Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၉ ရက် မြောက်နေ့ မြင်ကွင်း

သံလွင်တိုင်းဖေ့စ်ဘွတ်(မတ် ၃၁၊ ၂၀၂၁)


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၉ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၃၁၊ ၂၀၂၁

ယနေ့ကျဆုံးသူပေါင်း - ၁၆ မှာ နယ်မြေအလိုက် စာရင်းအရ
ရွှေကျင် (တပ်မဟာ ၃) - ၁၁၊ ဂန့်ဂေါ - ၂၊ ကလေး - ၁၊ ဒဂုံမြို့သစ်ဆိပ်ကမ်း - ၁၊ နေပြည်တော် - ၁ လို့ သိရပါတယ်။

ရန်ကုန်မြို့ကို CNN သတင်းထောက်ချုပ် လာတယ်ဆိုတဲ့ သတင်းက ဒီနေ့ ရန်ကုန်မြို့က လူထုကို အမြင်အမျိုးမျိုး ပေါ်ထွက်စေတာ သိရကြားရပါတယ်။

CNN ကလာမှ “သတင်းထောက်” လား ၊ မြန်မာ့နွေဦးလှုပ်ရှားမှု၊ စစ်အာဏာသိမ်း ဆန့်ကျင်မှု ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပြည်တွင်းက သတင်းသမားတွေ အသက်အန္တရာယ်ကြားက ကျည်ဆန်ကြားက၊ နံပါတ်တုတ်အရိုက်ခံ၊ စစ်ဖိနပ်နဲ့ အကန်ခံ၊ သေနတ်နဲ့ အပစ်ခံ ၊ ထောင်အကျခံ အချုပ်ခံပြီး တင်ပြခဲ့ကြတာ ခု CNN သတင်းသမားတွေလာမှ သတင်းဖြစ်တာလားဆိုတဲ့ သတင်းသမားတွေရဲ့ မချင့်မရဲ ဖြစ်မှုတွေလည်း ကြားရသိရပါတယ်။

လူထုကတော့ နိုင်ငံတကာမှာ သြဇာ၊ ပရိသတ်အများကြီးရှိတဲ့ ကမ္ဘာကျော် သတင်းဌာနက ရောက်လာတယ်ဆိုတော့ ဒီမှာ ဖြစ်နေတဲ့ အခြေအနေကို အရင်းအတိုင်း မြင်သွားစေချင်တဲ့ ဆန္ဒကြီးစိုးနေကြတာတွေ့ရပါတယ်။ ဒီနေ့ဆို ခါတိုင်း ည ၈ နာရီ သတင်းထုတ်လွှင့်ချိန်မှ တီးကြတဲ့ သံပုံးတီးတာကို နေ့ခင်းကြီး ၁ နာရီမှာ မြို့နယ် အတော်များများတီးကြလို့ မသိတဲ့သူတွေက ဘာဖြစ်လို့လဲလို့တောင် ရုတ်တရက် ဇဝေဇဝါဖြစ်ခဲ့ကြတာတွေ့ရပါတယ်။

တချို့မြို့နယ်တွေမှာ ဒီနေ့နေ့ခင်းပဲ ၃ ကြိမ်လောက် တီးခဲ့ကြတယ်လို့ဆိုပါတယ်။ ရန်ကုန်ရဲ့ မြို့နယ်အချို့မှာလည်း ပျောက်ကြားဆန္ဒပြတာတွေ လမ်းမှာ အတားအဆီး ပြန်ချတာတွေ၊ ကားတာယာကို လမ်းလယ်မှာ မီးတင်ရှို့တာတွေ နေ့ခင်းကတည်းက ဟိုနားသည်နား ဖြစ်နေတာတွေ့ရပါတယ်၊။ မြောက်ဒဂုံ ပင်လုံလမ်းမ၊ ရန်ကင်း ဂွတ်တလစ်ရပ်ကွက်၊ ဗဟန်း ဗိုလ်စိန်မှန်ရပ်ကွက်တို့မှာ ညနေစောင်း ကားတာယာမီးရှို့တာတွေ ဖြစ်ပြီး စစ်တပ်က ပစ်လို့ ဘဏ်က အိမ်အပြန် ရုံးကြိုကားပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီး ဘဏ်ဝန်ထမ်းတဦးကျည်ထိပြီး သေဆုံးခဲ့ရပါတယ်။

