Breaking News

သီဟလတ် - စစ်နှင့်နပိုလီယံမှသည် . . .

Photo - Chin World, March 26th 2021


သီဟလတ် - စစ်နှင့်နပိုလီယံမှသည် . . .

(မိုးမခ) မတ် ၂၇၊ ၂၀၂၁

ကျွန်တော် အခါလည်သားလောက်မှာ ဗိုလ်နေဝင်းစစ်တပ်ကအာဏာသိမ်းသည်။ ထို့ကြောင့် ကျွန်တော်သည် တော်လှန်ရေးကောင်စီခေတ်မှာ လူဖြစ်လာရသူ၊ အရွယ်ရောက်လာရသူဟုဆိုရမည်။ လူ့အဖွဲ့အစည်းအကြောင်း နားမလည်တတ်မီအရွယ်က မြန်မာရုပ်ရှင် စစ်ဇာတ်ကားတွေကြည့်ဖူးသည်။ သိပ်များများတော့မဟုတ်။ လေးငါးကားလောက်ရှိမည်ထင်သည်။ ဘာကြောင့်မှန်းတော့မသိ ထိုစဉ်ကပင် မစွဲလမ်းခဲ့။ ဇာတ်ကားထဲမှာ မင်းသားက အစိုးရတပ်စစ်ဗိုလ်၊ သတ္တိကောင်းသူ၊အမှန်တရားမြတ်နိုးသူ။ ဇာတ်ပို့ကသူပုန်၊ မိုက်ကန်းသူ၊ တယူသန်သူ။ ဤသို့ပင်များသည်။ သူပုန်သရုပ်ဆောင်ရသူကမုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေနှင့်ညှင်းသိုးသိုး၊ အရိုင်းအစိုင်းပုံ။ ထိုစဉ်က အစိုးရသတင်းစာ၊ စာစောင်တွေမှာတွေ့ရသော သူပုန်ကာတွန်းရုပ်ပုံများကိုလည်းအမှတ်ရမိသည်။ မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးတို့က ဗလပွ။ မျက်နှာပေါ်မှာအမာရွတ် သို့မဟုတ်ချုပ်ရိုးကြောင်းရှိတတ်ကြ၊ ပလာစတာကပ်ထားတတ်ကြသည်။ ဝတ်စုံမှာလည်း အဖာရာတွေနှင့်စုတ်ပြတ်နေတတ်သည်။ အစိုးရက သူပုန်ဟုမသုံးနှုန်း။ သောင်းကျန်းသူဟုသုံးနှုန်းသည်။ ဆရာစံသူပုန်ထပြီး‌နောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သူပုန်ပြဿနာဟူသော ဆောင်းပါးရေးဖူးသည်။ သူပုန်ထတိုင်းအမှားမဟုတ်၊ အဆိုးမဟုတ်၊ မှန်သည်လည်းရှိသည်၊ ကောင်းသည်လည်းရှိသည်ဟူ‌သောသဘောကိုရေးသည်။ ထို့ကြောင့်ပင် သောင်းကျန်းသူဟူသောအသုံးကို သုံးလေသည်လားမသိ။

အထက်တန်းကျောင်းသားအရွယ်ရောက်တော့ စာအုပ်ကောင်းတွေကိုရွေးချယ်ဖတ်တတ်လာသည်။လူ့ဘဝတွေကိုမြင်စပြုလာသည်။ လူ့အဖွဲ့အစည်းအကြောင်းနားလည်စပြုလာသည်။ နိုင်ငံ့အရေး၊ကမ္ဘာ့အရေးတွေ စိတ်ဝင်စားတတ်လာသည်။ မြန်မာရုပ်ရှင်စစ်ဇာတ်ကားများကိုကား ကျွန်တော်မကြည့်ဖြစ်တော့ချေ။

* * *

ကျွန်တော်သည်စစ်ကိုကြုံခဲ့ဖူးသူမဟုတ်။ စစ်နှင့်ပတ်သက်၍အတွေ့အကြုံမရှိသူ။ သို့သော်တကယ့်ဖြစ်ရပ်များကိုအခြေခံကာရိုက်ကူးထားသည့် နိုင်ငံခြားစစ်ကားများကိုကြည့်ဖူးသည်။ စစ်၏အနိဌာရုံများကိုတွေ့မြင်ခံစားရသည်။ စစ်သည်ရက်စက်၏။ အကြင်နာမဲ့၏။ ကြမ်းကြုတ်၏။

အဘယ်ကြောင့်များ စစ်ကိုတိုက်ကြပါလိမ့်?

