Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၅ ရက် မြောက်နေ့ မြင်ကွင်း ...

U Khin Maung Latt, (NLD) arrested and dead at the same night by Myanmar Junta (7th March 2021)


မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၅ ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) မတ် ၇၊ ၂၀၂၁

စစ်အာဏာသိမ်းပြီးနောက် သီတင်းပတ် ၅ ပတ်တိတိကြာလာသည့်တိုင် အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် အစိုးရတရပ်အဖြစ် အသိအမှတ်ပြုမခံရသေး။ လူအများစု၏ ဆန့်ကျင်ဆန္ဒပြမှု၊ အုပ်ချုပ်ရေးယန္တရားထဲတွင် ပါဝင်သည့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ၏ စီဒီအမ် လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်မှုက တဖြည်းဖြည်း အရေအတွက်တက်လာနေသည်။ လုံခြုံရေး အဖွဲ့အစည်းတခုဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များ ကြိုကြားကြိုကြား ပါဝင်လာနေသည်။ အစောပိုင်း သီတင်းပတ်များထက် သိသာထင်ရှားစွာ ပါဝင်လာနေသည်။ အထွေထွေအုပ်ချုပ်ရေးဌာန၊ ပြည်နယ်လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တို့မှ ဝန်ထမ်းများပင် ပါဝင်လာနေသည်။ ဆိုရှယ်မီဒီယာ စာမျက်နှာများထက်တွင် အရပ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းများသာမက ရဲဘက်ဝန်ထမ်းများ၏ စီဒီအမ် ပါဝင်သည့် ပို့စ်များ နေ့စဥ် တိုးတက်များပြားလာနေသည်။
 
ရန်ကုန်မြို့တွင်လည်း မြို့နယ်တိုင်း၏ လူစည်ကားရာ လမ်းဆုံများတွင် နံနက် စျေးဝယ်ချိန်မပြီးတပြီးမှစပြီး တနေ့တာ ဆန္ဒပြဖို့အတွက် လမ်းမများတွင် ကန့်လတ်ဖြတ် အတားအဆီးစတင်ပိတ်ဆို့နေကြသည့် မြင်ကွင်း၊ ကော်ခမောက်များဆောင်းလျှက်၊ လက်တွင် အပူခံ လက်အိပ်များ၊ သံပြား၊ ပလပ်စတစ်အထူပြား ကားတာယာ အလွှာအုပ်ထားသည့် ဒိုင်းများကို လက်ဝယ်ကိုင်လျက် လမ်းထိပ် လမ်းဆုံများ အနီး စတင်ပြင်ဆင်နေကြသည်ကို မြင်ရပေလိမ့်မည်။
 
၄င်းတို့အသီးသီးအပြင် သက်ဆိုင်ရာရပ်ကွက်ထဲမှ လူထုကလည်း လမ်းပိတ်သည့် အတားအဆီးများဖြစ်သည့် သဲအိတ်၊ ကွန်ကရစ်တုံး၊ သံတိုင်ဟောင်း၊ ဓါတ်တိုင်ဟောင်း၊ ထင်းရှူးသား လျှပ်စစ်မီးကြိုးပတ်သည့် ဂွေများဖြင့် လမ်းမများကို ဝိုင်းဝန်းပိတ်ဆို့ပေးနေကြသည်ကို မြင်ရပေလိမ့်မည်။

မတ်လ၏ နေ့လည်နေ့ခင်း နေပူကျဲကျဲအောက်တွင် ဆန္ဒပြ ကြွေးကြော်သံများ ကြွေးကြော်နေသည့် အသံများ ရှေ့ဆုံးတန်းတွင် ကိုင်ထားသည့် ပလပ်စတစ်တိုင်ကီဖြတ်ပိုင်းဒိုင်းသို့မဟုတ် စတီးပြားဒိုင်းများ နှင့် လူအုပ်စု၊ လမ်းမပေါ်တွင် ရေဆွတ်ထားသည့် စောင်များ အကွက်လိုက် အကွက်လိုက် ချထားသည့်မြင်ကွင်း အမှိုက်ထည့်သည့် ပလပ်စတစ်အိတ်များကို ရေထည့်လျှက် လမ်းမများပေါ် အကွက်ချ တန်းစီထားသည့် မြင်ကွင်းများသည့် ယခု သီတင်းပတ် ရန်ကုန်မြို့ပေါ် ရှိ လူနေရပ်ကွက်များ တွင်မြင်ရမည့် မြင်ကွင်းများပင်။

မနေ့ညက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ ထဲနေထိုင်သူ အန်အယ်လ်ဒီ ရပ်ကွက်ဥက္ကဌ ဖြစ်သူ ဦးခင်မောင်လတ်ကို ညဘက် လာဖမ်းသွားပြီးနံနက်ရောက်တော့ သေဆုံးသွားပြီဟု အကြောင်းကြားလာသည်။ အလားတူ လှိုင်မြို့နယ်က အန်အယ်လ်ဒီပါတီ မှ ဦးရှိန်ဝင်းဆိုသူလည်း အလားတူ ကံကြမ္မာမျိုးကြုံရသည်ဟု သတင်းများအရ သိရသည်။

