Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၆ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၂၈၊ ၂၀၂၁

ယနေ့ကျဆုံးသူပေါင်း - ၂၃
ကလေး - ၅၊ မန္တလေး - ၃၊ မုံရွာ - ၃၊ မြင်းခြံ - ၃၊ တောင်ဒဂုံ - ၂၊ ပဲခူး - ၁၊ နေပြည်တော် - ၁၊ ပုသိမ် - ၂၊ သာကေတ - ၁၊ ဖားကန့် - ၁၊ တောင်ကြီး - ၁။

မှုန်မှိုင်းနေတဲ့ မြန်မာ့နိုင်ငံရေး ရာသီဥတု

ခုရက်ပိုင်း ရာသီဥတုကိုယ်၌က မနက်ခင်း မြူတွေကျပြီး မှုန်မှိုင်းနေတဲ့ မနက်ခင်းမျိုး ကြုံတွေ့နေရသလို နိုင်ငံရေး ရာသီဥတုကလည်း ဆိုးမယ့် ရှေ့အလားအလာမျိုး မြင်တွေ့နေရပြီး သာယာမှုမရှိတဲ့ ရာသီဥတုမျိုးဖြစ်နေပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကို လူထုရဲ့ ဆန့်ကျင်မှု ၊ စစ်အာဏာရှင်စနစ်ကို လက်မခံဆန့်ကျင်မှုတို့က ဝန်ထမ်းတွေ၊ သာမန်လူတွေ၊ ရဲဝန်ထမ်းအချို့နဲ့ ထွေအုပ်ဝန်ထမ်းအချို့ကပါ ပါဝင်လာပြီး အခုလို စစ်အာဏာရှင် ဆန့်ကျင့်ရေး လူထုလှုပ်ရှားမှုကို နေ့စဥ်ရက်ဆက် အရှိန်မြှင့်လာခဲ့ကြရာက ခုရက်ပိုင်းမှာတော့ မြို့တွင်း ခုခံစစ်ရဲ့ အသွင်သဏ္ဌန်ပိုလို့ ပီပြင်လာနေပါတယ်။ မန္တလေးမြို့မှာ၊ ကလေးမြို့ တာဟန်းရပ်ကွက်မှာ၊ ရန်ကုန် သာကေတ၊ လှိုင်မှာ၊ မော်လမြိုင်မြို့ မှာ ၊ တောင်ကြီးမှာ စတဲ့ စတဲ့ သဲအိတ်ကာ ၊ ခံတပ်သဖွယ်ဆောက်ပြီး ခုခံမှုတွေက မြို့ပေါ်က ပျောက်ကြားစနစ်ရဲ့ အစဦးလေလားလို့ ယူဆရပါတယ်။

လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းဟာ ဥပဒေတွေ၊ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာတဲ့ အဖွဲ့အစည်းမဟုတ်တော့ပဲ သတ်ချင်တဲ့သူကို သတ်လို့ရတယ်၊ လုချင်တာလုလို့ရတယ်၊ ပစ်ချင်တဲ့နေရာ ပစ်လို့ရတယ်၊ ဖျက်ဆီးချင်တဲ့ဟာကို ဖျက်ဆီးလို့ရတယ်ဆိုတာမျိုး နေရာတိုင်းလိုလိုမှာ ပြုမူကျင့်ကြံလာတာကြောင့် လက်နက်ကို လက်နက်နဲ့ တုံ့ပြန်ခုခံမှရတော့မယ်ဆိုတဲ့ အမြင်ဘက်ကို လူထုထဲက လူငယ်တွေက လက်နက်ကိုင်တော်လှန်လို့ရမယ့် နယ်မြေကို သွားမယ်ဆိုတာမျိုးလည်း ခုဖြစ်ပွားနေသလို၊ ကျန်တဲ့ လူငယ်တွေလည်း မြို့ပေါ်မှာခုခံပြန်တိုက်ခိုက်မယ် ဆိုတဲ့ အမြင်တွေပိုကျယ်ပြန့်လာနေပါပြီ။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ချေမှုန်းလိုကြတဲ့သူတွေက ပြည်တွင်းရော ပြည်ပမှာပါ ဖက်ဒရယ်တပ်မတော်ဆိုတာကို မျှော်လင့်တကြီး ပြောဆိုနေကြတာလည်း ကြားနေရပါတယ်။ လက်နက်ကိုင် အဖွဲ့တဖွဲ့ တပ်မတော်တခု ပေါ်လာဖို့ဆိုတာ နေ့ချင်းညချင်း မဖြစ်နိုင်ဘူးဆိုတာ သိပင်သိသော်ငြားလည်း လူထုရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒရှိနေတာ အပြင်ပန်းမှာတောင် မြင်တွေ့နိုင်ပါတယ်။

