Breaking News

ခိုင်ကြည်သစ် - အာဏာလုသူတစ်ယောက်ရဲ့ နိဂုံး



ခိုင်ကြည်သစ် - အာဏာလုသူတစ်ယောက်ရဲ့ နိဂုံး

(မိုးမခ) မတ် ၂၉၊ ၂၀၂၁


အာဏာလုသူ၊ အာဏာရူးသူတွေရဲ့ နိဂုံးဟာ ဘယ်ခေတ်ဘယ်အခါမှာမှ မလှပခဲ့ပါဘူး။

မြန်မာ့သမိုင်းမှာ အာဏာရူးတဲ့သူ‌ေတွ၊ အာဏာလုတဲ့ အာဏာဓားပြတွေ အများကြီး ပေါ်ထွက်ခဲ့ဖူးပါတယ်။ သူတို့ထဲက တစ်ယောက်ကတော့ အင်း၀ မြို့တည်နန်းတည် "သတိုးမင်းဖျား" ပါ။ မိုက်ချက်ကတော့ ကမ်းကုန်ပဲ လို့ ပြောရလောက်တဲ့အာဏာရူးတစ်ယောက်ပေါ့။

ပုဂံပျက်ပြီး စစ်ကိုင်း၊ ပင်းယ ဆိုတာတွေပေါ်လာတယ်။ သူတို့လည်း ခဏနေတော့ ပျက်ပါတယ်။ မောရှမ်းတွေ ၀င်တိုက်လို့ပါ။ မောရှမ်းဆိုတာ အခု အ လို့သိကြတဲ့ ယူနန်နယ်က ရွှေလီမြစ်ဝှမ်းသားတွေပေါ့။

ပင်းယဘုရင်ကို မောရှမ်းတွေ ဖမ်းခေါ်သွားကြတယ်။ စစ်ကိုင်းဘုရင်ကတော့ အပြေးမြန်လို့ လွတ်သွားပါတယ်။ ဒါပေမယ့် မယားပါသား သတိုးမင်းဖျားက အခွင့်ကောင်းယူပြီး လုပ်ကြံခံရတာပါပဲ။

သတိုးမင်းဖျားဟာ ဘထွေးကို လုပ်ကြံပြီးတဲ့နောက် ပင်းယ ကို အရောက်သွားပြန်ပါတယ်။ ပင်းယမှာက ဘုရင်အဖမ်းခံရချိန်မှာ ဖျာ၀င်ခင်းပြီး ဘုရင်လုပ်နေတာက ဥဇနာ ပါ။ သတိုးမင်းဖျားရဲ့ အမေ့မောင်တစ်၀မ်းကွဲ မို့ ဦးရီးတော် တော်ပါတယ်။ ဦးရီးတော်ကိုလည်း သတ်ပြီး ထီးနန်းလုပြန်ပါတယ်။

အဲဒီနောက် နေပြည်တော်ကို အင်း၀ ဖြစ်လာမယ့်နေရာကို ပြောင်းလာတာပါ။ ၁၃၆၅ ခုနှစ်မှာလို့ မှတ်သားရပါတယ်။ သတိုးမင်းဖျားက အသက် ၂၁ နှစ်သာရှိပါသေးတယ်။

ဘ‌ထွေးနဲ့ ဦးရီးကိုသတ်ပြီး ထီးနန်းလုပြီးတဲ့နောက် အင်း၀မှာ အာဏာတည်ဆောက်တဲ့အခါ ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်ပြန်တာပါပဲ။

နန်းတက်တဲ့နှစ်မှာပဲ ဒီနေ့ခေတ် လယ်ဝေး ဖြစ်တဲ့ ငနွယ်ကုန်းကို တိုက်ပါတယ်။ ငနွယ်ကုန်းစား ဘယကျော်သူ ကို ဖမ်းမိတဲ့အခါ ကိုယ်တိုင်သတ်ပြီး အလောင်းကောင်ပေါ်မှာ ထမင်းပွဲ တင်စားတယ်လို့ မှန်နန်းရာဇ၀င်က ဆိုပါတယ်။ အာဏာရူးပြီး အဲဒီလောက် ထိအောင် စိတ်ဖောက်ပြန်သွားတာပါ။ တစ်ဖက်က လှည့်စဉ်းစားရင် ပြည်သူလူထုကို ကြောက်အောင် ခြောက်တဲ့ ဗျူဟာလည်း ဖြစ်နိုင်ပါတယ်။ "ထိုအကြောင်းကို မှူးမတ်၊ ဗိုလ်ပါတို့ မြင်လေသော် ထိပ်ထွက်သွေးကို သောက်အံ့သကဲ့သို့ အလွန်ကြောက်ရွံ့ခြင်း ပြင်းစွာ ဖြစ်ကုန်၏" မှန်နန်းရာဇ၀င်မှာ စာတင်ထားပါတယ်။

