Breaking News

ခိုင်ကြည်သစ် - စစ်အာဏာရှင် မြို့တံခါးဖွင့်ခန်း



ခိုင်ကြည်သစ် - စစ်အာဏာရှင် မြို့တံခါးဖွင့်ခန်း

(မိုးမခ) ဧပြီ ၁၊ ၂၀၂၁

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀ ကျော် (အတိအကျပြောရရင် ၄၅၁ နှစ် ၅ လ) ဖြစ်တဲ့ ၁၅၆၉ ခု ဇူလိုင်လ ၃၁ ရက် ညမှာ ဘုရင့်နောင် က အယုဒ္ဓယ မြို့ကို သိမ်းပါတယ်။

၁၅၆၈ အောက်တိုဘာ လအလယ်လောက်ကတည်းက ယိုးဒယားကို စစ်ချီခဲ့တာပါ။ ဒီဇင်ဘာလလယ်လောက်မှာ အယုဒ္ဓယကို ရောက်ပါတယ်။ တိုက်ဆင်ပေါင်း ၅၃၀၀၊ မြင်းပေါင်း ၅၃၀၀၀၊ စစ်သည်သူရဲ ၅၄၆၀၀၀ ပါတယ်လို့ ဦးကုလား မဟာရာဇ၀င်ကရော၊ မှန်နန်းရာဇ၀င်ကပါ မှတ်တမ်းပြုပါတယ်။ မှန်မမှန်တော့ မသိပါ။

"နွားကို ခြံလှောင်သကဲ့သို့ ကြည်း၊ ရေ ၀န်းရံတော်မူသည်" လို့ မှတ်တမ်းပြုထားခဲ့ကြတာကြောင့် အယုဒ္ဓယ မြို့လေးကို ခုနစ်လကျော်လောက် စစ်အင်အားအခိုင်အခန့်နဲ့ ၀န်းရံပိတ်ဆို့ထားခဲ့တာကို မှန်းဆကြည့်နိုင်ပါတယ်။ သေချာတာကတော့ ၁၆ ရာစု အရှေ့တောင်အာရှ စစ်သမိုင်းမှာ အင်အားအများဆုံး အသုံးပြုတဲ့ အနေအထားပါ။

အဲဒီလောက် အင်အားကြီးတဲ့ တပ်ကြီးကို ယိုးဒယားတို့က မြို့တွင်းကနေ ခံချရတာပါ။ ဒါပေမယ့် တစ်နှစ်နီးပါးကြာမှ မြို့တံခါးပွင့်ပါတယ်။

ဒါတောင် ဘုရင့်နောင်ရဲ့တပ် ၀န်းရံပိတ်ဆို့တာကို ခံထားရချိန်အတွင်း ၁၅၆၉ ဧပြီ မှာ အယုဒ္ဓယဘုရင် ဗြဿဓိရာဇာ ကွယ်လွန်သွားပါသေးတယ်။ ထီးသုံးနန်းသုံးကတော့ နတ်ရွာလားတယ်ပေါ့။ ဒါလည်း မြို့က မကျသွားပါဘူး။

အယုဒ္ဓယသားတွေက မြို့ထဲက ခံချနေတာ သတ်သတ်မဟုတ်ပါဘူး။ တခါတရံ မြို့ပြင်ထွက်ပြီး မြို့နဲ့လည်းနီး၊ အင်အားလည်းသေးတဲ့ ဘုရင့်နောင်ရဲ့ တပ်စခန်းလေးတွေက လက်နက်တွေ အလစ်၀င်ယူပါသေးတယ်။ လက်နက်ပါသွားလို့ တာ၀န်ရှိတဲ့ တပ်မှူး၊ စစ်ကဲတွေကို ဘုရင့်နောင်က ချက်ချင်းသေဒဏ်ပေးတာပါ။ သေဒဏ်အပေးခံရတဲ့ သူတွေရဲ့ အကြီးအကဲက ဘုရင့်နောင်ရဲ့ ညီအရင်း "သတိုးဓမ္မရာဇာ" ဖြစ်ပါတယ်။ သူက တပည့်တွေအတွက် အစ်ကိုဆီမှာ တောင်းပန်ပါတယ်။ တောင်းပန်ရကောင်းလားဆိုပြီး ညီအရင်းကို သေဒဏ်စီရင်ခိုင်းပြန်ပါတယ်။ (သေဒဏ်က လွတ်သွားပါတယ်။ ဘုရင့် ညီ မဟုတ်လား။) နိုင်မယ်ထင်ပြီး တိုက်တဲ့စစ်ပွဲကို လွယ်လွယ်မနိုင်တဲ့အခါ ကမူးရှူးထိုး လုပ်တာ ဖြစ်နိုင်သလို၊ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း မဆင်မခြင်လုပ်တာလည်း ဖြစ်နိုင်ပါတယ်။