နံနက်ပိုင်းကတည်းက ရန်ကုန်မြို့ရဲ့ မြို့နယ်တွေ လမ်းတွေပေါ်က ကားတာယာတွေ၊ ဝါးကပ်တွေ အတားအဆီးတွေကို စည်ပင်ကား စစ်ကား လုံးထိန်းကားတွေ တန်းစီလှည့်လည်ပြီး လိုက်သိမ်းနေတာ တွေ့ရပါတယ်။ မြောက်ဒဂုံဘက်မှာတော့ စစ်ကား စည်ပင်ကားတွေပါတဲ့ ကားတန်းနဲ့ ရပ်ကွက်နေလူထုကို သဲအိတ်၊ ကားတာယာ၊ အခြားအတားအဆီးတွေ နဲ့ လမ်းမပိတ်ဖို့ ယနေ့မှစပြီးနောက် ၃ ရက်ဆို တွေ့တာနဲ့ ပစ်ခတ်ဖမ်းဆီးမယ်ဆိုတာကို ရပ်ကွက်လူထုသိအောင် လော်စပီကာနဲ့ လိုက်လံကြေညာနေတယ်လို့ မြို့နယ်မှာနေထိုင်သူတွေ ပြောဆိုလို့ကြားသိရပါတယ်။ မြောက်ဒဂုံက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်ထဲ ပါဝင်နေတာလည်း ဖြစ်ပါတယ်။

နောက်စိတ်မချမ်းမြေ့စရာ သတင်းတပုဒ်က နေပြည်တော်က အန်အယ်လ်ဒီ မြို့နယ် အလုပ်အမှုဆောင် ဦးကျော်ကျော် ခေါ် အဂ္ဂမိုးညို ကို ပြီးခဲ့တဲ့ သီတင်း ၂ ပတ်က ဖမ်းဆီးပြီးမနေ့က သေဆုံးကြောင်း မိသားစုကို အသိပေးလာတယ်ဆိုတာပါ။ ခုလို ဖမ်းဆီးပြီး သေဆုံးသွားတဲ့သူတွေ အန်အယ်လ်ဒီပါတီ ထဲကတင် ၄ ယောက်ထက်မနည်း ရှိပြီး ဆန္ဒပြသူတွေထဲမှာဆိုရင်တော့ ဒါဇင်နဲ့ ချီရှိပါတယ်။ အန်အယ်လ်ဒီပါတီရဲ့ မြို့နယ်၊ အောက်ခြေ ခေါင်းဆောင်လိုမျိုးတွေကို ကြောက်လန့်ခြောက်ခြားပြီး ပါတီကိုစွန့်ခွာအောင် ခုလိုသတ်ဖြတ်ပြဖို့ ဗျူဟာချထားသလားလို့ ယူဆစရာဖြစ်ပါတယ်။ ပါတီကို အင်အားချိနဲ့အောင် လုပ်ဖို့အတွက် ခုလို ဖမ်းဆီးပြီးနောက် အလောင်းပြန်ပို့တဲ့ နည်းဗျူဟာကို စစ်တပ်က သုံးသလားလို့ သံသယရှိစရာဖြစ်နေပါတယ်။

နိုင်ငံရေး မျက်နှာစာမှာ အကျအဆုံးများ၊ တိုက်ပွဲတွေ ပြင်းထန်နေသလို လူအများရဲ့ နေထိုင်စားသောက်ရေး စားဝတ်နေရေး မျက်နှာစာမှာလည်း ထိခိုက်လာနေတဲ့ လက္ခဏာတွေ တွေ့မြင်နေရပါတယ်။ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ လနဲ့ချီ ပိတ်ထားကြရ၊ စက်ရုံတွေ အလုပ်ရပ်နားကြ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားထားကြရတဲ့ သက်ရောက်မှုလည်း အောက်ခြေမှာတော့ အနည်းနဲ့ အများတွေ့မြင်လာနေရပါတယ်။ ခါတိုင်း ပစ္စည်းပျောက်ရှမှုမရှိတဲ့ ရပ်ကွက်တချို့မှာ ညဘက် တန်ဖိုးကြီးမဟုတ်တဲ့ ပစ္စည်းတွေ ခိုးယူခံရတာမျိုးတွေ ရှိနေပြီလို့ ရပ်ကွက်သူ ရပ်ကွက်သားတွေက ပြောကြပါတယ်။

ကိုဗစ်ပိတ်ဆို့မှုဒဏ်ကို လနဲ့ နှစ်နဲ့ခံစားရပြီးနောက် လျော့ပါးမယ့် အရိပ်အရောင် ပြချိန်မှာ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေး အပေါ် သက်ရောက်တဲ့ ဂယက်က ကိုဗစ်ထက်ကို ကြီးမားနိုင်တယ်လို့ တချို့ကလည်းမှန်းဆနေကြပါတယ်။ နယ်စပ်ဒေသတွေကိုလည်း တရုတ်နဲ့ ထိုင်းတို့က ကိုဗစ်ပိုးအကြောင်းပြပြီး တိုးချဲ့ပိတ်ဆို့တာတွေ လုပ်လာပါတယ်။

