စေတ - ၂၀၂၁ ခံစားမှု၏ နာရီစက်သံများ
၂၀၂၁ ခံစားမှု၏ နာရီစက်သံများ
စေတ
(မိုးမခ) မတ် ၃၁၊ ၂၀၂၁
ဒီကာလအတွင်း
ကျနော်ရေးဖြစ်တဲ့ကဗျာအနည်းငယ်
မဟုတ်သေးဘူး
အာဏာရှင်ဗိုလ်ချုပ်ကြီးတွေရဲ့ခေတ်အားလုံးမှာ သေရေးရှင်ရေး ရေးဖြစ်ခဲ့တဲ့ကဗျာတွေ
ကျနော့်မှာရှိတာ ဒါပဲ
၁၉၆၀ ဆယ်စုနှစ်အတွင်း ကျနော်ဖြတ်သန်းခဲ့ခေတ်တလျှောက်
အခုထက်မလျော့နည်းတဲ့နာကျင်မှုတွေ
ထိုမှဆက်ပြီး ၁၉၇၀ ဆယ်စုနစ်အတွင်း
အခြယ်အလှယ်ခံလူတန်းစားရဲ့ စိတ်ဖိအားဒဏ်ခံရမှုများ
ထိုမှတဖန် ၁၉၈၀ ဆယ်စုနစ်ရဲ့ အုပ်ချုပ်သူလူတန်းစားရဲ့ဖိနှိပ်မှုလှိုင်းများ
ထိုမှတဖန် လူ့အရိုင်းစိုင်းများရဲ့ ခါးသီးတဲ့
ကုန်ထုတ်လုပ်မှုဆက်ဆံရေးများ
နောက်ဆယ်စုနှစ် သုံးလေးခုမျှ ဒဏ်ရာဒဏ်ချက်များ
ရွှေရည်စိမ်လွတ်လပ်ခွင့်များ
အတုအယောင်ဒီမိုကရေစီရဲ့အဆိပ်ပွင့်များနမ်းရှိုက်
လူမိုက်တွေ လူလယ်တွေနေတဲ့တိုင်းပြည်မှာ
ကျနော်ဟာပညာမဲ့တဲ့
ပညာတတ်တယောက်မျှသာဖြစ်ခဲ့တယ်
ဒါပေမဲ့ကျနော်မဖြစ်ချင်ဆုံးက
ဘဝတလျှောက်လုံး အာဏာရှင်တွေကို
အမြဲတန်းကြောက်နေရတဲ့လူညံ့တယောက်
ဟော လမ်းမထက်က အသံတွေ
မြင့်မားတဲ့တုန်ခါနှုန်းတခုနဲ့
ဟိန်းထွက်လာတယ်
"ကျနော်တို့မှာအနာဂတ်ရှိတယ်"
လမ်းပေါ်က သက်စွန့်ဆံဖျားဂျန်ဇီတွေရဲ့ အော်သံတွေ
ရင်ထဲမှာ တခန်းလုံးတောက်လောင်
ဒီည နာနာကြည်းကြည်း ခံပြင်းစွာနဲ့
သံပုံး တွေကို အိမ်က အယ်လ်ဖာ ဂျီ တယောက်နဲ့
တနိုင်ငံလုံးကြားအောင် သံပြိုင်
တီးခတ်မိပါရဲ့။ ။
စေတ