ဘုရင့်နောင်ဟာ နယ်‌မြေလောဘဇောတိုက်တာရယ်၊ လွယ်လွယ်နဲ့ အလိုမပြည့်လို့ ဒေါသထွက်တာရယ်ပေါင်းပြီး သူ့တပ်ကို အင်အားအတင်းသုံးခိုင်းပါတယ်။ အယုဒ္ဓယမြို့နား မကပ်တဲ့ တပ်တော်သားတွေကို ကွပ်မျက်ခံရမယ်လို့ အမိန့်ထုတ်တဲ့အထိပါ။ တွင်းသင်းရာဇ၀င်မှာ "အာဏာတော်ထားသောကြောင့် တပ်မှူးစစ်ကဲတို့ မြို့ရင်းသို့ မချဉ်း၊ မတက်သူတို့ကို ဓားသွားချည်း ကွပ်သည်" လို့ ဆိုထားကြောင်း မှတ်သားရပါတယ်။ ဒီအကြောင်း ဖတ်မှတ်လေ့လာခွင့်ရကတည်းက ငယ်ငယ်က မူလတန်းမှာ သင်ခဲ့ရတဲ့ "နောင်ရိုးတိုက်ပွဲ" ကို အထင်ကြီးစိတ် လျော့သွားပါတယ်။ (စစ်သားဆိုတာ တိုင်းပြည်အတွက် အသက်ပေးပြီး ရန်သူကို ရွတ်ရွတ်ချွံချွံ တွန်းလှန်တိုက်ခိုက်သူတွေ ဖြစ်တယ်ဆိုတဲ့ စကားကိုလည်း ယုတ္တိဗေဒနဲ့ ချဉ်းကပ်ကြည့်သင့်တယ်လို့ မြင်လာပါတယ်။)

ရှေ့က ရန်သူ့ ကျည်နဲ့ မြှားကိုလည်းကြည့်ရ၊ တပ်တွေကို ရှေ့မတိုးရကာင်းလားဆိုပြီး နောက်ကနေ ဓားတစ်ပြပြ လုပ်နေတာကိုလည်း သီးခံရနဲ့မို့ တပ်တော်သားတွေလည်း သေချာပေါက် ဒေါသထွက်မှာပါ။ ဒေါသထွက်လေ အယုဒ္ဓယ တပ်နဲ့ လူထုကို နိုင်အောင် ဖိဖို့၊ တိုက်ဖို့၊ နှိပ်စက်ကလူပြုဖို့ ပိုပြီးတက်ကြွလေဖြစ်လာမယ် ထင်ပါတယ်။ ဒေါသကို နောက်တန်းက ကွပ်ကဲသူတွေထံ ပြန်လှည့်နိုင်တဲ့ဘရှေ့တန်းတပ်မှူးတစ်ဦးတော့ ရှားရှားပါးပါး ပေါ်ထွက်ခဲ့ပါတယ်။ သန်လျင်မြို့စား "ဘယဂါမဏိ" ပါ။ နောက်တန်းက စစ်ကွပ်တွေကို သူ့ဓားနဲ့ ပြန်လိုက်ခုတ်ပါတယ်။ ဒီနေ့ခေတ်စကားနဲ့ ပြောရရင်တော့ "သေနတ်ပြောင်း လှည့်တာ" ပေါ့။ ဘယဂါမဏိကို ဘုရင့်နောင်က သေဒဏ်စီရင်ပါတယ်။ ဘယဂါမဏိရဲ့ သားက အဖေ့အလောင်းနား လာငိုလို့ သားဖြစ်သူကိုပါ ဘုရင့်နောင်က သတ်စေပြန်ပါတယ်။ သူတို့ရဲ့ ကျွန်ရင်းတစ်ယောက်က သားအဖ နှစ်ယောက်အလောင်းကို ပုဆိုးလွှမ်းပေးမိရှာတာကြောင့် အဲဒီကျွန်ရင်းကိုလည်း သတ်ပြန်ပါတယ်။ သွေးဆာနေတဲ့ စစ်အာဏာရှင်ဘုရင်တစ်ပါးရဲ့ စိတ်ထားပါ။

