Breaking News

ဘိုးညီတင့် - ဗရုတ်အဖွဲ့ဝင်မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ကျွမ်းကျင်ပညာရှင်၊ သုခမိန်၊ ပါရဂူ၊ ပါမောက္ခ ဒေါက်တာဘိုးညီတင့်နှင့် တွေ့ဆုံခြင်း



ဗရုတ်အဖွဲ့ဝင်မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ကျွမ်းကျင်ပညာရှင်၊ သုခမိန်၊ ပါရဂူ၊ ပါမောက္ခ ဒေါက်တာဘိုးညီတင့်နှင့် တွေ့ဆုံခြင်း

ဘိုးညီတင့်
(မိုးမခ) မတ် ၈၊ ၂၀၂၁

            ကျနုပ်တို့၏ Win_Win သတင်းဂျာနယ်အကြီးတန်းသတင်းထောက်ဇကလေးသည် ဗရုတ်အဖွဲ့ဝင်မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူကျွမ်းကျင်ပညာရှင်၊ သုခမိန်၊ ပါရဂူ၊ပါမောက္ခကြီးဒေါက်တာဘိုးညီတင့်နှင့်ဖောင်းကားစားမောင်မောင်ဇရပ်ပျက်ကြီးပေါ်ဝယ် တွေ့ဆုံမေးမြန်းခွင့် အခွင့်ထူးကြီးကို ရရှိခဲ့ပေရာ အောက်ပါအတိုင်းမေးမြန်းခဲ့သောဟူ၏။

ဇကလေး။  ။ ပါမောက္ခကြီးခများ။ ဘာမှမရှိတာထက်စာရင်တခုခုရှိတာကောင်းတယ်။၂၀၀၈အောက်ဝင်ရမယ်။လမ်းပေါ်နိုင်ငံရေးခေတ်ကုန်သွားဘီလို့ ပါမောက္ခကြီးပြောခဲ့ပါတယ်။အဲဒါ။

ဘိုးညီတင့်။။ အဲဒါတွေဘာတွေလုပ်မနေနဲ့။ အဲဒီတုန်းကစစ်အုပ်စုအကြိုက်လော်ဘီလုပ်ပေ းအဲလေဟုတ်ပေါင် အဲဒီခေတ်အခြေအနေအရ လေ့လာသုံးသပ်ပြခဲ့တာ။ ချေးခြောက်ရေနှူးမနေနဲ့။ မေးခွန်းမေးမှာဖြင့်မြန်မြန်မေး။အချိန်ကြာကြာမပေးနိုင်ဘူး။

ဇကလေး။။ ဟုတ်ကဲ့။ ပါမောက္ခကြီးခများ။ အခုနွေဦးတော်လှန်ရေးမှာ ပြည်သူတွေအောင်ပွဲခံနိုင်ပါ့မလားခမျာ။

ဘိုးညီတင့်။  ။အဲဒါပေါ့နော်။ အဲဒီကိစ္စပေါ့နော်။ ပြည်သူတွေအနိုင်ရမလား။ အာဏာသိမ်းစစ်အုပ်စုအနိုင်ရမလား‌ပေါ့နော်။ ကျနော်တို့စောင့်ကြည့်ရဦးမယ်ခမျ။

ဇကလေး။  ။ ချိန်ဘာလိန်ပြောခဲ့တာကနိုင်ငံရေးသမားဆိုတာအနာဂတ်ကြိုမြင်ရတယ်တဲ့။ ဆရာအဲပါမောက္ခကြီးကစောင့်ကြည့်ရဦးမယ်ဆိုတော့။

ဘိုးညီတင့်။။ ချိန်ဘာလိန်ခေတ်နဲ့ခုခေတ်မတူတော့ဘူးလေ။ခုခေတ်ကအတွေးသစ်အမြင်သစ်ကမ္ဘာပြား‌ခေတ်။မြန်မာ့နိုင်ငံရေးလောကမှာဒီစောင့်ကြည့်ရဦးမယ်စကားလုံးရေလဲသုံးပြီးငါလုပ်စားလာတာကြာပြီ။ မင့်မေးခွန်းသာဆက်မေး။

