(မိုးမခ) မတ် ၂၆ - မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ- အောင်ဝေး၊ နေစိမ့်
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ- အောင်ဝေး၊ နေစိမ့်
(မိုးမခ) မတ် ၂၆၊ ၂၀၂၁
.....
အဝါရောင် ခေါ်သံ
အောင်ဝေး
အောင်ပင်လယ်မှာ
တူးပို့သံတွေကြားရင်
သမီးကို ခေါ်နော်။
အောင်ပင်လယ်မှာ
ပိတောက်ပန်းဝါ၀ါတွေပွင့်ရင်
သမီးကို ခေါ်နော်။
ခေါ်သံတွေ
သမီး မကြားရင်။
သမီးအိပ်ပျော်နေတဲ့
ဟောဒီ မူဆလင်သုသာန်ကလေးမှာ
လာနှိုးပါနော်။
မန်းသင်္ကြန်မှာ
သမီး
နန်းဆန်ရဦးမှာနော်။ ။
[မခင်မျိုးချစ်၊ အသက်(၇)နှစ်၊ မတ် ၂၃၊ ၂၀၂၁၊
(မတ် ၂၄၊ ၂၀၂၁)
...
အောင်သေ အောင်သားပွဲတော်
နေစိမ့်
ရာသီက ပွင့်လင်းရာသီပါပဲ
နေ့ခင်းကြောင်တောင် မှောင်တယ်
ယုံကြည်ရာ ကွဲပြားပေမယ့်
ဒဏ်ရာတွေ တူကြတော့
လျှာပေါ်မှာ တက်တူးကိုယ်စီနဲ့
လူ့အသက်ထဲ
ကြက်တွေငှက်တွေ ပြုတ်ကျလာသလို
သွေးစက်တွေက
နိုင်ငံတော်အလံကို ခြယ်သဖို့ ဖြစ်လာတယ်
နှင်းဆီတွေ ထပ်ပွင့်ဖို့ နှင်းကျမှာမစောင့်တော့ဘူး
နေရောင်ခြည်ထဲ အအေးခံထားလိုက်မယ်
ဘယ်တော့မှ မမွှေးတာ
တော်လှနေ်ရေးတိုင်းရဲ့ အနံ့ပဲ
နံနက်ခင်းကို ကင်းပုန်းဝပ်ပြီး နားစွင့်လို့
အရေးတော်ပုံကြေးစည် ထုတဲ့နေ့
ဘယ်သူ့နာမည်မှ မမေ့နဲ့။ ။