ဒီအခြေအနေတွေဟာ မြန်မာနိုင်ငံ အနာဂတ်အတွက် မကောင်းဘူးဆိုတာကိုလည်း နားလည်ကြပေမယ့် ခုလို အခြေအနေရောက်အောင်၊ လူတွေ အကြမ်းဖက်ချင်လာအောင် ပြုမူသူ ရက်စက်အနိုင်ကျင့် ခြေမှုန်းဖို့ အမိန့်ပေးသူ စစ်ကောင်စီက သမိုင်းမှာ အဓိက တာဝန်ရှိမှာဖြစ်ပါတယ်။

နိုင်ငံမှာ ဖြစ်နေ ရှိနေပြီးသား ပြည်တွင်းစစ်မီးပိုကျယ်ပြန့်လာအောင် လုပ်ဆောင်တာ အတွက် စစ်တပ်အာဏာသိမ်းသူတွေမှာ တာဝန်အပြည့်ရှိနေတာပါ။ အလွယ်ဆုံးပြောရရင် သမိုင်းတရားခံဟာ အာဏာသိမ်းစစ်တပ်ပဲ ဖြစ်ပါတယ်။

ခုရက်ပိုင်း ရန်ကုန်မြို့ ကို လှည့်ပတ်ကြည့်တဲ့အခါ ကိုဗစ်ကန့်သတ်မှုတွေ အကြပ်တည်းဆုံး ပြီးခဲ့တဲ့ စက်တင်ဘာလက ရန်ကုန်မြို့မှာ အသွားအလာ နည်းပါးတဲ့အခြေအနေထက်ကို ပိုပြီး ရှင်းလင်းနေတာ တွေ့ရပါတယ်။ စက်တင်ဘာလတုန်းက သွားလာခွင့်ရှိတဲ့ လုပ်ငန်း သွားလာခွင့်ရှိတဲ့ အသက်မွေးဝမ်းကျောင်း ပြုသူတွေကလွဲလို့ အပြင်သွားခွင့်မပြုခဲ့တဲ့ အချိန်ကထက် ခု အခြေအနေက ပိုပြီး အသွားအလာနည်းပါးတာတွေ့ရပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့နယ် အချို့မှာ ဖြစ်ပွားနေတဲ့အဖြစ်အပျက်တွေကို သတင်းတွေထဲ ဆိုရှယ်မီဒီယာစာမျက်နှာမှာ မြင်ရတာတွေက အညှာအတာမဲ့စွာ မြေလှန်ဖျက်ဆီးတာတွေ ရိုက်နှက်တာတွေ၊ စောကြောမှုမရှိပဲ သေနတ်နဲ့ ပစ်သတ်တာတွေကြောင့် ရန်ကုန်မြို့ဟာ လူအသွားအလာ မရှိသလောက်နီးပါး နည်းပါးတာတွေ့ရပါတယ်။ ဘတ်စ်ကားလိုင်း တချို့ထွက်တာတွေ့ရပေမယ့်လည်း ကားမှာ ခရီးသည်ပါတယ်ဆိုရုံသာ ပါပြီး ညနေ ၆ နာရီဝန်းကျင်လောက်ဆိုရင်ပဲ လမ်းသွားလမ်းလာ လမ်းလျှောက်သူ မရှိသလောက် နည်းပါးသွားပြီး မြို့ပျက်သဖွယ် ခံစားရပါတယ်၊ မမှောင်သေးပေမယ့် အသွားအလာမရှိတဲ့ မြို့ကြီးသဖွယ် လမ်းဆုံလမ်းခွတွေမှာ ကားတာယာတွေစုပုံမီးရှို့ထားလို့ မဲနက်နေတဲ့ ကားတာယာပြာတွေနဲ့ တာယာထဲက သံကြိုးမျှင်တွေကိုသာတွေ့ရပါတယ် ၊ တာမွေ၊ သာကေတ၊ အင်းစိန်၊ လှိုင်တို့တင်မကပဲ ကြည့်မြင်တိုင်၊ အလုံစတဲ့ မြို့နယ်တွေမှာလည်း အလားတူဖြစ်ပါတယ်။

