Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ခင်မြဇင်၊ ကိုရွေး၊ နေထက်နိုင်၊ မင်းငြိမ်းအေး၊ ညိုထက်ညို ...တို့၏ကဗျာများ

Crd- Ko Ko Naing

လူကလေးရေ (၄)
ခင်မြဇင်

တို့တိုင်းပြည်
နေရာအနှံ့ က
ပိုင်ရှင်မဲ့
ဘိနပ်ကလေးတွေကိုယ်စား
လူကလေးသွားရမယ်
တို့ရန်ကုန်တမြို့လုံး
မီးခိုးမြူတွေဖုံးလို့
လူအုပ်ကြားပစ်ခတ်တဲ့
သေနတ်သံတွေ
ယမ်းငွေ့တွေကလည်းမစဲ
လူဖမ်းပွဲတွေလည်း
တွေ့နေရပါရဲ့
ဒါပေမယ့်
နွေဦးရဲ့ ပန်းတွေကမွှေးလှတယ်
လူငယ်တွေကသွေးရဲတယ်
အကြမ်းဖက်မှုတွေကို
သက်သေပြဖို့
ဒဏ်ရာရသူတွေကိုကူညီဖို့
တယောက်ပါရင်တအားတိုးဖို့
 အနယ်နယ်အရပ်ရပ်က
ပိုင်ရှင်မဲ့သွားခဲ့ရတဲ့
ဘိနပ်ကလေးတွေကိုယ်စား
လူကလေးသွားရမယ်
ဘာပဲဖြစ်ဖြစ်
သည်ကနေ့မှာ
ကျည်အစစ်နဲ့ပစ်ခတ်နေတဲ့
နေရာတွေမှာလည်း
ကြံ့ကြံ့ခံတော်လှန်နေတဲ့
နွေဦးပန်းတွေဆီ
လူကလေးသွားရမယ်
အမေ ဆိုတာက
လူကလေးခံစားရမယ့်
ဝေဒနာအားလုံံး
ရနိုင်သမျှ
ကိုယ်သာခံယူချင်သူပါ
ကိုယ့်လူကလေး
နာကျင်ထိခိုက်မှာ
သွေးမြေကျမှာ
မစိုးရိမ်ပဲဘယ်မှာရှိပါ့မလဲ
ဒါပေမယ့်
သည်ကနေ့တော့
လူကလေးသွားရမယ်
နွေဦးပန်းတွေရဲရဲနီနိ
ပွင့်နေတဲ့သည်နွေဦး
ပိုင်ရှင်မဲ့သွားရှာတဲ့
ဘိနပ်ကလေးတွေကိုယ်စား
လူကလေးသွားပါကွယ်။

ခင်မြဇင်
3-3-2021
...

ဖိုက်တင်း ရန်ကုန်
ကိုရွေး

ရန်ကုန်ကို တစ်ဂိုးသွင်းရင်
ရန်ကုန်က နှစ်ဂိုးပြန်သွင်းရမှကျေနပ်တယ်
ခေတ်အဆက်ဆက်မှာ
သစ်ရွက်တစ်ရွက်ကြွေတိုင်း
သစ်ခက်တစ်ခက်ပြန်ဝေခဲ့တာပဲ
ရန်ကုန်ဟာ ခြောက်တိုင်းမကြောက်သလို
မြှောက်တိုင်းလည်းမမြောက်ဘူး
ရန်ကုန်ဟာ ပြောတိုင်းမယုံသလို
ယုံတိုင်းလည်းမပြောဘူး
ရန်ကုန်ဟာ မျက်စေ့ကြီးသလို
နားကြီးတယ် ဦးဏှောက်ကြီးတယ်
လိုအပ်ရင် ဆူညံပေါက်ကွဲပြီး
လိုအပ်ရင် တိတ်ဆိတ်ငြိမ်သက်တယ်
ရန်ကုန်ဟာ အမြန်ရတယ်
အနှေးရတယ် ရပ်ထားလို့လည်းရတယ်
လမ်းတွေပေါ်မှာ GZ တွေအပြည့်ရှိတယ်
လေထဲမှာ GZ တွေဝဲနေတယ်
မနက်ဖြန်ဘာလုပ်မလဲမမေးနဲ့
မနက်ဖြန်ဘာလုပ်သလဲလာကြည့်လိုက်။

ကိုရွေး
7 mar 2021
...