တခါမှာတော့ မုန့်သည်မဆီက ငွေတွေ လိမ်ယူသွားတယ်လို့ စွတ်စွဲခံရတဲ့ သင်္ဃန်း၀တ်ကို ကိုယ်တိုင်စစ်မေးပြီး ကိုယ်တိုင် ဓားနဲ့ခုတ်သတ်လို့ နန်းတော်ကြမ်းကို ဖွင့်ပြီး အောက်ပစ်ချလိုက်ပါသတဲ့။ မှန်နန်းရာဇ၀င်မှာ ရှင်ပျက်ကို ကွပ်မျက်ခြင်း လို့ ခေါင်းစဉ်တပ် မှတ်တမ်းပြုထားပါတယ်။ "လက်တော်နှင့် ကွပ်ပြီးလျှင် နန်းကြမ်းကို ဖွင့်၍ ချလေ၏" တဲ့။ အဲဒါ အာဏာရူးတွေရဲ့ တရားဥပဒေ စိုးမိုးရေးပါပဲ။ ဥပဒေနှင့်အညီ ဆိုတာပါပဲ။

သတိုးမင်းဖျားအကြောင်းပြောရင် ငတက်ပြားက မပါမဖြစ်ပါ။ အာဏာရူးတွေဟာ သူ့ကိုမကြောက်ဘဲ နင်လားငါလား အံတုသူတွေကိုတော့ ကြောက်တတ်ပုံရပါတယ်။ သူခိုးကြီး ငတက်ပြားကို ဖမ်းမိပြီး စီရင်ခါနီး၊ "နင့်ကိုသတ်မယ်၊ ပုစိန်၊ ဓား၊ လှံ၊ တံကျင် ဘာကိုလိုချင်သလဲ" မေးတော့ ငတက်ပြားက "စောဥမ္မာ" ကို လိုချင်တယ်လို့ မထီမဲ့မြင် ဖြေပါတယ်။ စောဥမ္မာဆိုတာ ငတိုးမင်းဖျားရဲ့ အသည်းစွဲ မိဘုရားပါ။ အဲဒီလို မောက်ကျော်စော်ကားပေမယ့် သတ္တိဗျတ္တိကို သဘောကျတယ်ဆိုပြီး ငတက်ပြားကို မသတ်ဘဲ ချီးမြှင့်မြှောက်စားခဲ့ပါတယ်။ လူမိုက်မွေးတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ နောက်ပိုင်း တောင်တွင်းကြီးစား သီဟသူက ပုန်ကန်ခြားနားလို့ သတိုးမင်းဖျားက မြို့ကို ပိတ်ဆို့ထားတုန်း ‌ငတက်ပြားက မြို့ထဲ၀င်ပြီး အကောက်ကြံပေးခဲ့ပါတယ်။

သတိုးမင်းဖျားဟာ စကု ကို သွားတိုက်ရင်း ကျောက်ရောဂါနဲ့ နာဖျားပါတယ်။ အလိုလောဘကြီးတဲ့ သတိုးမင်းဖျား ဟာ စစ်လည်းမနိုင်၊ လူကလည်း သေကောင်ပေါင်းလဲ ဖြစ်နေချိန်မှာတောင် လူသတ်ဖို့ အားကုန်ထုတ်သုံးပါတယ်။
 
ကိုယ်ရံတပ်မှူး "ငနု" ကို အင်း၀ပြန်လွှတ်ပြီး မိဖုရား စောဥမ္မာ ကို သုတ်သင်ခိုင်းတာပါ။ သူသေမှာ သိပြီမို့ သေပြီးတဲ့နောက် စောဥမ္မာကို သူများ ရသွားမှာ စိုးရိမ်လို့ပါ။ မှန်နန်းရာဇ၀င်မှာ "မင်းကြီးလည်း အတွင်းသင်းမှူး ငနုကို ခေါ်တော်မူ၍ 'ငနု ငါသည် အနာမှ ထမြောက်တော် မူနိုင်မည် မထင်၊ ငါမရှိလျှင် ငါ့မိဖုရား စောဥမ္မာကို သယ မိဖုရားမြှောက်တော့မည်၊ ငါနှမြောတော်မူသည်၊ နင် လှေလျင်နှင့် သွား၍ သတ်ချေ' ဟု စေတော်မူ၏" လို့ မှတ်တမ်းပြုပါတယ်။ အာဏာလုတဲ့သူတွေရဲ့ သရုပ်သကန်ပါ။ "သေခါမှလျော့မယ်" ဆိုတဲ့ထဲတောင် မပါပါဘူး။ ဒါကြောင့် အာဏာရှင်တွေ တချိန်ချိန်မှာ နောင်တရသွားမယ်၊ အသိ၀င်သွားမယ် ဆိုတာ ယုံတမ်းစကားပါ။ တချို့ အာဏာရှင်တွေသေခါနီး တရားရသွားတယ်ဆိုတာလည်း ဝါဒဖြန့်ချက် သတ်သတ်ပါ။