ဒီမြင်ကွင်းကို မြင်တွေ့ရသလို မြို့ခံတွေအနေနဲ့လည်း မကြာခင် ပြည်တွင်းစစ်တွေ ဖြစ်လာတော့မလားဆိုတဲ့ ကောလဟလ သတင်းတွေကြောင့် စိုးရိမ်သူတချို့လည်း ရှိနေတာအမှန်ပဲဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ ခတ္တခဏအားဖြင့် တိမ်းရှောင်ပြီး နယ်မြို့မှာ သွားနေတဲ့ ရန်ကုန်မြို့ခံအချို့လည်း ရှိပါတယ်။ အချို့လည်း ခတ္တတိမ်းရှောင်နေရမလား ခုထက်ဆိုးရွားတဲ့ အခြေအနေမျိုးဖြစ်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြို့ခံအချို့အကြားမှာ ဖြစ်ပေါ်နေတာပါ။

ဒါက ရန်ကုန်မြို့ အခြေအနေပါ၊ အလားတူ မန္တလေးမြို့၊ ကလေးမြို့၊ တောင်ကြီးမြို့၊ မြင်းခြံမြို့၊ မြိတ်မြို့ တို့လည်း မြို့နေလူထုတွေ စိုးရိမ်မှုတွေ ၊ နာကျည်းမှုတွေ၊ မခံမရပ်နိုင်တဲ့ ခံစားမှုတွေ ရှိနေမှာ မလွဲပါဘူး။

မြန်မာပြည်မှာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုတွေ မြင့်တက်လာတာနဲ့အမျှ ပြည်ပကမြန်မာတွေ၏ နိုးကြားတက်ကြွမှု စစ်အာဏာရှင်စနစ် အပြုတ်တိုက်နိုင်ရေး စိတ်ဓာတ်ပြင်းထန်မှုတွေကလည်း ပိုပြီး မြင့်မားလာပါတယ်။ CRPH GoFundMe ရန်ပုံငွေစာမျက်နှာမှာ ၁၅ရက်အတွင်း လူ ၅သောင်းကျော်ကအလှူ ဒေါ်လာ ၆သန်း ကျော်သွားပါပြီ။ CRPH ကို အလှူခံပေးနေတဲ့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဆီကို တိုက်ရိုက် CRPH အတွက် ငွေသား၊ ချက်လက်မှတ်နဲ့ ပေးအပ်နေကြတာတွေလည်း အများအပြားရှိနိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒီနေ့ညနေ ဆိုရှယ်မီဒီယာပို့စ်မှာ တိုင်ဝမ်က မြန်မာ့အရေးထောက်ခံသူတွေက အဲသည်လိုအွန်လိုင်းကလှူပေးဖို့ ဝန်ဆောင်ပေးသူတွေဆီ အလှူခံဌာနတခုမှာ တန်းစီပြီး လာလှူနေကြတာကို ဓာတ်ပုံရိုက်တင်ထားပါတယ်။

မြန်မာစစ်တပ် ၂၀၁၉ ဘတ်ဂျက်က ၂.၂ ဘီလျံရှိတယ်လို့ ဆိုပါတယ်။ တလကို ၀.၂ ဘီလျံနီးပါး သုံးပါတယ်။ တပ်အင်အားက ပြည်သူ့စစ်တွေ နယ်ခြားစောင့်တွေအပါ အင်အား ၅ သိန်းလို့ ဆိုပါတယ်။ တလကို မြန်မာစစ်တပ်က ၂၀၀ မီလျံ သုံးတဲ့သဘောဆိုတော့ CRPH က တလကို သန်း ၂၀ ဒေါ်လာလိုချင်တယ် Federal Army အတွက်ပြောထားတာတော့ မဆိုးလှဘူးလို့ ဆိုရမယ် ထင်ပါတယ်။

ခင်မမမျိူးကတော့ သူ၏ ပို့စ်မှာ မြို့ပြတော်လှန်ရေးသမားရဲ့ အဓိကရည်မှန်းချက်ကို သည်လို ဆိုထားပါတယ်။ (မြိုပြတော်လှန်ရေးသမားတစ်ယောက်ရဲ့ အဓိက ရည်မှန်းချက်တာဝန်ကတော့ ရန်သူစစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင် ဒေါက်တိုင်တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖရိုဖရဲဖြစ်စေမှု၊ အက်ကြောင်းထစေမှု၊ လူထုတော်လှန်ရေးပေါင်းစပ်နိုင်အောင် ပြင်ဆင်တည်ဆောက်မှုတွေနဲ့ အာဏာရှင်ယန္တရားကို ဖြိုလဲပစ်နိုင်ဖိုပဲ ဖြစ်ပါတယ်။)

(ဓာတ်ပုံ - မြေလတ်အသံဖေ့စ်ဘွတ်)

#MoeMaKaMedia 
#WhatsHappeningInMyanmar