ပြည်ပရောက် မြန်မာများက CRPH Support ချိတ်ဆက်မှုများ ဆောင်ရွက်လျက်ရှိ
ပြည်ပရောက် မြန်မာများက CRPH Support ချိတ်ဆက်မှုများ ဆောင်ရွက်လျက်ရှိ
(မိုးမခ) မတ် ၂၆၊ ၂၀၂၁CRPH လွှတ်တော်ကိုယ်စားပြုကော်မီတီနှင့် ယာယီအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ နိုင်ငံရေးရည်မှန်းချက်များ လုပ်ငန်းစဉ်များကို community support ဝိုင်းရံကူညီပေးနိုင်ရန် ဒေသအလိုက် အစုအဖွဲ့အလိုက် ဆောင်ရွက်နေကြရာမှ အချင်းချင်းချိတ်ဆက် ဆောင်ရွက်မှုများ ဖော်ဆောင်နိုင်သည်အထိ ကြိုးစားလာကြသည်ကို တွေ့ရသည်။
ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာအသင်းအဖွဲ့များ လူပုဂ္ဂိုလ်တဦးချင်းစီများ မြန်မာပြည်အရေးကို မိမိတို့နေရာအသီးသိးကနေ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အပတ်စဉ်ဆန္ဒပြခြင်း၊ CDM Support ရန်ပုံငွေများ စုဆောင်းလှူဒါန်းခြင်း၊ CDM Diplomat များအတွက် ရန်ပုံငွေစုဆောင်းခြင်း နှင့် CRPH လုပ်ငန်းများအတွက် ဝိုင်းဝန်းအလှူငွေများ ပေးပို့ခြင်းတို့ကို ဆောင်ရွက်နေကြသူများ အစုများ ယနေ့ညက community meeting ပြုလုပ်ပြီး သတင်းအချက်အလက်များ မျှဝေခြင်း၊ ဝိုင်းဝန်းတိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ခဲ့ကြသည်။ Community Support for CRPH အဖြစ် ချိတ်ဆက်ကြရာတွင် အမေရိကန်ရှိ CRPH နိုင်ငံတကာဆက်သွယ်ရေးတာဝန်ခံ ကိုထင်လင်းအောင်ကို အသိပေးတိုင်ပင် ဆက်သွယ်ဆောင်ရွက်ကြမည်ဟု ဆိုပါသည်။
CRPH ၏ လုပ်ငန်းစဉ်များထဲတွင် ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ ဖယ်ဒရယ်တပ်မတော်ကြီး ဖွဲ့စည်းနိုင်ရေး၊ တိုင်းရင်းသားအဖွဲ့များ ကွန်မြူနီတီများနှင့် ချိတ်ဆက်သဘောတူညီမှုရရှိနိုင်ရေးတို့မှာ အရေးကြီးသည့် အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ ပြည်ပရောက် မြန်မာလူမျိုးစုံတို့အနေနဲ့ ထိရောက်အောင်မြင်သောထောက်ခံမှုများဖြစ်စေရန် အခုလို ချိတ်ဆက် တိုင်ပင်ကြသည်ဟု ဆိုသည်။
ယခုကဲ့သို့ ဝိုင်းဝန်စီစဉ်ကြသူများထဲတွင် ဆန်ဖရန်ဘေးဧရိယာတွင် နေထိုင်သည့် ယခင်ကအင်န်အယ်ဒီပါတီတွင် တာဝန်ခံဆောင်ရွက်ခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်ကြသည့်ကိုထွန်းမြတ်ဦး၊ ကိုဝင်းလှိုင်၊ ကိုထိန်လင်းနှင့် ကိုမြင့်စိုးတို့လည်း ပါဝင်ဆွေးနွေးကြသည်။ တက်ရောက်ကြသူများထဲမှ လူငယ်များက ယခု ဆန်ဖရန်ဘေးဧရိယာအတွင်း သူတို့လုပ်နေသည့် ကင်ပိန်းလုပ်ငန်းများ၊ ရန်ပုံငွေရှာဖွေခြင်း၊ ဆန္ဒပြပွဲများ လှုံဆော်ခြင်းတို့ ဆောင်ရွက်နေကြပုံများကို ဆွေးနွေးကြသည်။ NCGUB ဝန်ကြီးဟောင်း ဦးဘိုလှတင့် နှင့် နည်းပညာပါရဂူတဦးဖြစ်သူ ဒေါက်တာကျော်တင့်တို့က ဆွေးနွေးရာတွင် မြန်မာပြည်အရေးအတွက် နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သော ပညာရှင်များ၏ Think Tank အဖွဲ့များ ဖော်ဆောင်နိုင်ရေး လိုအပ်သည်ဟု ထောက်ပြကြသည်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ တိုင်းရင်းသားများ အဖွဲ့အစည်းများနှင့်လည်း ဆက်လက်ချိတ်ဆက် ဆွေးနွေးတိုင်ပင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလို ဘေးဧရိယာကဲ့သို့ အမေရိကန် အရှေ့အနောက် တောင်မြောက် မြန်မာကွန်မြူနီတီများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ ဆက်လက် ဖော်ဆောင်သွားလိုကြောင်း၊ မြန်မြန်ထက်ထက် မြန်မာပြည်သူများ စုပေါင်းအင်အားဖော်ဆောင်နိုင်သကဲ့သို့ CRPH ၏ အချိန်နှင့်တပြေးညီ ပြန်ကြားမှုများ လှုပ်ရှားမှုများကိုလည်း မိမိတို့ ကွန်ယက်များအတွင်း ဖြန့်ချိနိုင်မည် အကြံပေးနိုင်မည် ဟု ကိုထွန်းမြတ်ဦးက ပြောဆိုသည်။
အများစုသော တက်ကြွလှုပ်ရှားသူများကတော့ ပြည်ပက မြန်မာများ၏ အကူအညီများ အလှူငွေများ မြန်မာပြည်တွင်းရှိ သပိတ်လှုပ်ရှားမှုများ၊ CDM ဝန်ထမ်းများ၊ CRPH လုပ်ငန်းစဉ်များဆီသို့ အမြန်ဆုံး အထိရောက်ဆုံး ရောက်ရေးကို ဆွေးနွေးကြသည်။ ပြည်ထောင်စုတပ်မတော်ကြီး အင်အားဖြင့် ပြည်တွင်းရှိမြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးစေလိုကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
#MoeMaKaMedia
#WhatsHappeningInMyanmar