မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၅ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၅ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၂၇၊ ၂၀၂၁မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့မှာ တပြည်လုံး ဆန္ဒ့ပြပွဲတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နှင်းရာမှာ လူ ၁၁၁ ဦး သေဆုံးပါတယ်။ ရန်ကုန်မှာ ၁၇ ဦး မန္တလေး ၁၃ ဦး နဲ့ ကျောက်တခါး ၈ ဦး ကျဆုံးခဲ့ပါတယ်။ နွေဦးတော်လှန်ရေးအတွက် အပြင်းထန်ဆုံး သွေးမြေကျမှု ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ မှတ်တမ်းတွေအရ စစ်တပ်က ကားနဲ့လှည့်ပြီး လမ်းပေါ်နဲ့ လမ်းဘေးက သာမန်သွားလာနေတဲ့ ပြည်သူတွေကိုပါ သွေးအေးအေးနဲ့ ပစ်သတ်တာတွေ မြင်တွေ့ရပါတယ်။ အခုချိန်မှာ သေဆူံးသူ စုစုပေါင်း ၄၀၀ ကျော်သွားပါပြီ။ ထိခိုက်ဒဏ်ရာရသူတွေကို စစ်သားတွေက လမ်းပေါ်မှာ တရွတ်တိုက်ဆွဲခေါ်ပြီး ကားပေါ်တင်သွားကြပါတယ်။ အနောက်နိုင်ငံနဲ့ မဟာမိတ် ၁၂ နိုင်ငံက ကာကွယ်ရေးဦးစီးချုပ်တွေက မြန်မာစစ်တပ်ကို ကန့်ကွက်ကြောင်း စာထုတ်ပြန်ပါတယ်။
စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းဖို့၊ အောင်ပွဲရဖို့အတွက် ရေတိုတိုက်ပွဲ ရေရှည်တိုက်ပွဲပြင်ဆင်ထားသင့်ပြီလား လို့ တချို့ကလည်း ဆွေးနွေးပြောဆိုနေကြပါတယ်။ ၁၉၅၈/၆၂ ကတည်းက မြန်မာနိုင်ငံမှာ အမြစ်တွယ်လာတဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ရာမှာ သက်ဆိုင်တဲ့ အင်အားစုတွေ ညီညွတ်ဖို့ ၊ အချိန်ကိုက် တွန်းလှန်ကြဖို့လိုတယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းကြမယ် မထင်ပါ။
အဲလိုဆိုရင် ပြဿနာအတွက် အဖြေရှိနေတယ်ဆိုရင် အဲဒီအဖြေပါ အခြေအနေနဲ့ ပြည့်စုံဖို့ ဘယ်လိုစုစည်းကြမလဲ၊ ဘယ်လိုဖြည့်ဆည်းကြမလဲဆိုတဲ့ လက်တွေ့ကျတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။
သမိုင်းမှာ ကြည့်လိုက်ရင် စစ်အာဏာရှင် စနစ်က ပြဿနာဆိုတာကို ယေဘုယျ လက်ခံကြပေမယ့် အင်အားစု အသီးသီးထဲက အဖွဲ့အစည်းတွေက တခါတရံ စစ်အာဏာရှင်တွေနဲ့ ယာယီအားဖြင့် တိုက်ခိုက်မှု အားပြိုင်မှု ရပ်စဲထားလိုက်ကြတာ၊ ဒါမှမဟုတ် မိမိတို့ အားနည်းနေချိန်မှာ ယာယီအားဖြင့် မတွန်းလှန်နိုင်ကြတာနဲ့ မြန်မာနိုင်ငံသမိုင်းမှာ စစ်အာဏာရှင် စနစ်က သက်တမ်းရှည်ကြာလာခဲ့တာ လည်းဖြစ်ပါတယ်။
