Breaking News

ခင်မမမျိုး - အဖြေထွက်ပြီးသား ပုစ္ဆာ



ခင်မမမျိုး - အဖြေထွက်ပြီးသား ပုစ္ဆာ

(မိုးမခ) မတ် ၆၊ ၂၀၂၁

ပွဲတခုမှာ ကစားသမားတွေရဲ့ စိတ်အခြေအနေ၊ အတက်အဆုတ်ခြေလှမ်း၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်း၊ အချိန်အကန့်အသတ်တွေကို ကြည့်ပြီး အနိုင်အရှုံးဖြစ်နိုင်ချေကို တွက်ချက်ကြရပါတယ်။ ၂၀၂၁၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပွဲနဲ့ စစ်အာဏာရှင်စနစ် ပြန်လည်ဆန့်ကျင်ရေး တိုက်ပွဲတွေကို ကြည့်ရင် စစ်အုပ်စုရဲ့ ဂယောင်ချောက်ချား သွေးရူးသွေးတန်း ဖရိုဖရဲ ပုံစံတွေကို တွေ့မြင်နိုင်ပါတယ်။

(၁) ဖေဖော်ဝါရီလ ၁ ရက်နေ့က အဖြစ်အပျက်ကို ပြန်မြင်ကြည့်ပါ။ စစ်အာဏာကလဲ သိမ်းချင်သေးတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပျက်သွားမှာလဲ စိုးရိမ်သေးတယ်၊ သမတကြီး ဦးဝင်းမြင့်က (၁၉၅၈) က ဦးနုလို အာဏာအပ်တာပါကလဲ လုပ်စေချင်သေးတယ်၊ သမတက မလုပ်တော့ ကိုယ်ခန့်ထားတဲ့ ဒုသမတကို ယာယီသမတလို့ အတင်းသတ်မှတ်၊ တဘက်သတ် ကာလုံအစည်းအဝေးခေါ်၊ ကာလုံက အာဏာအပ်တာပါလို့ လူတွေကို ရုပ်ရှင်ရိုက်ပြတယ်။ တကယ်တော့ စစ်အာဏာသိမ်းလိုက်တာနဲ့ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ အလိုအလျောက် ပျက်ပြယ်တယ်ဆိုတာ လူတိုင်းနားလည်တယ်။ ခုတော့ စစ်အာဏာကလဲ သိမ်းချင်သေး၊ ဖွဲ့စည်းပုံနဲ့ အညီကလဲ ဖြစ်ချင်သေးတယ်။ တိုက်အမြင့်ပေါ်က ခုန်ချပြီး၊ ထိခိုက်မှာစိုးလို့ အောက်မှာ ကူရှင်ခံခိုင်းထားတဲ့ ပုံစံ။ မိမိကိုယ်ကို ယုံကြည်မှု မရှိတဲ့၊ အောင်စိတ်မရှိတဲ့ တပ်မှူးက ဦးဆောင်ခဲ့တဲ့ပွဲပါ။

(၂) အာဏာသိမ်းတာကို အာဏာထိန်းပါတယ်လို့ ပြည်သူကို ချပြ၊ နိုင်ငံတကာကို လိုက်ပြောတယ်။ အကြောင်းပြချက်က ရွေးကောက်ပွဲရလဒ်ပြန်စိစစ်ဖို့တဲ့။ ငါတို့ အာဏာလိုချင်လို့ အာဏာသိမ်းတာဟေ့လို့ ပြောရင်တောင်တော်သေး။ ခုတော့ သူငယ်နှပ်စားအတွေးနဲ့ ပြည်သူနဲ့ နိုင်ငံတကာရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို လာစိန်ခေါ်တယ်။ စစ်တပ်ဆိုတာ ရွေးကောက်ပွဲနဲ့ ကင်းဝေးအောင်နေရတယ်။ ဒါကိုက ဒီမိုကရေစီစနစ်ရဲ့ rules of engagement ပဲ။ ရွေးကောက်ပွဲအတွက် အာဏာသိမ်းပါတယ်ပြောတော့ သူတို့ဉာဏ်ရည်နိမ့်တာ ဘွားကနဲပေါ်လာတယ်။ ပြည်တွင်းက ဉာဏ်ရည်မှီတဲ့လူတွေ ဘယ်သူမှ လက်မခံဘူး။ နိုင်ငံတကာကလဲ လက်မခံဘူး။ မွေးစားဖခင်တွေတောင် နောက်ကွယ်ကနေပဲ တိုးတိုးတိတ်တိတ် ပံ့ပိုးပေးရဲတယ်။ လူသိရှင်ကြား ထောက်ခံရင် သူတို့ပါ ဉာဏ်ရည်တန်းတူဖြစ်သွားမှာဆိုတော့ မလုပ်ရဲကြဘူး။ စစ်အုပ်စုဟာ တစထက်တစ သူတောင်းစားခွက်ပျောက်ဘ၀ ရောက်လာပါတော့တယ်။