မြန်မာရာဇ၀င်ဆရာအချို့က ဘုရင့်နောင်ကို 'လွှတ်'မွှန်းကြပေမယ့် သမိုင်းသင်ခန်းစာထုတ်ယူလိုသူ မျက်မှောက်ခေတ်လူသားတွေကတော့ အခြေအနေကို အမှန်အတိုင်းမြင်ပြီး "အယုဒ္ဓယ ရဲ့ လွယ်လွယ်အညံ့မခံတဲ့ စိတ်ဓာတ်" ကို အတုယူရမှာပါ။ တချိန်တည်းမှာ "သွေးနားထင်ရောက်ပြီး လွယ်လွယ်အောင်နိုင်မယ်ထင်တဲ့ စစ်ပွဲကို စစ်သားတွေအများကြီးသုံး၊ အချိန်တွေအကြာကြီးပေး၊ ရိက္ခာတွေ အများကြီးအကုန်ခံတိုက်ပေမယ့်၊ လွယ်လွယ်နဲ့ အနိုင်မရခဲ့တဲ့ ဘုရင့်နောင်" ဆီကလည်း သင်ခန်းစာတွေ ထုတ်ယူသင့်ပါတယ်။

ဒီနေရာမှာ ပြောစရာ ရှိပါသေးတယ်။ အယုဒ္ဓယ မြို့တံခါးကို ဖွင့်နိုင်တယ်ဆိုတာ ဘုရင့်နောင်တပ်တွေ အင်းအားကောင်းလွန်းလို့၊ တော်လွန်းလို့ချည်း မဟုတ်ပါဘူး။ ယိုးဒယားအမတ် "ဩောက်ဗြစက္ကိ" က ဒလန်လုပ်ပြီး တံခါးဖွင့်ပေးလို့ပါ။ ဒါကလည်း နှောင်းလူတွေ သင်ခန်းစာ ယူစရာပါ။ အင်အားကြီးတဲ့ရန်သူကို ရင်ဆိုင်ရာမှာ အဲဒီရန်သူတွေနဲ့ ထပ်တူ အန္တရာယ်ရှိတာက ဒလန်တွေပါပဲ။

ဒလန်ကျေးဇူးနဲ့ အယုဒ္ဓယ ကို သိမ်းနိုင်ခဲ့ပေမယ့် ဘုရင့်နောင်ကတော့ သူ့ဘုန်းသူ့ကံကြောင့်လို့ မြင်ခဲ့တာပါပဲ။ "ဩောက်ဗြစက္ကိ" ဆိုတဲ့ ဒလန်သာ ပေါ်မလာရင် ဘုရင့်နောင်ရဲ့ ဒုတိယ ယိုးဒယားစစ်ပွဲဟာ အရှက်တကွဲ အကျိုးနည်းပြီး တပ်ခေါက်ပြန်ရတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အယုဒ္ဓယကို ဖျက်ပြီးတဲ့နောက် သုံ့ပန်းဘုရင် "ဗြမဟိန်" ကို ဒူးထောက်ခိုင်းပြီး "မင်းရဲ့ ယိုးဒယားလောက် မဆိုထားနဲ့၊ ငါလုပ်ကြံရင် တရုတ်ဥတည်တောင် မခံနိုင်ဘူး" လို့ ကြွားလုံးထုတ်ပြီး ငေါက်ငန်းပါသေးတယ်။ ဒါကလည်း စစ်အာဏာရှင် ဘုရင်တစ်ပါးရဲ့ စရိုက်ပါပဲ။ အမှန်ကို မမြင်တာ ဖြစ်နိုင်သလို၊ အမှန်ကို ၀န်မခံဘဲ သူများကိုရော၊ သူ့ကိုယ်သူပါ လှည့်စားတာလည်း ဖြစ်နိုင်ပါတယ်။

