မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၄ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၄ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၂၆၊ ၂၀၂၁စစ်တပ်က သူတို့ရဲ့ မတ်လ၂၇ရက်နေ့ ဖက်ဆစ်တပ်မတော်နေ့အခမ်းအနား စစ်ရေးပြကို ပြည်တွင်းပြည်ပ ဖိတ်ကြားပါတယ်။ ရုရှားက စစ်အရာရှိတဦး တက်ရောက်မယ်လို့ စစ်တပ်ကဝမ်းသာအားရထုတ်ပြန်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီက ထုတ်ပြန်ချက်တွေ မကြားရပေမယ့် KNU ကတော့ စစ်တပ်က နိုင်ငံရေးထဲက ထွက်ဖို့ လိုကြောင်း ထုတ်ပြန်ချက် ထွက်လာတယ် ဆိုပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြားခံဆက်သွယ်မှုနဲ့ တွေ့ဆုံဖို့ တောင်းဆိုလာတာကို ကရင်အမျိုးသားအစည်းအရုံး KNU က ငြင်းပယ်လိုက်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံရေးကနုတ်ထွက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းကာ အာဏာလွှဲပြောင်းပေးဖို့ကို တောင်းဆိုထားပါတယ်။
စစ်တပ်အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် မတ်လ ၂၅မှာ တောင်ကြီးက ၄ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၁ ဦး သေဆုံး။ မတ်လ ၂၆မှာ မြိတ်မြို့ ၄ ဦးအပါအဝင် ၇ ဦး ကျဆုံးပါတယ်။ စစ်တပ်က ဖမ်းဆီးနှိပ်စက်မှုတွေလည်း ကျုးလွန်နေတာ ရပ်မသွားပါဘူး။ မန္တလေးမြို့ ၅၅လမ်း ၃၀ ကံကောက်က CDM ဝန်ထမ်း၊ ယာဉ်မှူးစစ် ဦးလှမိုး စစ်ကြောရေးပါသွားပြီး မတ် ၂၅ မှာ အလောင်းလာပို့ခံရဟု မန္တလေးသပိတ်အဖွဲ့ဝင်တချို့ဆိုရှယ်မီဒီယာမှာ ရေးထားပါတယ်။ စစ်တပ်က မန္တလေး၊ တောင်ကြီး၊ မြိတ်၊ အောင်ပန်း၊ ရန်ကုန် စတဲ့မြို့တွေအပါအဝင် နေရာတိုင်းမှာ မြို့တွေထဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စေလွှတ်လိုက်သူတွေ ရောက်နေတယ်ဆိုတဲ့ ဝါဒဖြန့်အမိန့်စကားနဲ့ ဆင်ခြေပေးပြီး လူထုကို ချေမှုန်းနေတာလို့ ဆိုပါတယ်။ မတ်လ ၂၇ ရက်နေ့ကိုလည်း မြန်မာပြည်သူအားလုံးက ဖက်ဆစ်တော်လှန်ရေး အားလုံးစုဝေး၊ နည်းနာမျိုးစုံနဲ့ ခုခံကြ တိုက်ပွဲဝင်ကြဖို့လို့ ကြွေးကြော်ထားကြပါတယ်။
ခက်ခဲကြမ်းတမ်းတဲ့ အကျအဆုံးတွေများတဲ့ အကြမ်းမဖက် CDM ဝန်ထမ်းသပိတ်အတွက် အားတက်စရာ သတင်းတခုကတော့ နော်ဝေက ၂၀၂၂ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် CDM - အာဏာဖီဆန်ခြင်းလှုပ်ရှားမှုကို အမည်တင်သွင်းခံရခြင်း ဖြစ်ပါတယ်။ စီဒီအမ်အတွက် ပြည်တွင်း ပြည်ပက ထောက်ခံအားပေးနေကြတဲ့ ပြည်သူလူထုအတွက်လည်း ဂုဏ်ယူဝင့်ကြွားစရာလည်း ဖြစ်ပါတယ်။ CRPH လှုပ်ရှားမှု ရပ်တည်မှုများအတွက်လည်း နိုင်ငံတကာက ထောင့်ပေါင်းစုံက ထောက်ခံမှုတွေ တိုးလာတာကို တွေ့ရပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီနဲ့မတ်လမကုန်ခင် ၂လ မပြည့်မီအတွင်း မြန်မာပြည်၏ ဖယ်ဒရယ်နှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုဟာ အရှိန်အဟုန်ဘယ်လောက်ကြီးမားသွားလဲဆိုတာ တွေ့နိုင်ပါတယ်။ GoFundMe က ခေတ္တဆိုင်းသွားတဲ့ CRPH Fund Raising ကို ပြန်လည်စတင်လိုက်တာနဲ့ အဲသည် ၂ ရက်အတွင်း ၃ဆကျော် လူတွေက ဝိုင်းလှူကြပါတယ်။ လု ၂သောင်းကျော်က ဝိုင်းလှူတာ ဒေါ်လာ ၂ သန်းကျော် သွားပါပြီ။ ပြန်မစခင်က ဒေါ်လာ ၆ သိန်းနဲ့ လူ ၇ထောင်အလှူပဲ ရှိခဲ့ရာကနေ အဲသည်လို တိုးသွားတာ ဖြစ်ပါတယ်။