(၃) စစ်အာဏာသိမ်းပြီးတော့ စစ်ကောင်စီဖွဲ့တယ်။ ရှေ့မထွက်ရဲဘူး။ သေဖော်သေဖက် လိုက်ညှိပြန်တယ်။ ရွေးကောက်ပွဲကလဲ မနိုင်၊ နိုင်ငံရေးကလဲသေနေဆိုတော့ ခွေးတိုးပေါက်ကနေမဝင်ရင် ဒီတသက် အာဏာမရတော့မှာ သေချာနေတဲ့ လူတွေကို လိုက်စည်းရုံးတယ်။ ငါသာ ဝန်ကြီးဖြစ်ရင်လေဆိုပြီး နေ့ညစိတ်ကူးယဉ်နေသူတွေကလဲ ခွေးရူးကောင်းစား တမွန်းတည့်ဖြစ်ဖြစ် ဒီဝန်ကြီးထိုင်ခုံလေးပေါ် ထိုင်ချင်ကြရှာတယ်။ ဝန်ကြီးမဖြစ်ရလဲ ကောင်စီအဖွဲ့ဝင်ဖြစ်ရပြီးရော၊ ဘာရရဆိုပြီး ဝင်ပါကြတယ်။ အရပ်သားများပါသော စစ်ကောင်စီတဲ့။ ပညာရှင်တွေကိုတောင် အကြံပေးခန့်လိုက်သေးတယ်။ ဒါတွေနဲ့ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးစားတယ်။ ဘယ်သူမှ လက်မခံဘူး။ နိုင်ငံရေးတရားဝင်မှုဆိုတာ ရာထူးတွေ၊ ပညာတွေ၊ ဥစ္စာတွေ၊ ရပ်မိရပ်ဖဖြစ်မှုတွေအပေါ် အခြေခံတာမှ မဟုတ်တာ။ ပြည်သူပေးမှ ရတယ်ဆိုတာကို မသိရှာကြဘူး။ လှုပ်လေမြှုပ်လေ ဖြစ်လာတယ်။

(၄) စစ်အုပ်စုဟာ ပြည်သူလုထုနဲ့ ဉာဏ်ရည်ချင်း ယှဉ်မရတော့မှန်း၊ နိုင်ငံရေးတရားဝင်မှု မရနိုင်တော့မှန်း၊ အကြောင်းပြချက်တွေကို ဘယ်သူမှ မယုံကြတော့မှန်း သိလာတဲ့အချိန်မှာတော့ ကမူးရှူးတိုး၊ ပရမ်းပတာနဲ့ လက်နက်ကို အားကိုး၊ အကြောက်တရားနဲ့ ခြိမ်းချောက် ဖိနှိပ်ဖို့ ကြိုးစားလာပါတော့တယ်။ ရဲနဲ့စစ်တပ်ကို အသုံးချပြီး လူသတ်၊ ပစ္စည်းယူ၊ လူတွေဖမ်း၊ ရိုက်နှက်နှိပ်စက်မှုတွေ တစတစနဲ့ ကျူးလွန်လာတယ်။ ဒါတွေဟာ ငြိမ်းခါနီးမီးတောက်၊ သေခါနီးကျားတကောင်ရဲ့ နောက်ဆုံး လူးလွန့်မှုတွေပဲ။ ဒီလိုလူသတ်သမားတွေနဲ့ ဒိုင်ယာလော့ခ်လုပ်လို့ မရတော့ဘူးဆိုတာ နိုင်ငံတကာနဲ့ အများပြည်သူကို သက်သေပြလိုက်ပြီး ဖြစ်သွားပါပြီ။ လူမိုက်တို့ရဲ့ သွားရာလမ်းကို စစ်အုပ်စုနဲ့ စစ်အုပ်စု အပေါင်းအပါတွေအားလုံးက ရွေးချယ်လိုက်ကြတာပါ။

(၅) နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အမှားနဲ့ အမှန် ဒီဇာတ်လမ်းမှာ အမှန်တရားအတွက် ရပ်တည်ဖို့ အချိန်မှီပါသေးတယ်။ CDM လုပ်ပြီး ရုန်းထွက်ကြပါ။ ပြည်သူ့သစ္စာ ခံယူကြပါ။

(၆) တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ CDM ပြုလုပ်ခြင်း၊ တပ်တွင်းအာဏာဖီဆန်ခြင်း၊ တပ်တွင်းပုန်ကုန်ခြင်းပြုလုပ်ကြပါ။ ကိုယ်ကျိုးစီးပွားအတွက် တပ်နဲ့ရဲကို ထိုးကျွေးနေတဲ့ ဉာဏ်ရည်နိမ့် တပ်မှူးတွေအတွက် ပြည်သူကကျွေးသော ထမင်းကို စား၍ ပြည်သူကပေးသော ကျိန်စာကို ခံစားရကာ ကျည်လိုက်လာချိန်ကို မစောင့်ပါနဲ့။ အာဏာရူးကို ကာကွယ်ဖို့ မိသားစုဝင်တွေနဲ့ မျိုးဆက်တွေကို မရင်းပါနဲ့။ ပြည်သူ့သစ္စာ စောင့်သိပါ။

မည်သို့ဆိုစေ နွေဦးတော်လှန်ရေးရဲ့ အနိုင်အရှုံးရလဒ်ကတော့ အဖြေထွက်ပြီးသားပါ။ ရလဒ်ပီပြင်စွာ ထွက်ပေါ်လာချိန်ကို လက်ရှိလုပ်ငန်းဆောင်တာတွေ စဉ်ဆက်မပြတ် ဆက်လုပ်ရင်း သွေးအေးအေးနဲ့ စောင့်ကြဖို့ပါ။ ခြေအကြွမှာ ကန်ချခံနေရတဲ့ စစ်အုပ်စုရဲ့ ပွဲသိမ်းဇာတ်လမ်းကို တွေ့မြင်ကြရတော့မှာပါ။ လှုပ်လေ၊ မြှုပ်လေနဲ့ ဆန့်တငင်ငင် မြေမျိုနေတဲ့ မြင်ကွင်းကို တွေ့နေကြရပြီ မဟုတ်ပါလား။

တွက်စရာမလိုတော့တဲ့ အဖြေထွက်ပြီးသား ပုစ္ဆာပါ။

ဒို့ပြည်သူတွေ နိုင်တော့မလားဟေ့။
နိုင်တော့မယ်ဟေ့၊ နိုင်မယ်ဟေ့။

ခင်မမမျိုး (၅၊ ၃၊ ၂၀၂၁)