ဇကလေး။  ။ဟုတ်ကဲ့။ တကယ်လို့ပြည်သူတွေနိုင်ရင် မြန်မာ့နိုင်ငံရေးဘယ်လိုပြောင်းလဲလာနိုင်ပါသလဲ ပါမောက္ခကြီးခမျာ။

ဘိုးညီတင့်။။ ချုပ်ပြောရရင် ပြည်သူတွေနိုင်ရင် ပြည်တွင်းစစ်ရပ်သွားမယ်။ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာမယ်ပေါ့။ ပြည်သူတွေနိုင်ရင်ပြည်သူတွေဘာအလုပ်မှမလုပ်ဘဲနဲ့ခြောက်လအတွင်းမြန်မာ့စီးပွားရေးဦးမော့လာမယ်။ တနှစ်အတွင်းစင်္ကာပူကိုကျော်သွားလိမ့်မယ်။

ဇကလေး။။ ပြည်သူတွေကဘာအလုပ်မှမလုပ်ဘဲစီးပွားတိုးတက်ရမယ်လို့ ပါမောက္ခကြီးရယ်။ ဖြစ်နိုင်ပါ့မလား။

ဘိုးညီတင့်။ ။ သိပ်ဖြစ်နိုင်တာပေါ့။ ပြည်သူတွေနိုင်ရင် စစ်အုပ်စုရဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးဖျက်သိမ်းခံရမယ်။ ဒီတော့စစ်သုံးစရိတ်မရှိတော့ဘူး။အနောက်တိုင်းစစ်ရေးပါရဂူတဦးပြောဖူးတယ်။ မြန်မာပြည်မှာပြည်တွင်းစစ်မရှိရင်အမြဲတမ်းကာကွယ်ရေးတပ်သားတသောင်းဆိုရင်လုံလောက်သတဲ့။ စစ်အသုံးစရိတ်မရှိ။စစ်တပ်ပိုင်ကုမ္ပဏီကပြည်သူပိုင်ဖြစ်ရင် ပြည်သူတွေအလုပ်မလုပ်ဘဲအလိုလိုချမ်းသာပြီပေါ့ဗျာ။ နောက်ပြီးကိုယ့်မြေယာကိုစစ်တပ်ပိုင်ဆိုပြီးသီးစားခပေးနေရတာတွေလဲမရှိတော့ တောင်သူလယ်သမားတွေဝင်ငွေတိုးမယ်။ အမြို့မြို့အနယ်နယ်ရှိစစ်စခန်းတွေကိုလည်း ဆေးရုံ၊စာသင်ကျောင်းတွေအဖြစ်ပြောင်းလဲလိုက်ရင် တည်ဆောက်ရေးစရိတ်တွေအပိုထွက်လာမယ်ပေါ့။

ဇကလေး။  ။ တကယ်လို့ပြည်သူတွေရှုံးသွားရင်ကောပါမောက္ခကြီး။ ဘာတွေဖြစ်လာနိုင်ပါသလဲ။

ဘိုးညီတင့်။။ ။ ပြည်သူတွေရှုံးရင် ဒုတိယအကြိမ်မြောက်သဘောက်ပြန်ဖြစ်မယ်။

ဇကလေး။  ။ ခမျာ။ ဒုတိယအကြိမ်သဘောက်ဖြစ်မယ်။

ဘိုးညီတင့်။။ အေးလေ။ မြန်မာပြည်အင်္ဂလိပ်ကသိမ်းတော့ အိန္ဒိယနိုင်ငံဆွဲသွင်းခဲ့တယ်။ အင်္ဂလိပ်ကျွန်ကုလား။ ကုလားကျွန်မြန်မာ။ ကျွန့်ကျွန်ဆိုတော့သဘောက်ဖြစ်ရတာပေါ့။ ခုလဲဆွေမျိုးပေါက်ဖော်ကျွန် စစ်အုပ်စု။ စစ်အုပ်စုရဲ့စစ်ကျွန် ပြည်သူတွေသဘောက်ဖြစ်တော့မှာပေါ့။