မတ်လ ၃၁ ရက်နေ့ဖြစ်တာကြောင့် နိုင်ငံရေးမျက်နှာစာမှာ CRPH နဲ့ သပိတ်တိုက်ပွဲဝင်တွေ၏ ခြေလှမ်းတွေကို စိတ်ဝင်စားကြပါတယ်။ သပိတ်ကော်မီတီတွေကတော့ ဧပြီ ၁ ရက်နေ့မှာ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း လူထုတွေက စာအုပ်တွေ မီးပုံရှို့ကြဖို့ လှုံ့ဆော်ထားပါတယ်။ CRPH က တိုင်းရင်းသားတွေနဲ့ ဆွေးနွေးထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ထုတ်ပြန်ပါတယ်။ တဆက်တည်းမှာပဲ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။ ဒေါက်တာဇော်ဝေစိုးနဲ့ ဦးလွင်ကိုလတ်တို့ကတော့ CDM ဘက်က ရပ်တည်ကြဖို့ အစိုးရဝန်ထမ်းတွေအတွက် နောက်ဆုံးနေ့အဖြစ် ရာဇသံပေးပါတယ်။ စစ်ကောင်စီဝန်ထမ်းတွေကို ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ပြီး အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ညနေခင်းမှာပဲ အမေရိကန် အယ်လ်အေမြန်မာကောင်စစ်ဝန်ရုံးက ပထမအတွင်းဝန်က CDM ဝန်ထမ်းအဖြစ် မြန်မာပြည်သူနဲ့ထပ်တူ ရပ်တည်ကြောင်း ကြေညာလိုက်ပါတယ်။

စစ်ကောင်စီက ပြည်ပက ဖိတ်ခေါ်သတင်းထောက်ကို သူတို့စစ်ယန္တယားလည်ပတ်နေပုံတွေ လိုက်လံပြသနေပါတယ်။ ပြည်သူလူထုကလည်း နည်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော် ကန့်ကွက်မှုတွေ ပြသပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းကနေ ရုံးထုတ်ပါတယ်။ ရှေ့နေတွေနဲ့ တွေ့ခွင့်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ၏ ရှေ့နေ့အဖွဲ့တခုလုံးကို ပါဝါလွှဲမယ်လို့ ပြောကြားပါတယ်။ စစ်ကောင်စီအနေနဲ့ကတော့ လက်နက်ကိုင်တပ်နဲ့ သူသိမ်းပိုက်ထားနဲ့ မြို့ရွာတွေကလွဲရင် ပြည်သူနဲ့ အစိုးရတရပ်၏ ထောက်ခံမှု မရှိတော့ပါဘူး။ အခြေခံဥပဒေလည်း မရှိတော့ပါဘူး။ CRPH က ခြေဥကို ဖျက်ပစ်လိုက်ပြီလို့ ထုတ်မပြန်ခင် အစောပိုင်းအချိန်မှာ စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကို တလသက်တမ်းတိုးပါကြောင်း ကြေညာလိုက်ပါသေးတယ်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေး ကိစ္စရပ်များအပြင် အစိုးရရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားတွေ နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဧပြီ ၁ ရက်မှ ၃၀ ရက် အထိ ရပ်ဆိုင်းမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီကနေ့ မတ်လ ၃၁ ရက်က ထုတ်ပြန်တယ်လို့ BBC မှာ သတင်းပါတယ်။ လက်ရှိ စစ်တပ်က မြို့ရွာတွေမှာ ပြည်သူတွေကို လက်နက်အားကိုး အကြမ်းဖက်နေချိန် ကချင်နဲ့ ကရင်မှာ ထိုးစစ်တွေ ဆင်နေချိန်မှာ အပစ်ရပ်တယ်ဆိုတာက ဘာအဓိပ္ပါယ်မှ မရှိတာကို တွေ့ရပါတယ်။

ခြုံငုံသုံးသပ်ရရင် ကြားကာလ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဏ်ဖြင့် ကြားကာလ အစိုးရတရပ်ပေါ်ထွန်းလာရေး၊ တိုင်းရင်းသားမဟာမိတ်များနဲ့ စစ်ရေးမဟာမိတ်အဆင့်ကနေ ဖယ်ဒရယ်တပ်မတော် ထူထောင်နိုင်ရေး၊ အုပ်ချုပ်ရေး ဘဏ္ဍာရေး ကာကွယ်ရေး လုံခြုံရေး အစီအမံများ တိုးချဲ့ ဖြစ်ထွန်းလာရေးနဲ့ နိုင်ငံတကာက အသိအမှတ်ပြုခြင်း ပြည်သူများက ထောက်ခံဝန်းရံသော အစိုးရအင်္ဂါရပ်များ ပြန်လည်တည်ဆောက်ခြင်းတို့ကို ဧပြီ ၁ က စပြီး တွေ့မြင်ကြရမယ် မျော်လင့်ပါတယ်။

#MoeMaKaMedia

#WhatsHappeningInMyanmar