စစ်ဆိုသည့်စကားလုံးသည် အာရုံကိုလှုံ့ဆော်လာ၏။

စစ်အတွင်း အတွေ့အကြုံများ၊ မှတ်တမ်းများကိုရှာဖွေဖတ်မိ၏။ စစ်နှင့်ပတ်သက်သည့် အမြင်၊အယူအဆများကိုလည်း တို့ထိမိ၏။

မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့်ဘိုးတော်ဘုရားကြီး၏ ရာဇသတ်ခေါ်သောအမိန့်တော်တမ်းကြီးတွင် စစ်ဖြစ်ရခြင်း၏အကြောင်းရင်းများကို

(၁) နိုင်ငံအပိုင်းအခြားကြောင့်
(၂) ဥစ္စာကိုလိုသောကြောင့်
(၃) ဆင်ကောင်းမြင်းကောင်းကိုလိုသောကြောင့်
(၄) သမီးကညာကိုလိုသောကြောင့်
(၅) ကုန်းတိုက်ဥပါယ်ရှိသောကြောင့်
(၆) သစ္စာဖောက်ပြန်‌သောကြောင့်
(၇) စေပါသောရာဇသံစကားကို အနိမ့်အကျမသိသောကြောင့်
(၈) အဆွေအမျိုးကိုဖျက်သောကြောင့်
(၉) မင်းတို့သည်မိမိမြို့ကိုမစောင့်ရှောက်သောကြောင့်
(၁၀) သူရဲသူခက်မရှိသောကြောင့်
(၁၁) ကုန်သည်တို့ကြောင့်
(၁၂) ရန်ငြိုးဖွဲ့သောကြောင့်
(၁၃) အမျက်ကြီးသောကြောင့်ဟု ၁၃ ချက်ဖေါ်ပြထား၏။ မြန်မာပဒေသရာဇ်တို့သည် ထိုအကြောင်းများကြောင့်စစ်တိုက်ကြသည်ဟုဆိုရပေမည်။

စစ်သည် ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် လူတန်းစားများပေါ်ပေါက်လာသည့်အချိန်မှစ၍ ဖြစ်ပွားခဲ့သည်ဟု နိုင်ငံရေးသမိုင်းဆရာတို့ကဆိုသည်။ ‌စစ်သည် လူတန်းစားအကျိုးစီးပွား ၊အမျိုးသားအကျိုးစီးပွား၊ နိုင်ငံ‌ရေးအကျိုးစီးပွားကို အကြောင်းပြုပြီးဖြစ်ပေါ်လာသည်ဟုနားလည်မိသည်။

စစ်ပွဲကိုပေါ်ပေါက်စေသော အကြောင်းအရင်းများမတူကြ။ ရည်ရွယ်ချက်များလည်းမတူကြ။

ကုန်းဘောင်ခေတ်တွင် အင်္ဂလိပ်-မြန်မာစစ်ပွဲများဖြစ်ခဲ့သည်။ အင်္ဂလိပ်တို့တိုက်သောစစ်သည် ကျူးကျော်စစ်၊ မတရားသောစစ်ဖြစ်၏။ မြန်မာတို့တိုက်သောစစ်သည် ခုခံတွန်းလှန်သောစစ်၊ တရားသောစစ်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်တို့ကို အင်္ဂလိပ်တို့ကတိုက်သော စစ်၏ရည်ရွယ်ချက်နှင့် မြန်မာတို့ကတိုက်သောစစ်၏ရည်ရွယ်ချက်တို့ တူညီနိုင်မည်မဟုတ်။

ဖက်ဆစ်ဂျပန်တို့ကို မြန်မာတို့ကတိုက်သောစစ်မှာ တော်လှန်‌စစ်ဖြစ်သည်။ အမျိုးသားလွတ်မြောက်ရေးစစ်ဖြစ်သည်။ တရားသောစစ်ဖြစ်၏။