ဇကလေး။။ ။ ကြောက်စရာကြီးပါလားပါမောက္ခကြီးရယ်။ စစ်ကျွန်သဘောက်ဖြစ်သွားရင် ပြည်သူတွေရဲ့အနေအထားဘယ်လိုရှိမလဲ။

ဘိုးညီတင့်။။ ။ မဆလ၊ နဝတ၊ နအဖခေတ်ထက် အဆရာထောင်ဆိုးတဲ့ခေတ်ကြီးရောက်သွားမယ်။ စစ်အုပ်စုကနိုင်ရင် ပထမဆုံးချေမှုန်းခံရမှာက အယ်လ်အင်န်ဒီပဲ။ ပါတီဖျက်သိမ်းခံရမယ်။ ပါတီဝင်တွေဖမ်းဆီးသတ်ဖြတ်ခံရမယ်။ ထောင်ချခံရမယ်။ ပြီးရင် ဂျန်ဇီတွေ။ တက်ကြွလှုပ်ရှားသူတွေအားလုံ းနှိပ်ကွပ်ခံရလိမ့်မယ်။ ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးနှိပ်စက်တာထက် အဆတရာသာလိမ့်မယ်။ အာဏာရှင်ပိုပေါ့လို ပြည်သူလေးပုံတပုံကုန်အောင်သတ်ပြစ်မလားပဲ။ ပြည်သူလူထုကိုနှိပ်ကွပ်နိုင်ပြီးရင်တိုင်းရင်းသားလက်နက်ကိုင်တွေအလှည့်ပဲ။ ပေါက်ဖော်ကြီးကမြစ်ဆုံရထားပြီဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေမွေးစရာမလိုတော့ဘူး။ စစ်တပ်တတပ်ထဲသာရှိဖို့လိုတော့တယ်။ ဒါကြောင့် စစ်အာဏာသိမ်းအစိုးရကနိုင်သွားရင် တပြည်လုံးဖွတ်ဖွတ်ညက်ညက်ကျေပြီဘဲ။ ဒါကိုအန်နဒီ၊ စီအာပီပိတ်ခ်ျတို့ ကောင်းကောင်းကြီးသဘောပေါက်ကြဖို့လိုပါတယ်။

ဇကလေး။  ။ အခုလိုတွေ့ဆုံမေးမြန်းခွင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ပါမောက္ခကြီးခများ။

ဘိုးညီတင့်။  ။ ကျေးဇူးတင်ရုံနဲ့မရဘူးလေ။ ကျုပ်ဟောပြောပွဲဆိုရင်အခကြေးငွေပေးတက်ရတယ်။ ကျုပ်သင်တန်းပို့ချရင်လည်းအခကြေးငွေနဲ့ဘဲ။ တနာရီဒေါ်လာတရာဘဲ။မောင်ရင်ကသတင်းထောက်ငမွဲဆိုတော့ ဒေါ်လာနဲ့မတောင်းပါဘူး။ မြန်မာငွေနဲ့ပါသလောက်ပေးထားခဲ့။

သို့နှင့်ကျနုပ်တို့၏သတင်းထောက်ဇကလေးသည် ပါလာသည့်မြန်မာငွေကလေးဖြင့် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ၊ဗရုတ်အဖွဲ့ဝင် ပညာရှင်ပါရဂူပါမောက္ခကြီးအားပူဇော်ခဲ့ရလေသတည်း။။ ။။

စစ်အာဏာရှင်ကျဆုံးပါစေ။
အရေးတော်ပုံအောင်ပါစေ။

ဘိုးညီတင့်