အထက်က ဖြစ်စဥ်သည် မတော်တဆ ဖြစ်ပျက်သည်ဆိုခြင်းထက် လူထုကို အကြောက်တရား နောက်ဆုတ်သွားအောင် တမင်တကာ စီစဥ်ဆောင်ရွက်သည့် လုပ်ဆောင်ချက်ဟု ယူဆရသည်။ ဟိုးအရင် စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကာလတုန်းကလို အကြောက်တရားသွင်းခြင်း မျိုးဖြစ်သည်။ ထိုစဥ်က နယ်မြို့တမြို့တွင် စစ်တပ်နေရာယူထားသည့် အဆောက်အဦကို ညအချိန် ဆေးအနီများဖြင့် ပက်ဖျန်းသွားသည့် ဖြစ်ရပ်ဖြစ်ပြီးနောက် တရက် စျေးထဲတွင် ကြက်သားရောင်းသူ လူငယ်တဦးက သူ့လက်တွင် ကုန်ပစ္စည်းတင်ပို့သည့်အခါ အိတ်၊ ခြင်းများတွင် ရေးသည့် မာလကာ ခေါ် ဆိုးဆေး အနီရောင်စွန်းထင်းနေသည်ကို တွေ့ရသဖြင့် စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်သားများစခန်းချရာနေရာတွင် စစ်မေးပြီး လက်လွန်ကာ သေဆုံးသွားခဲ့ဖူးသည်၊။ ယင်းဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုများလည်း လုပ်ဆောင်ခြင်းမရှိသလို မည်သူမျှလည်း အပြစ်ပေးမခံရ။ လူထု၏ စိတ်ထဲ အကြောက်တရား ဝင်အောင် အထက်ကလို ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့ခြင်းဖြစ်သည်။

ခုဖြစ်ရပ်သည်လည်း ဟိုး လွန်ခဲ့သည့် အနှစ် ၃၀ ကျော်တုန်းက ဖြစ်ရပ်လို နိုင်ငံရေးအရ အံတုနေသည့် လူထုကို ဆန္ဒပြမှု နိုင်ငံရေးအံတုမှုနှင့် မဆက်စပ် မပတ်သက်ရဲအောင် ၊ ကြောက်လန့်အောင် လုပ်သည့်ရည်ရွယ်ချက်ဟု ယူဆရသည်။

ရန်ကုန်၊ မန္တလေးမြို့များတွင် ဆန္ဒပြလူစုလူဝေးများ ဖြိုခွဲပြီးနောက် ရပ်ကွက်ထဲ နေအိမ်များမှ ဆန္ဒပြသူများကို ဝှက်ပေးထားခြင်းမျိုး ရှိနေရာ အဆိုပါလူနေအိမ်တွေကို မှန်ရိုက်ခွဲခြင်း ဖျက်ဆီးခြင်း၊ ဆိုင်ကယ်တွေ့ ဆိုင်ကယ်ကို ရိုက်ဖျက်ခြင်း၊ အသုံးအဆောင် များဖြစ်သည့် ဖုန်းများ ငွေကြေးပစ္စည်းများတွေ့လျင် ယူဆောင်သွားခြင်းတို့ဖြင့် လူအများ၏ ရွံ့ရှာစက်ဆုပ်မှုကို ပိုမိုခံယူရအောင် လုပ်နေသလားဟု ပင်ထင်မှတ်ရသည်။

ယခု အခြေအနေသည် စစ်အာဏာရှင်၏ မျက်နှာဖုံးများ ကွာကျကုန်သည့် အခြေအနေမျိုးဖြစ်သည်။ မြန်မာ့စစ်တပ်၏ ပင်ကိုယ်စရိုက်ဖြစ်သည့် စစ်မြေပြင် ကျေးရွာများတွင်သော်လည်းကောင်း၊ မြို့ပေါ်က ဖြိုခွဲမှုများတွင် သော်လည်းကောင်း ခိုင်းစေသည့် အမိန့်ကို အကောင်အထည်ဖေါ်ရန် မက်လုံးပေးသည့်သဘောဖြင့် တွေ့သည့်ပစ္စည်း သိမ်းယူ၊ လုယူခွင့်ကို ပေးထားသည့် သဘောဖြစ်သည်။ အခုလို အပြုအမူများကို စစ်တပ်က ပြည်တွင်းစစ်ဒဏ် ခံရသည့် ကျေးလက်များတွင် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ကြပြီးဖြစ်သည်။ ပစ္စည်းယူရုံမျှမဟုတ် အရပ်သားများ နှိပ်စက် သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းများကိုလည်း ကျူးလွန်ခဲ့ကြသည်မှာ အစဥ်အလာသဖွယ်ဖြစ်နေခဲ့ပြီးဖြစ်သည်။ ယင်းကဲ့သို့ ကျူးလွန်မှုများကို စစ်ခေါင်းဆောင်များက အကာအကွယ်ပေးခြင်း တို့ဖြင့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်၊ စစ်မြေပြင် ပဋိပက္ခဧရိယာများတွင် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။ 

မဝေးသေးသည့် လပိုင်း နှစ်ပိုင်းကပင် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ၊ ကျောက်တော် မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ အမ်း စသည့် ဒေသများတွင် ရိုဟင်ဂျာဟု ခေါ်ဆိုသည့် မွတ်ဆလင်ဘာသာဝင်များကိုလည်းကောင်း ရခိုင်ဒေသခံများကိုလည်းကောင်း နှိပ်စက်၊ သတ်ဖြတ် ခဲ့ကြသည်မှာ သမိုင်းဟုဆိုလျင် ရေးသားသည့်မှင်ပင် မခြောက်သေးဟု ဆိုရပေမည်။

#MoeMaKaMedia #WhatsHappeningInMyanmar