Breaking News

သီဟလတ် - ၈၈ ကာလလူငယ်တဦး၏ ၂၀၂၁ အတွေးအပိုင်းအစများ (ဒုတိယပိုင်း)



သီဟလတ် - ၈၈ ကာလလူငယ်တဦး၏ ၂၀၂၁ အတွေးအပိုင်းအစများ (ဒုတိယပိုင်း)

(မိုးမခ) မတ် ၇၊ ၂၀၂၁

ပေါက်ကွဲသံတွေ . . .ပစ်ခတ်သံတွေ . . .
ပြီးတော့ကြွေးကြော်သံတွေ
ဟုတ်ပါတယ်
ပေါက်ကွဲသံတွေ...ပစ်ခတ်သံတွေ...ဆူညံသွားပေမယ့်
ကြွေးကြော်သံတွေကတော့ရပ်တန့်မသွားပါဘူး။

× × ×

"အမေစုနဲ့ခေါင်းဆောင်များ ချက်ချင်းလွှတ် ချက်ချင်းလွှတ်"
"တို့သမ္မတဘယ်သူလဲ ဦးဝင်းမြင့် ဦးဝင်းမြင့်"
"ရုံးမတက်နဲ့ ရုန်းထွက်"

၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကအာဏာသိမ်းပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်၊ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ၊ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊NLDခေါင်းဆောင်တွေကိုဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ပြည်သူလူထုကမတရားမှုကိုခေါင်းငုံ့ခံမ‌နေကြပါဘူး။အာဏာသိမ်းပြီးရက်ပိုင်းအတွင်းမှာပဲတုံ့ပြန်ဆန့်ကျင်ကြပါတယ်။CDM(civil disobedience movement)လုပ်ဖို့လှုံ့ဆော်ကြပါတယ်။အာဏာသိမ်းစစ်ကောင်စီရဲ့အမိန့်တွေကိုမနာခံကြပါဘူး။လမ်းမပေါ်ကိုလူထုတွေထွက်လာကြပါတယ်။ဆန္ဒပြပွဲတွေနိုင်ငံအနှံ့ဖြစ်လာပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ဖမ်းဆီးခံထားရသူတွေလွှတ်ပေးဖို့တောင်းဆိုကြပါတယ်။အာဏာသိမ်းစစ်ကောင်စီကိုအသိအမှတ်မပြုပဲ သူတို့သမ္မတဟာဦးဝင်းမြင့်သာဖြစ်ကြောင်းကြွေးကြော်ကြပါတယ်။ဝန်ထမ်းတွေကလည်းစစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာအလုပ်မလုပ်တော့ပဲအာဏာဖီဆန်ကြပါတယ်။

"ဘယ်ပါတီကိုမဲပေးခဲ့လဲ NLD ကိုမဲပေးခဲ့တယ်"

စစ်တပ်က‌ ၂၀၂၀ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အာဏာသိမ်းခဲ့တာပါ။အဲဒီအချက်ကိုလူထုကငြင်းပယ်ပါတယ်။ သန်းပေါင်းများစွာသောမဲဆန္ဒရှင်တွေကလမ်း‌ပေါ်ထွက်ချီတက်ပြီး NLDကိုမဲပေးခဲ့ကြောင်းကြွေးကြော်ကြပါတယ်။စစ်တပ်ရဲ့စွပ်စွဲချက်ကိုချေဖျက်ပစ်လိုက်ကြပါတယ်။
ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်းကြောင်းကြေညာချက်ထွက်လာပါတယ်။အထွေထွေသပိတ်တိုက်ပွဲဟာကျယ်ပြန့်လာပါတယ်။လူထုချီတက်ဆန္ဒပြတာ၊ အမိန့်မနာခံတာ၊ အာဏာဖီဆန်တာတွေအပြင် လွှတ်တော်ကိုယ်စားပြုကော်မတီကတရားဝင်တိုက်ပွဲပြုလုပ်လာပါတယ်။