ကာချင်းသစ်
နေ ထက် နိုင်
 
သတ္တိ​သွေး​တွေ
ရဲရဲ​​နီလော ၊  ရဲရဲနီ  ရဲရဲနီ
စစ်ရဲ ​သောင်းသိန်း ​
သေနတ်သံ ဟိန်းလည်း
မအလ​တွေ   
မနိုင်  မနိုင်
မအလ​တွေ  
မနိုင် မနိုင် 
အ​ရေး​တော်ပုံကြီး ​၊ မြေတုန်ဟီး
​အောင်ရမည် ​အောင်ရမည် 
အ​ရေး​တော်ပုံကြီး ၊ ​မြေတုန်ဟီး
​အောင်ရမည်  ​အောင်ရမည်  ။

နေ ထက် နိုင်
မတ်လ ၄ ရက် ည
...

ဆန်းစစ်လေ့လာသူသို့
မင်းငြိမ်းအေး

အရွက်မကြွေတဲ့နွေဦးဟာ
မြောက်ဝန်ရိုးစွန်းရာသီမှာရှိတယ်။
တစ်နေရာမှာနေထွက်ရင်
တစ်နေရာမှာနေဝင်သွားတာပဲ။
အပင်နဲ့မလိုက်တဲ့ပန်းတွေရှိသလို
ဦးနှောက်နဲ့မထိုက်တန်တဲ့လူတွေလည်းရှိခဲ့။
အောင်ဆန်းဟာ
နတ်မောက်မြို့လေးမှာ
သရဲကြောက်တတ်တဲ့အကောင်
ဗိုလ်ချုပ်ရာထူးကမတက်တော့တဲ့မြေလတ်သား။
နားရှင်းအောင်ပြောရင်
ဒါကဗျာမဟုတ်ဘူး
ကဗျာလုပ်ထားတဲ့ဝါကျတည်ဆောက်ပုံ။
ခင်ဗျားဆက်လေ့လာလို့ရပါပြီ ။

မင်းငြိမ်းအေး
...

ငါး
ကေဇဝင်း... သို့
ညိုထက်ညို

ရေမြေလေမီး
ဓာတ်ကြီးတွေဆုံမှ
ပွင့်ခဲ့ရတဲ့ဘဝမှာ
လူ့ပြည်အပ်တစ်စင်းနဲ့
ဗြဟ္မာ့ပြည်အပ်တစ်စင်း
အဲဒါမင်းပဲ။
အရေပြားတစ်ထောက်စာအောက်မှာ
လက်ပံတောင်းတောင်ကြီး ရှိနေခဲ့
မင်းရဲ့ ဆုပ်ထားတဲ့လက်ထဲ
သွေးရဲရဲယို
မတ်လဆိုတာ တော်လှန်ရေးရဲ့ ဖွားရာကာလ
သစ်ရွက်တို့ စိမ်းစိမ်းဆတ်ဆတ် ကြွေရာမြေ
မြင်မြင်လေရာ တံလျှပ်တွေနဲ့။
" ခင်ဗျားနဲ့ ကျွန်တော်ကွဲလွဲလည်း
ခင်ဗျားအတွက် ကျွန်တော်အသက်ပေးဦးမှာပါပဲ"
ခင်ဗျားရဲ့စကား
ဓားကိုထုတ်ပြီး ရှေ့တိုးလို့ခုတ်လိုက်တဲ့အလား။
အဖမ်းခံရတုန်းက အကောင်း
ပြန်ရလိုက်တော့အလောင်းတဲ့
လူသာမက
ကျည်ပါ ယုတ်မာလွန်းပြီ။
ဆိုလိုတာက
တို့အားလုံးဟာ လှေဝမ်းထဲမှာ ဖမ်းခံရတဲ့ ငါးတွေပါ
အပေါ်ဆုံးမှာရှိတဲ့ ငါးတွေသာ
အုံကာကြွလို့
ရေထဲကိုပြန်ခုန်ချနိုင်တဲ့ အခွင့်အရေးရပေလိမ့်။
ဒီလိုအခြေအနေမှာ
ရှိသမျှ အားအကုန်နဲ့
ဟိုးလှေဝမ်းအောက်ဆုံးကို ခင်ဗျား မျက်ဝါးထင်ထင်တိုးဝင်သွား
ကေဇဝင်းရေ
ခင်ဗျားဟာ အချိန်စီးတယ်
ခင်ဗျားဟာ ရှာမှရှားတဲ့ ငါး ဖြစ်တယ်
ဒီလောက်ဆို ပြည့်စုံပါပြီ ။   ။

ညိုထက်ညို
...