ဘုရင့်နောင်ရာဇ၀င်ကို လေ့လာရင် စစ်အာဏာရှင်တွေ အာဏာတည်ဆောက်တဲ့အခါ သုံးလေ့ရှိတဲ့ အကျင့်ဆိုး တစ်ခုကိုလည်း ချန်လှပ်ထားလို့ မဖြစ်ပြန်ဘူး။ အယုဒ္ဓယ အြို့ ပျက်သွားပြီးတဲ့အချိန် အခြေအနေကို ဦးကုလား မဟာရာဇ၀င်မှာ မှတ်တမ်းတင်ထားပုံက "ယိုးဒယားမြို့ကို အလိုတော်ပြည့်လျှင် ရဲမက်တော် ငါးဆယ့်လေးတပ်သား၊ မြို့သို့ ၀င်၍ လုယက်ဖျက်ဆီးကြသည်။ တစ်ယောက်မျှ လက်ချည်းမရှိ၊ ရွှေ၊ ငွေ၊ အ၀တ်ကောင်း၊ အစားကောင်း၊ တစ်ထမ်း၊ နှစ်ထမ်း ရသည်ချည်း" တဲ့။ အခုခေတ်မှာဆိုရင်တော့ ဘုရင့်နောင်ရဲ့ တပ်တော်သားတွေ အိမ်ကမိန်းမနဲ့ သားသမီးတွေ စီးဖို့ မော်တော်ဆိုင်ကယ် ယိုးဒယားဘီး လေးတွေပါ စာရင်းမှာ ပါလာမယ် ထင်တာပါပဲ။ လွန်ခဲ့တဲ့ အနှစ် ၄၀၀ ကျော်က စီစီတီဗွီလည်း မရှိသေးတော့ ဦးကုလား ပြောတဲ့ "တစ်ယောက်မျှ လက်ချည်းမရှိ၊ ရွှေ၊ ငွေ၊ အ၀တ်ကောင်း၊ အစားကောင်း၊ တစ်ထမ်း၊ နှစ်ထမ်း ရသည်ချည်း" လို့ပဲ မှတ်ထားရတော့မှာပါ။

ဒါက သမိုင်းထဲက စစ်အာဏာရှင်တွေ တပ်ကို ထိန်းတဲ့နည်းပါ။ လူထုကို ဖိနှိပ်ဖို့ တပ်တော်သားတွေ လက်ရဲဇတ်ရဲ ရှိလာအောင် သိမ်းသွင်းနည်း တစ်ခုပါ။

တွင်းသင်းရာဇ၀င် က ပြောတဲ့ "အာဏာတော်ထားသောကြောင့် တပ်မှူးစစ်ကဲတို့ မြို့ရင်းသို့ မချဉ်း၊ မတက်သူတို့ကို ဓားသွားချည်း ကွပ်သည်" ဆိုတာရယ်၊ ဦးကုလား မဟာရာဇ၀င်ကပြောတဲ့ "တစ်ယောက်မျှ လက်ချည်းမရှိ၊ ရွှေ၊ ငွေ၊ အ၀တ်ကောင်း၊ အစားကောင်း၊ တစ်ထမ်း၊ နှစ်ထမ်း ရသည်ချည်း" ဆိုတာရယ်ကို ဆက်စပ်ကြည့်လိုက်ရင် အယုဒ္ဓယ မြို့သားတွေကို ဘုရင့်နောင်ရဲ့ တပ်တော်သားတွေ ဘယ်လောက် ရက်ရက်စက်စက် နှိပ်ကွပ်ကြမလဲ တွေးကြည့်နိုင်ပါပြီ။ တစ်ဖက်မှာ တပ်တွေကို ဖိအားပေး ဒေါသထွက်အောင်လုပ်ပြီး၊ ပြည်သူကို ဖိနှိပ်ဖို့ ဓားထက်စေပါတယ်။ တစ်ဖက်မှာ လုယက်ခွင့်ကို ဆုကြေးအဖြစ် ပေးပါတယ်။ လောဘကို ပျိုးပေးတာပါ။ ဒီတော့ ဒေါသနဲ့ လောဘ ပေါင်းပြီး လူထုကို မီးကုန်ယမ်းကုန် နှိပ်စက်တော့တာပါပဲ။