We Stand with CRPH
We Support CRPH 

လူထုက CRPH နဲ့အတူရပ်တည်ကြောင်း၊ CRPH ကိုထောက်ခံကြောင်းပိုစတာတွေကိုင်စွဲပြီးချီတက်ဆန္ဒပြကြပါတယ်။ လူထုက ၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေကိုမဲဆန္ဒပေးခဲ့သလို ၂၀၂၁ အထွေထွေသပိတ်မှာလည်း သူတို့ရွေးချယ်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လွှတ်တော်ကိုယ်စားပြုကော်မတီကိုထောက်ခံကြလို့ CRPH ဟာလူထုရဲ့တကယ့် အခွင့်အာဏာ(mandate) ရအဖွဲ့အဖြစ်အခိုင်အမာရှိနေပါတယ်။

CRPH ဟာသူရဲ့လုပ်ပိုင်ခွင့်အတွင်းကအလုပ်‌တွေကိုတဖြည်းဖြည်းတိုးမြှင့်ဆောင်ရွက်လာပါတယ်။နိင်ငံတကာဆက်ဆံရေးကိုယ်စားလှယ်အဖြစ်ဦးထင်လင်းအောင်၊ကုလသမဂ္ဂဆိုင်ရာအထူးသံတမန်အဖြစ်ဒေါက်တာဆာဆာကိုခန့်အပ်ပြီး နိုင်ငံတကာမျက်နှာစာပေါ်အရောက်လှမ်းပါတယ်။ကမ္ဘာ့ကုလသမဂ္ဂရဲ့တရားဝင်အင်တာနက်စာမျက်နှာမှာလည်း ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆက်လက်အသိမှတ်ပြုဖေါ်ပြနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို လူထုကလက်မခံသလို နိုင်ငံတကာကအသိအမှတ်ပြုလက်ခံတာလည်းမရှိပါဘူး။ အဲဒီကာလအတွင်းမှာပဲ နယူးယောက်မြို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ လူထုဖက်က အထင်အရှားရပ်တည်လိုက်ပါတယ်။ ပြည်ပနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေက သံအရာရှိတွေ၊ဝန်ထမ်းတွေလည်းCDMမှာပါဝင်လာကြပါတယ်။ CRPH ကခေတ္တပြည်ထောင်စုဝန်ကြီး လေးဦးကို ခန့်အပ်ပါတယ်။ အဲဒီမှာ ကိုဗစ်ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးနဲ့လူထုယုံကြည်မှုရခဲ့တဲ့ ဒေါက်တာဇော်ဝေစိုး ပါဝင်လာပါတယ်။ သူကCDMကိုတိုက်တိုက်တွန်းတွန်းနှိုးဆော်နေသူတယောက်ပါ။ CDMအရှိန်ကတော်တော်မြင့်လာပြီးနိုင်ငံတဝှမ်းအစိုးရဌာနတွေပြိုလဲလာပါတယ်။ လူထုဘက်ကရပ်တည်တဲ့ နိုင်ငံရေးပါတီတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သတင်းဌာနတွေကလည်းစစ်ကောင်စီကဖိတ်ကြားတဲ့ပွဲတွေကို မတက်ရောက်ကြပါဘူး။ လူထုကစစ်ကောင်စီကခန့်အပ်တဲ့အုပ်ချုပ်ရေးမှူးတွေကိုလက်မခံလို့ သူတို့အုပ်ချုပ်ရေးကိုမဆောင်ရွက်နိုင်ပဲလည်းဖြစ်နေပါတယ်။

လူထုတိုက်ပွဲရဲ့အဓိကရည်မှန်းချက်ကလည်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့်‌လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးဖြစ်လာပါတယ်။
တိုင်းရင်းသားအဖွဲ့အစည်းတွေကလည် းအထွေထွေသပိတ်ပေါ်ထောက်ခံလာကြပါတယ်။