ဒုတိယကမ္ဘာစစ်အပြီးမှစ၍ အာရှ၊ အာဖရိကရှိ ကိုလိုနီနိုင်ငံများသည် လွတ်လပ်သောနိုင်ငံများဖြစ်လာကြ၏။ လွတ်လပ်ခြင်းသည် တိုးတက်ခြင်းသဘော။ ထို့ကြောင့် အမျိုးသားလွတ်မြောက်ရေးစစ်သည်တိုးတက်သောစစ်ဖြစ်၏။ ဖိနှိပ်မှုကိုဖျက်သိမ်းသောစစ်၊ တရားသောစစ်ဖြစ်၏။

မတရားသောစစ်သည် တိုးတက်မှုကိုတားဆီးနှောင့်ယှက်၏၊ လွတ်လပ်ခွင့်ကို ဖိနှိပ်၏၊ ဖောက်ပြန်သောစစ်ဖြစ်၏။ ဤသို့ပင် ကျွန်တော်သည် ယုံကြည်မှတ်ယူ၏။

* * *

"War is merely the continuation of politics with other means"
Carl von Clausewitz

"စစ်ဟူသည် နိုင်ငံရေးကို အခြားနည်းဖြင့် ဆက်လက်‌ဆောင်ရွက်ခြင်းဖြစ်သည်" ဟု ပရပ်ရှားစစ်ဗိုလ်ချုပ်နှင့်စစ်ပါရဂူ ကားလ်ဗွန်ကလောဝဇ် က ဆို၏။

မော်စီတုန်းကလည်း "နိုင်ငံရေးသည်အဆင့်တခုအထိတိုးပွားလာပြီး မူလနည်းနှင့်ရှေ့မတိုးသွားနိုင်သည့်အခါ နိုင်ငံရေးလမ်းခရီးမှ အတားအဆီးများကိုဖယ်ရှားပစ်ရန်အတွက် စစ်ဖြစ်ရတော့သည်" "ထို့ကြောင့်နိုင်ငံရေးသည် သွေးမထွက်သည့်စစ်ဖြစ်သည်။ စစ်သည်သွေးထွက်သည့် နိုင်ငံရေးဖြစ်သည်ဟုဆိုနိုင်သည်။" ဟု‌ပြောခဲ့သည်။

နိုင်ငံရေးပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းကြသော်လည်း တခါတရံ‌ပြေလည်မှုမရှိ။ တင်းမာမှုများဖြစ်လာ၏။ ထိုအခါ စစ်ရေးပဋိပက္ခအဖြစ်ပြောင်းလဲသွားရကြောင်းသတိထားမိသည်။

War is the business of barbarians.
Napoleon Bonaparte

"စစ်ဟူသည်အရိုင်းအစိုင်းတို့၏အလုပ်"ဟု ပြင်သစ်ဧကရာဇ်လည်းဖြစ်၊ စစ်ဗိုလ်ချုပ်တဦးလည်းဖြစ်သူ နပိုလီယံဘိုနာပတ်ကဆိုခဲ့၏။ စစ်ဗိုလ်ချုပ်တဦး၏ စစ်တိုက်ရင်း‌ရလာသောအမြင်ဟု မှတ်မှတ်သားသားဖြစ်မိသည်။

မော်စီတုန်းကမူ "လူသားအချင်းချင်း ရက်ရက်စက်စက်သတ်ဖြတ်နေသော စစ်ဟူသည့်မကောင်းဆိုးဝါးကောင်ကြီးကို လူ့အဖွဲ့စည်းတိုးတက်ဖြစ်ထွန်းလာမှုက နောက်ဆုံးတနေ့တွင် သုတ်သင်ပစ်မည်မှာ သေချာသည်။" ဟုဆိုခဲ့သည်။

စစ်သည်ရက်စက်၏။ အကြင်နာမဲ့၏။ ကြမ်းကြုတ်၏။ အနိဌာရုံကိုပေး၏။ ထိုကြောင့်စစ်ကိုမလိုလားကြ။

