလောက်က အပြင်ဘက်မှာအခြေအနေတွေသောသောရုတ်ရုတ်ဖြစ်နေသည့် ကြားထဲက Facebook ပေါ်တွင် သတင်းတစ်ပုဒ် တက်လာသည်ကိုတွေ့ရသည်။
သတင်းကိုဖတ်ကြည့်လိုက်တော့ ရုတ်တရက် ပြောင်းလဲသွားသောမြန်မာ့ နိုင်ငံရေးအခြေအနေတွင် ပြီးခဲ့သည့်လကမှ တိုင်းပြည်အာဏာယူထားသည့် စစ်ကောင်စီက လက်ရှိအချိန်အထိထုတ်လွှင့်နေသောသတင်းမီဒီယာလေးငါးခြောက်ခု၏ ထုတ်လွှင့်ခွင့် ကိုပိတ်ပင်လိုက်သောသတင်းဖြစ်နေသည်။

စာရင်းကို ကျွန်တော် ကြည့်မိတော့ ‘မဇ္ဈိမ’ပါသည်။
အဲဒီတော့လည်းစိတ်တွေကလွန်ခဲ့သောဆယ့်သုံးလေးနှစ် ရွှေဝါရောင် တော်လှန်ရေးဖြစ်ပွားပြီးကာစအချိန် တွေသို့ ပြန်ရောက်သွားသည်။
…………………      …………………..     …………………….

အဲဒီတုန်းကမဇ္ဈိမက အိန္ဒိယမှာအခြေစိုက်နေသည် ထင်သည်။ ဦးဆောင်နေသူကကိုစိုးမြင့် ထင်သည်။ နောက်တစ်ယောက်ကကိုစိန်ဝင်းထင်သည်။ အဲဒီမှာပဲကွန်ပြူတာဖန်သားပြင်ပေါ်က မဇ္ဈိမမှ ာရသဆောင်းပါးသုံးလေးငါးပုဒ် ကျွန်တော်ဝင်ရေးဖြစ်သည်။
ထိုအထဲကတစ်ပုဒ်မှာဆရာမြသန်းတင့် အကြောင်းရေးထားသည့် ဆောင်းပါးဖြစ်ပြီးထိုဆောင်းပါးနှင့်ပင် ရုပ်ရှင်တေးကဗျာမှတစ်ဆင့် ကျွန်တော် စာပေလောကသို့ ဝင်သည်။

နောက်ပိုင်းမှာတော့ မဇ္ဈိမမှာသတင်းကိုဦးစားပေးသောမီဒီယာဖြစ်သောကြောင့် အနုပညာဘက်ကိုပိုပြီးဇောင်း ပေးသည့် ‘မိုးမခ’သို့ ကျွန်တော် ရောက်သွားပြီးမဇ္ဈိမနှင့်လည်းအဆက်ပြတ်သလောက် ဖြစ်သွားသည်။
နောက်ပိုင်း ကျွန်တော် ရန်ကုန်သို့ ခဏပြန်ရောက်တုန်းခေတ်တွေလည်းပြောင်းပြီဖြစ်သောကြောင့် မဇ္ဈိမဘယ်ရောက်နေလဲမေးကြည့်တော့ အောက်ပုစွန်တောင် ဘက် မှာအခြေစိုက်ပြီးပြည်တွင်းမှာမီဒီယာလုပ်ငန်းပဲဆက်လုပ်နေတာတွေ့မိသည်။
ရန်ကုန်မှာနေရသည့် အချိန်တွေကလည်းအကန့်အသတ် တွေရှိနေသောကြောင့် လူကိုယ်တိုင်တော့ ကျွန်တော် မရောက်ဖြစ်တော့။
ကားနှင့် ကြုံလို့ ဖြတ်သွားတိုင်းကားပေါ်က ငေးခဲ့မိသည်သာရှိခဲ့သည်။

………………………    …………………..    ………………………

အဲဒီအချိန် မှာပဲမဇ္ဈိမက တီဗီဖန်သားပြင်ပေါ်သို့ ရောက်နေခဲ့ပြီထင်ပါသည်။
သို့သော် ကျွန်တော်ကတီဗီအကြည့်နည်းသောကြောင့် ဖန်သားပြင်ပေါ်က မဇ္ဈိမကိုခုထိ ကျွန်တော် တွေ့ဖူးခြင်းမရှိ။
အဲဒီအစားပြောင်းလဲလာသည့် ခေတ်က လက်ထဲထည့်ပေးလိုက်သည့် ဖုန်းဖန်သားပြင်ပေါ်မှာသာမဇ္ဈိမကို ကျွန်တော် တစ်ခါတစ်ခါ တွေ့မိသည်။
ကြည့်စရာတွေကများဖတ်စရာတွေကများသိစရာတွေကများအားလုံးများသထက်များများလာပြီးကိုယ်ပိုင်အချိန် က နည်းနည်းလာသည့် ဒီဘက် နေ့ရက် တွေမှာကိုယ် နှင့် တိုက်ရိုက်သက်ဆိုင်တာတွေကလွဲ၍ ကျန်တာတွေနှင့် အဆက်ပြတ်ပြတ်လာတာတော့ အမှန်ပင် ဖြစ်ပါသည်။
သို့သော် မဇ္ဈိမဆိုတာကတော့ ဒီလောကထဲမှာရှိနေသေးတာ ကျွန်တော် သိပါသည်။
…………………….    ……………………     ……………………….