လမ်းမပေါ်ကလူထုဆန္ဒပြသပိတ်တိုက်ပွဲ၊CDMနဲ့ CRPHရဲ့လှုပ်ရှားမှုအရှိန်မြင့်တက်လာတာနဲ့အမျှ စစ်ကောင်စီရဲ့ဖိနှိပ်မှုကလည်းပြင်းထန်ရက်စက်လာပါတယ်။

ဆန္ဒပြလူထုကိုလူမြင်ကွင်းလမ်းမမှာပဲ လက်နက်နဲ့အကြမ်းဖက်ဖြိုခွဲပါတော့တယ်။ ကျည်ဆံအစစ်တွေနဲ့ပစ်ခတ်နှိမ်နင်းမှုတွေပြုလုပ်လာပါတယ်။ လူထုဆန္ဒပြပွဲတွေမှာရှေ့တန်းကပါဝင်နေသူတွေက Gen Z တွေပါ။ အဲဒါကြောင့် စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်‌တွေကကျည်အစစ်နဲ့ပစ်ခတ်မှုကြောင့် ကျဆုံးရသူအများစုဟာလူငယ်တွေဖြစ်နေပြီး လူထုရဲ့စိတ်နှလုံးပိုလို့နာကျင်ရပါတော့တယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူထုကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နင်းနေတဲ့ဗီဒီယိုတွေ၊ဓာတ်ပုံတွေဟာ ဆိုရှယ်မီဒီယာနဲ့ပြည်တွင်းပြည်ပသတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပါပြီ။ ဒါပေမယ့် မြဝတီနဲ့MRTVသတင်းဌာန‌တွေကတော့ လိမ်လည်သတင်းတွေသာဖေါ်ပြနေခဲ့ပါတယ်။

စစ်ကောင်စီဟာ CDMရဲ့ထိရောက်မှုကြောင့် CDMကိုဖြိုခွဲဖို့လည်းပြင်းပြင်းထန်ထန်ကြိုးစားလာပါတယ်။ခြိမ်း‌ခြောက်မှု၊ဖမ်းဆီးအရေးယူမှုစတဲ့ဖိနှိပ်မှုတွေနဲ့သူတို့ရဲ့စီမံအုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်အောင်အပြင်းအထန်ကြိုးစားလာပါတယ်။

အခုတိုက်ပွဲဘယ်လိုအဆုံးသတ်မလဲ ကြိုပြောဖို့ခဲယဉ်းပါတယ်။ ဒါပေမယ့်တိုက်ပွဲက ရလဒ်ကောင်းတချို့ကိုရရှိခဲ့ပြီးပါပြီ။ မှေးမှိန်ခဲ့တဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးက တောက်ပလာပါတယ်။ လှုပ်ရှားတက်ကြွသူဆိုတာ လူထုအများစုကြီးဖြစ်လာပါတယ်။ Generationအားလုံးရဲ့ညီညွတ်မှုရခဲ့ပြီး လူထုအတွက် နိုင်ငံရေးမျိုးဆက်သစ် Gen Z ကိုလည်းရလိုက်ပါတယ်။ သပိတ်တိုက်ပွဲအတွေ့အကြုံသစ်တွေလည်း ရရှိခဲ့တယ်။

"မေ့မေ့ကိုမဖမ်းနဲ့ ခင်ဗျားတို့ကမယုံရဘူး" ဆိုတာ လူထုအမြင်ဖြစ်လာပါတယ်။
EVERYTHING WILL BE OK ဆိုတာ လူထုယုံကြည်ချက်ဖြစ်လာပါတယ်။

ဒါတွေအားလုံးဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ဖိနှိပ်မှုကြောင့် ထွက်ပေါ်လာတဲ့ အရာတွေပါ။

"ရန်သူ၏ဆန့်ကျင်မှုခံရခြင်းသည် အကောင်းဖြစ်သည်။ အဆိုးမဟုတ်"  ဆိုတဲ့စကားကို ရုပ်လုံးဖေါ်ပေးခဲ့တာပဲပေါ့။

သီဟလတ်

#MoeMaKaMedia #WhatsHappeningInMyanmar