၁၉၃၉ ခု စက်တင်ဘာလ ၁ ရက်တွင် ဂျာမနီသည် ပိုလန်နိုင်ငံကို ရုတ်တရက်ဝင်ရောက်စစ်တိုက်၏။ နောက် ၂ ရက်အကြာ မဟာမိတ်နိုင်ငံများဖြစ်သော ဗြိတိန်နှင့်ပြင်သစ်တို့က ဂျာမနီကိုစစ်ကြေညာခဲ့သည်။

ဤသို့ဖြင့် ဒုတိယကမ္ဘာစစ်ကြီးစတင်ခဲ့သည်။ ထိုမှ ၆ နှစ်အကြာ ၁၉၄၅ ခုတွင် မဟာမိတ်တို့စစ်နိုင်ခဲ့သည်။ မဟာမိတ်တို့သည် ဂျာမနီအပါအဝင် ဝင်ရိုးတန်းနိုင်ငံတို့၏ ကျူးကျော်စစ်ကို တန်ပြန်စစ်ဖြင့်သုတ်သင်ပစ်လိုက်ခြင်းပင်။

စစ်၏ နိုင်ငံရေးရည်ရွယ်ချက်များ အထမြောက်သည်အထိ စစ်ကိုဆင်နွှဲကြ၏။ ရည်ရွယ်ချက်အထမြောက်သောအခါ စစ်သည်အဆုံးသတ်သွား‌၏။

ထို့ကြောင့် စစ်ဖြစ်ရခြင်း၏ရည်ရွယ်ချက်သည် စစ်ကိုအဆုံးသတ်ရန်အတွက် ဖြစ်သည်ဟုဆိုကြခြင်းပင်။ သို့မဟုတ်လျှင် စစ်သည်အဆုံးရှိမည်မဟုတ်။

* * *

‌မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးတိုင်း လက်နက်ကိုင်တော်လှန်‌နေကြသည်။ တိုင်းရင်းသားဒေသတိုင်းလိုလိုတွင် စစ်ဖြစ်နေသည်။ စစ်ဘေးရှောင်စခန်းများအကြောင်း မြင်ရ၊ ဖတ်ရသည်။ မအေးချမ်းသောဘဝများ၊ စာသင်ခန်းမဲ့ကလေးသူငယ်များ။ ခေတ်မီလူနေမှုဘဝ၊ ခေတ်မီအသက်မွေးမှု စသည်တို့သည် သူတို့နှင့်လားလားမျှမပတ်သက်။ ထိုအခြေအ‌နေကို မည်သူက ရွေးချယ်စေခဲ့ပါလိမ့်။

အလျှံပယ်ကြွယ်ဝမှုများ၊ နိုင်ငံခြားတက္ကသိုလ်ကြီးများတွင်ပညာသင်နေသောသားသမီးများ။ ဤအခြေအနေကို မည်သို့တည်ဆောက်ထားပါလိမ့်။

ငြိမ်းချမ်း‌မှုမဲ့နေသည့်ဘဝများမှာ မည်သူတို့၏ဘဝများပါလိမ့်။ ငြိမ်းချမ်း‌ရေး အလိုအပ်ဆုံးသူများမှာ မည်သူများဖြစ်ကြပါလိမ့်။ စစ်ကိုမလိုလားဆုံးသူများမှာ စစ်ကြောင့် ဆင်းရဲဒုက္ခဖြစ်နေသူများမှလွဲ၍ အခြားသူဖြစ်အံ့မထင်။

ကျွန်တော်သည် စစ်ကိုမလိုလား။ ငြိမ်းချမ်းရေးကိုသာလိုလား၏။ ငြိမ်းချမ်းသောဘဝကိုသာ နှစ်သက်၏။ သို့သော် . . .

"You may not be interested in war, but war is interested in you."
Trotsky

"သင်က စစ်ကိုစိတ်မဝင်စားခြင်းဖြစ်နိုင်သော်လည်း စစ်က သင့်ကို စိတ်ဝင်စားသည်" ဟု

ထရော်စကီ*က ဆိုခဲ့ရာ. . .။


သီဟလတ်
၂၇-၃-၂၀၂၁
(*ထရော်စကီသည် ဘော်ရှီဗစ်တို့ကိုသစ္စာဖောက်ခဲ့သဖြင့် ဂျူးဒါးစ်ထရော့စကီဟု အမည်တွင်ခဲ့သည်။)

#MoeMaKaMedia

#WhatsHappeningInMyanmar