တခါတရံမှာ စစ်အာဏာရှင်တွေကို ယဥ်ကျေးသွားအောင် စည်းရုံးနိုင်မယ်လို့ ယူဆကြတဲ့ အခြေအနေမျိုးလည်း ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ကုန်ထိ အဲဒီလို ယူဆမှုမျိုးနဲ့ ဆက်ဆံခဲ့ကြတယ်လို့ ဆိုရင်မှားမယ်မထင်ပါ။
အမှန်တကယ်တော့ လွတ်လပ်ရေးရပြီးနောက် မြန်မာ့နိုင်ငံရေး တလျှောက်လုံး မြန်မာ့စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးအရ အယူအဆမတူကွဲပြားမှုကြောင့် လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်ခဲ့ကြတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (အလံဖြူ) နဲ့ အလံနီကွန်မြူနစ်ပါတီတွေကို တိုက်ခိုက်ရင်း တပ်က နိုင်ငံရေးသမားတွေကို နိုင်ငံရေးနယ်ပယ်ကနေ ဖယ်ရှားပစ်ဖို့ ကြံစည်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၅၈ မှာ တကြိမ် အာဏာသိမ်းဖို့ ကြံစည်တာကို သိရှိသွားတဲ့ ဖဆပလ အစိုးရက ကာလ တခုအကန့်အသတ်နဲ့ အာဏာလွှဲပေးခဲ့ရပြီး နောက်နှစ်အနည်းငယ်အကြာ ရွေးကောက်ပွဲ ကျင်းပပြီးနောက် တပ်ကအာဏာပြန်လွှဲအပ်ပြီး နှစ်နှစ်တောင် မပြည့်တဲ့ကာလအတွင်း တပ်က အာဏာပြန်သိမ်းလိုက်တာ ဆယ်စုနှစ်နဲ့ချီတဲ့ မဆလ ပါတီ အသွင်ယူထားတဲ့ စစ်အာဏာရှင် စနစ်အောက်နေခဲ့ကြရပြန်ပါတယ်။
အဲဒီက တဖန် ၁၉၈၈ အရေးတော်ပုံ အုံကြွမှုကြီး ဖြစ်အပြီး မဆလ အာဏာရှင်က တဖက်လှည့်နဲ့ တပ်ကို အာဏာသိမ်းခိုင်းပြီး နောက်ထပ် ဆယ်စုနှစ် ၃ ခုစာလောက် စစ်အုပ်ချုပ်ရေးအောက်မှာ နေခဲ့ကြရပြန်ပါတယ်။
ခုတခေါက် ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာ သိမ်းပြန်တဲ့အခါ လူထုက ပြန်တုံ့ပြန်မှုက အရှိန်အဟုန်ပြင်းထန်ပါတယ်။ ၈လေးလုံး အပြီးအာဏာသိမ်းသလိုပဲ လူထုရဲ့ မကျေနပ်မှု နဲ့ တုံ့ပြန်မှုက ပြင်းထန်လှပါတယ်။
စစ်တပ်ကလည်း ၈၈ ခုနှစ် အာဏာသိမ်းပြီးခါစကလို ချက်ခြင်း ပစ်ခတ် ဖြိုခွဲတာမျိုးမဟုတ်ပေမယ့် သီတင်းပတ် ၃/၄ ပတ်အကြာမှာတော့ စစ်တပ်ရဲ့ ပင်ကိုဗီဇ သရုပ်သကန်ကို ပြလာပါတော့တယ်။ ရက်စက်မှု၊ ကြမ်းကြုတ်မှု၊ ရုံ့ရင်းရိုင်းစိုင်းမှု၊ အညှာအတာကင်းမဲ့မှု အညှိုးနဲ့ လက်စားခြေမှုတွေကို ဖြိုခွဲရာမှာ တကွက်ချင်း တခုချင်းချပြခဲ့ပါတော့တယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက မန္တလေးမြို့မှာ ၇ နှစ် အရွယ်မိန်းကလေးငယ်ကို အိမ်တွင်းဝင်ပစ်သတ်ခဲ့တာမျိုးတွေက မြို့ပေါ်က လူထုကို ဆွံ့အစေ၊ ဒေါသထွက်စေ၊ နာကျည်းစေခဲ့ပါတယ်။ စစ်တပ်နဲ့ လုံထိန်းရဲတပ်ရင်းတွေဟာ ဒီလိုမျိုး လုပ်ရပ်တွေကို ရခိုင်မှာ ၂၀၁၇ကနေ ၂၀၂၀ ခုနှစ်နှောင်းပိုင်းထိ ရိုဟင်ဂျာခေါ် မူဆလင်ဘာသာဝင်တွေ အပေါ်၊ ရခိုင်တိုင်းရင်းသားတွေ အပေါ် အများအပြားကျူးလွန်ခဲ့ကြပြီးဖြစ်လို့ သူတို့အတွက် မထူးဆန်းပေမယ့် မြို့ပေါ်က လူတွေအဖို့ ရခိုင်အဖြစ်အပျက်ကို ဟိုစဥ်ဖြစ်ပွားချိန်က ဘယ်လောက် သေဆုံးခဲ့ကြရတယ်၊ ဘယ်လောက်ရက်စက်စွာ နှိပ်ကွပ်ခဲ့ကြတယ်ဆိုတာ သေချာမသိခဲ့ကြဘဲ တပ်က ပြောတဲ့ ဝါဒဖြန့်ချက်၊ အစိုးရက ပဲ့တင်ပြန်ထပ်ဖေါ်ပြတဲ့ ဝါဒဖြန့်ချက်တွေလောက်ပဲ သိကြပြီး မယုံကြည်ခဲ့ကြတာပါ။
ခု အဖြစ်အပျက်က တိုင်းရင်းသား လူမျိုးစုတွေ ၊ တိုင်းရင်းသားလက်နက်ကိုင်တွေက အစဥ်အမြဲတောင်းဆိုခဲ့တဲ့ ဖက်ဒရယ်ဝါဒနဲ့ ဖွဲ့စည်းတဲ့ ပြည်ထောင်စု လူမျိုးစုတိုင်းတန်းတူ အခွင့်အရေး ရရှိဖို့ဆိုတာကို သေချာအောင် နှိုးဆော်လိုက်တဲ့ နိုင်ငံရေး နိုးကြားမှု တစ်ရပ်လည်း ဖြစ်ပါတယ်။
ဒီအချိန်မှာ ဒီမိုကရေစီကိုလိုလားတဲ့ မြန်မာနိုင်ငံရေး အင်အားစုတွေ အနေနဲ့ တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို သေသေချာချာ နားလည်ပြီး ရေရှည်အတွက် မှန်ကန်တဲ့နိုင်ငံရေးလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့လည်း အရေးကြီးပါတယ်။
ခုပြောနေကြတဲ့ တိုင်းရင်းသား အားလုံးပါဝင်တဲ့ ဖက်ဒရယ်တပ်မတော် ဆိုတာ စစ်အာဏာရှင် စနစ်ကို အပြီးတိုင် ဖျက်စီးနှုတ်ပယ်ဖို့ ရည်ရွယ်ပြောဆိုနေကြတာပါ။
မြန်မာနိုင်ငံရေး အင်အားစုတွေအနေနဲ့ လက်တွေ့ကျတဲ့ ၊ တန်းတူရည်တူဖြစ်တဲ့ နိုင်ငံရေးသဘောတူညီချက်တွေနဲ့ တိုင်းရင်းသားအားလုံးနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ အချိန်တန်ပြီလို့ ယုံကြည်ပါတယ်။
သမိုင်းအဖြစ်အပျက်က လက်ရှိ အင်အားစု အသီးသီးရဲ့ ခေါင်းဆောင်တွေကို မေးခွန်းထုတ် နှိုးဆော်လိုက်ပါပြီ၊ တာဝန်ကျေဖို့ ကောင်းမွန်တဲ့ သမိုင်းကို ရေးကြဖို့ကတော့ လူထုက တာဝန်ပေးအပ်ထားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ အပေါ်မူတည်နေပါတော့တယ်လို့ပဲ ဆိုချင်ပါတော့တယ်။
#MoeMaKaMedia
#WhatsHappeningInMyanmar