အခုတော့လည်းလူလိုပြောရလျှင် မဇ္ဈိမတစ်ယောက်တော့ မြေအောက် လျှိုးရပြန်ပြီဟုပြောရမည် ထင်ပါသည်။
ပြည်တွင်းမှာရံဖန်ရံခါ ခုထိထုတ်ဝေနေဆဲဖြစ်သော ကျွန်တော်အခုရောက်နေသည့်  မိုးမခကကောဘယ်တော့ ဘယ်လိုဘာ ဆက်ဖြစ်ဦးမည်မသိ။
ဘာပဲဖြစ်ဖြစ် ဒီလိုအဖြစ်တွေသည် ကျွန်တော်တို့ မြန်မာစာရေးဆရာတွေ၊ အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ အခြားအခြားပလက်ဖောင်းတွေပေါ်က မီဒီယာသမားတွေဆယ်စုနှစ်ပေါင်းများစွာဖြတ်သန်းကြုံတွေ့ခဲ့ရသည်ဖြစ်ရာ ရုပ်အရကော စိတ်အရပါ အသားမာပင်တက်နေပြီဟုဆိုရမည် ဖြစ်ပါသည်။
အခြားအခြားဘဝတူတိုင်းတစ်ပါးကကိုယ့်လူတွေဖောချင်းသောချင်းရခဲ့ရနေသည့် လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့် သည် ကျွန်တော်တို့အတွက်တော့ ခဲခက်လွန်းလှပါသည်။

ဒီအခွင့်အရေးကလေးအတွက်ပင် ကျွန်တော်တို့ တတွေမှာထောင်တွေကျရ၊ ဝရမ်းတွေပြေးရ၊ လမ်းပေါ်မှာသံတိုင်တွေနောက်မှာ၊ တောတွေတောင်တွေထဲမှာလူသိတဲ့အခါသိမသိတဲ့အခါ မသိနဲ့ အသက်တွေပါ ပေးရနှင့် ဖြတ်ခဲ့ရသည့် ဘဝကိုပြန်လှည့်ကြည့်တော့ ရေဆန်လမ်းဟုသာ ကျွန်တော် နားလည်မိပါသည်။
ကျွန်တော့်စိတ်ထင် တကယ်စာရင်းသေချာကောက်ကြည့်လျှင် ကမ္ဘာပေါ်ရှိနိုင်ငံများအနက် ထောင်ကျဖူးသောစာရေးဆရာအများဆုံးနိုင်ငံသည် ကျွန်တော်တို့ နိုင်ငံဖြစ်မည် ထင်ပါသည်။
ကလောင်ကိုကိုင်လိုက်သည်နှင့် ထောင်နံရံတွေကိုစမ်းမိရတော့မလိုဖြစ်နေသည်။

စင်စစ် စာရေးဆရာဖြစ်သည်နှင့် တစ်ပြိုင်နက် စာဖတ်သူတို့အပေါ် သစ္စာခံခဲ့ပြီးဖြစ်ရာစာဖတ်သူတို့အပေါ်ထားသောဖြူစင်သောစေတနာထက် ကဲလွန်ပိုမောက် သည့် မည်သည့် စေတနာမျိုးမျှ မည်သူ့အပေါ်တွင်မှမထားဖူးပါကြောင်းစာရေးဆရာမှန်လျှင် သိကြမည်သာဖြစ်ပါသည်။

ထိုစေတနာနှင့် လိုက်လျောညီထွေစွာမိမိဖန်တီးတင်ပြသမျှ အား အသက်ဝင်လှုပ်ရှားစေမည့် မှန်တာကိုမှန်သည့်အတိုင်းလွတ်လပ်စွာရေးသားခွင့်ရရှိရေးအတွက် ကျွန်တော်တို့ တလျှောက်လုံးရုန်းကန်လာခဲ့သောနှစ်ကာလများတွင် ကျွန်တော်တို့ရခဲ့သောဘွဲ့ထူးဂုဏ်ထူးများမှာနိုင်ငံတော်အားအကြည်ညိုပျက်စေမှုနှင့်တကွ မဟုတ်မမှန် သွေးထိုးလှုံ့ဆော်မှုအပါအဝင် ထိုထိုဤဤအကြီးအကဲများ၏ ဂုဏ်သိက္ခာကျဆင်းစေမှုအစရှိသည်တို့သာဖြစ်ပါသည်။

မည်ကဲ့သို့သောအကြောင်းတွေကြောင့် ကမ္ဘာပေါ်ရှိမည်သည့် နိုင်ငံတွင်မျှ ဘယ်သူကမှ ထူးပြီးကြည်ညိုဖူးသည် မရှိသည့် အမျိုးအမည်ကိုင်တွယ်စမ်းသပ်၍ မရသောနိုင်ငံတော်ဟူသောအရာကိုကြည်ညိုစေရန် ပျက်ကွက်မှုဖြင့် သော်လည်းကောင်း၊ မှန်တာတွေချည်းရေးနေပါလျက် မမှန်တာတွေရေးနေပါသည်၊ အထင်အမြင်လွဲမှားအောင် ပြုလုပ်နေပါသည် စသဖြင့် သော်လည်းကောင်း... ကျွန်တော်တို့အားနိုင်ငံတော်၏ အာဏာကိုဆုပ်ကိုင်ထားသူတို့သည် အစဉ်မပြတ် ရန်ရှာခဲ့ကြပါသနည်း။

မည်ကဲ့သို့သောအကြောင်းအကြောင်းတွေကြောင့် ကျွန်တော်တို့မှ ဒီလိုအဖြစ်မျိုးတွေနှင့် ကြုံခဲ့ရကြုံနေရပါသနည်း။
ချစ်ခင်ရပါသောဆရာနိုင်ဝင်းဆွေတစ်ယောက်ကတော့ ကျွန်တော့်ကို နှစ်သိမ့်ပြုံးပြုံး၍ ကြည့်နေလိမ့်မည် ထင်ပါသည်။

ညိုထက်ညို