တကယ်တော့ ဒီလို ပြည်သူကို နှိပ်စက်ကလူပြုခွင့် ပေးလိုက်တာက အာဏာရှင်ဘုရင့်နောင်အတွက် ခဲတစ်လုံးနဲ့ ငှက်သုံးကောင် ပစ်တာပါပဲ။

မြို့တံခါးပွင့်သွားရင် ရွှေ၊ ငွေ၊ အ၀တ်အစား ရမယ်ဆိုတဲ့ လောဘစိတ်နဲ့ တပ်တော်သားတွေ တိုက်အားကောင်းလာပါတယ်။ မြို့ကို ၀န်းရံပိတ်ဆို့ထားတဲ့ကာလမှာ စစ်ပမ်းလို့ ဖြစ်နေတဲ့ တပ်တော်သားတွေရဲ့ ဒေါသတွေကို လျော့ပါးသွားစေဖို့ လူထုကိုနှိပ်စက်စေခြင်းနည်းနဲ့ ကုသပေးပါတယ်။ အဲဒီလို လျော့ချပေးမှ ဘယဂါမဏိ လို နောက်တန်းကို သေနတ်ပြောင်းပြန်လှည့်သူတွေ မရှိမှာ မဟုတ်လား။ နောက်တစ်ချက်က တပ်တော်သားတွေရဲ့ အဓမ္မပြုကျင့်မှုတွေကြောင့် သူအာဏာသိမ်းလိုက်တဲ့ အယုဒ္ဓယပြည်ရဲ့ ပြည်သူတွေကို အကြောက်တရား ထည့်ပေးလိုက်နိုင်တယ်။

ဒါကလည်း အာဏာရှင်တွေကို တွန်းလှန်တဲ့ နှောင်းလူတွေ သင်ခန်းစာထုတ်ယူစရာပါ။

"ဒုတိယမြန်မာနိုင်ငံကို တည်ထောင်သူ" ဆိုတဲ့ ဘုရင့်နောင်မင်းတရားကြီးရဲ့ ရာဇ၀င်ထဲက "စစ်အာဏာရှင်တစ်ယောက်" ဆိုတဲ့ ရုပ်ပုံလွှာကားချက်အချို့ကို ထုတ်နှုတ်ကြည့်မိတာပါ။ သမိုင်းပညာရှင်တစ်ယောက်အနေနဲ့ မဟုတ်ဘဲ၊ သမိုင်းပုံပြင်တွေထဲက သင်ခန်းစာထုတ်ယူဖို့ ဝါသနာ ထုံသူတစ်ယောက် အနေနဲ့သာ တင်ပြခြင်း ဖြစ်ပါတယ်။ အချက်အလက်အတော်များများကို ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆရာ "နိုင်ထိုက်" ရဲ့ "မြန်မာရာဇ၀င်၊ စစ်ဘုရင်နဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍ" အခန်းဆက် ဆောင်းပါးတွေကနေ မှတ်စုထုတ်ယူထားတာဖြစ်ကြောင်း ၀န်ခံပါရစေ။

လွန်ခဲ့တဲ့ အနှစ်လေးရာကျော်က အယုဒ္ဓယမြို့တံခါးပွင့်ခဲ့ရတဲ့ သမိုင်းကနေ သင်ခန်းစာတွေ ထုတ်ယူနိုင်ကြပါစေလို့ပဲ ဆုတောင်းမိပါတယ်။

ခိုင်ကြည်သစ်

#MoeMaKaMedia


#WhatsHappeningInMyanmar