အာဏာရှင်တွေဟာ "ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်" ဆိုတဲ့ တစ်ချက်လွတ်အမိန့်တွေ လက်နက်အားကိုးနဲ့ စိတ်ထင်တိုင်းထုတ်နိုင်ကြ၊ ထုလည်းထုတ်ကြပါတယ်။ မင်းဘုရင်တွေရဲ့ စကားဟာ မိုးကြိုးသွားလို ထက်တယ်မဟုတ်လား။ ဒါပေမယ့် အင်း၀နန်းကို တည်ထောင်သူ အာဏာရှင်ကြီး သတိုးမင်းဖျားရဲ့ သေခါနီး နောက်ဆုံး အမိန့်ဟာ အာဏာမတည်ခဲ့ပါဘူး။ အဖြစ်က ဒီလိုပါ။

သူလွှတ်လိုက်တဲ့ ကိုယ်ရံတော် တပ်မှူး ငနု စောဥမ္မာဆီရောက်ပြီး လုပ်ကြံတော့မယ် ဆိုတဲ့အခါ စောဥမ္မာက ငနုကို သိမ်းသွင်းပါတယ်။ စကားက တစ်ခွန်းတည်းပါ။ "ငနုငယ် နင် ယောင်္ကျား မဟုတ်သလော" တဲ့။ ခေါ်ပုံပြောပုံက "ငနု" တောင်မဟုတ်ပါဘူး။ "ငနုငယ်" တဲ့။

ဒီလိုနဲ့ ငနု ဟာ သူ တစ်သက်လုံး သစ္စာခံခဲ့တဲ့ အာဏာရှင် သတိုးမင်းဖျားရဲ့ အမိန့်ကို မထီမဲ့မြင်လုပ်ပါတော့တယ်။ စောဥမ္မာနဲ့ ရွှေလက်တွဲပြီး အင်း၀ကနေ စစ်ကိုင်းဘက်ကူးလို့ တစ်စင်ထောင် ခြားနားပါတော့တယ်။

အာဏာလုတဲ့ သတိုးမင်းဖျားရဲ့ ဇာတ်သိမ်းကတော့ အဲဒါပါပဲ။ သူ အသက်ထွက်လုလုအချိန်မှာတောင် "သူ့အသက်ကို ကာကွယ်ပေးခဲ့တဲ့ ကိုယ်ရံတော်တပ်မှူး" ဆိုသူက နောက်ကျောကို ဓားနဲ့ ထပ်ထိုးတာကို ခံခဲ့ရတာပါ။ ဘယ်လောက် နာကျင်လိုက်လေမလဲ စဉ်းစားသာ ကြည့်ကြပါတော့။ စစ်ပမ်းပြီး ကျောက်ရောဂါနဲ့ အနာသည်းချိန်မှာမှ အူနုကို ကျွဲခတ်တာ ခံရပြန်သေးတယ် မဟုတ်လား။ ဒါပေမယ့် တဖက်ကကြည့်ရင် ဒါဟာ သတိုးမင်းဖျားနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ပါပဲ။

သတိုးမင်းဖျားရဲ့ ရာဇ၀င်ကနေ အနှစ်ချုပ်ပြီး သင်ခန်းစာ ထုတ်စရာတွေ အများကြီးပါ။ အာဏာလုသူတွေဟာ ထီးနန်းစည်းစိမ်ဆိုတဲ့ အာဏာရမ္မက်အတွက် ဆွေမျိုးရင်းချာကို သတ်ဖို့လည်း ၀န်မလေးပါဘူး။ ပြည်သူ့အသက်ကိုဆို ပိုလို့တောင် တန်ဖိုးမထားပဲ သတ်ဖြတ်ကြပါတယ်။ သတ်လိုက်တာမှ သေခါနီးတာတောင် လူသတ်တာ မရပ်ချင်ကြပါဘူး။ အဲဒီလို လူသတ်ပြီး တည်ဆောက်တဲ့ အာဏာဟာ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်အောက်မှာတောင် ထင်‌သ‌လောက် မခိုင်မာပါဘူး။ သတိုးမင်းဖျားရဲ့ အမိန့်ကို ငနုက ဖီဆန်ခဲ့တာ သက်သေပါပဲ။ အာဏာစက် ဘယ်လောက်ပြင်းပြင်း၊ အချိန်တန်ရင် ကိုယ့်ဓားနဲ့ ကိုယ်ပြန်ပြီး အထိုးခံရနိုင်တယ် ဆိုတာကလည်း သင်ခန်းစာထုတ်ယူစရာပါ။

မျက်မှောက်ခေတ်မှာ သတိုးမင်းဖျားတွေ၊ ငနုတွေ၊ စောဥမ္မာတွေ မဖြစ်ကြဖို့ သမိုင်းက သင်ခန်းစာ ထုတ်ယူနိုင်ကြပါစေ။ အာဏာလုသူ၊ အာဏာရူးသူတွေရဲ့ နိဂုံးဟာ ဘယ်ခေတ်ဘယ်အခါမှာမှ မလှပခဲ့ပါဘူး။

ခိုင်ကြည်သစ်

#MoeMaKaMedia 
#WhatsHappeningInMyanmar