ပြည်ပက မြန်မာကွန်မြူနီတီတွေက သူတို့ဒေသအလိုက် သူတို့အစုအဖွဲ့လိုက် စုဝေးချိတ်ဆက်ကြပြီး CRPH Support Team တွေ လုပ်ကြပါတယ်။ သူတို့သန်စွမ်းရာအလိုက် ကူညီလုပ်ဆောင်နေကြတာတွေကိုလည်း ကွန်ယက်အဖြစ် ချိတ်ဆက်ပြီး မျှဝေတိုင်ပင်ဆွေးနွေးကြပါတယ်။ CRPH အဖွဲ့ဝင်တွေ နိုင်ငံတကာတာဝန်ခံတွေကို ဆက်သွယ်ပြီးတော့လည်း ဆောင်ရွက်ကြတယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားတွေ လူမျိုးစုံတွေနဲ့ ဖွဲ့စည်းလာမယ့် ဖယ်ဒရယ်အာမီကြိးကိုလည်း စိတ်အားထက်သန်စွာ မျော်လင့်ကြပါတယ်။ ငွေကြေးထောက်ပံ့မှုတွေ လူအင်အားတွေအပြင် ကျွမ်းကျင်ရာနယ်ပယ်အလိုက် နိုင်ငံတကာအရေးမှအစ နေရာစုံ ထောင့်စုံကနေ ဝိုင်းဝန်းစဉ်းစားအကြံပေး ကူညီကြတဲ့ ပညာရှင်တွေ၏ အင်အားတွေ အကူအညီတွေလည်း စုဆောင်းပြင်ဆင်ထားကြဖို့ လိုတယ် ဆွေးနွေးကြဖို့ လိုတယ်လို့လည်း တိုက်တွန်းကြတာတွေ ရှိပါတယ်။ အကောင်းဆုံးကိုသာမက အဆိုးဆုံးကိုလည်း ကြိုတင် တွက်ချက် ပြင်ဆင်ထားကြဖို့ကို ညီညီညွတ်ညွတ်တစုတစည်းတည်း လုပ်ကြရမယ်လို့ ပြောကြပါတယ်။
စစ်ကို ရှောင်လွှဲလို့ မရတော့ရင် စစ်နဲ့ နိုင်ငံရေးကို ဖြေရှင်းရတော့တာပဲလို့ ဆိုပါတယ်။ "စစ်ဟူသည် နိုင်ငံရေးကို အခြားနည်းဖြင့် ဆက်လက်ဆောင်ရွက်ခြင်းဖြစ်သည်" ဟု ပရပ်ရှားစစ်ဗိုလ်ချုပ်နှင့်စစ်ပါရဂူ ကားလ်ဗွန်ကလောဝဇ် က ဆိုပါတယ်။ အချို့ကလည်း မြန်မာစစ်တပ်ဆိုတာ တသက်လုံး စစ်ပဲတိုက်လာတာ ဒီလို စစ်တိုက်လာတာကို သူတို့က ပိုကြိုက်မှာပေါ့လို့ မှတ်ချက်ပေးပါတယ်။ တချို့ကတော့ မြန်မာစစ်သားတွေဟာ စစ်သားတွေမဟုတ်ဘဲ လက်နက်အားကိုး ဗိုလ်ကျနေတဲ့ သူခိုးဓမြသာသာမို့ ပြည်သူလူထု၏ ပြည်သူ့စစ် ပြောက်ကျားစစ်ကို ခံနိုင်မှာမဟုတ်လို့ သုံးသပ်ကြပါတယ်။ မြန်မာစစ်တပ်ဟာ တလျောက်လုံး လက်နက်မရှိတဲ့ တိုင်းရင်းသားတွေ လူနည်းစုတွေကို တဖက်သတ်လက်နက်ကိုင် အကြမ်းဖက်သတ်ဖြတ်ပြီး ဖိနှိပ်ခဲ့တယ်၊ လူမျိုးစုတွေ အချင်းချင်း မညီညွတ်အောင်လည်း သွေးခွဲအုပ်ချုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် တိုင်းရင်းသားတွေဖက်က အချင်းချင်းတွေ ချိတ်ဆက်ကြပြီး လက်နက်ကိုင်ပြီး ပြန်တွန်းလှန်ကြရတဲ့ သမိုင်းကပေးတဲ့အသိသင်ခန်းစာကို ယခု ပြည်မက မြန်မာလူမျိုးပေါင်းစုံက သိရှိသွားပြီ ဖြစ်တယ် ဆိုနိုင်ပါတယ်။ စစ်တပ်က နောက်မဆုတ်တော့ရင် သည်တခါ မြန်မာပြည်သူတွေကလည်း သူတို့လက်ထဲမှာ ညီညွတ်ရေးလက်နက်၊ စိတ်ဓာတ်အင်အားလက်နက်၊ လူထုအင်အားအပြင် ခုခံလက်နက်ကိုပဲ တပါတည်း ကိုင်စွဲပြီး ဆက်တော်လှန်ရမယ်ဆိုတဲ့ အသိစွဲသွားပြီလို့ ထင်မြင်မိပါတယ်။ ဆက်လက် စောင့်ကြည့်ကြပါဦးမယ်။
(photo - from facebook post , Myanmar Junta through the eye of Myanmar eight year old)
#MoeMaKaMedia
#WhatsHappeningInMyanmar
#MoeMaKaMedia
#WhatsHappeningInMyanmar