Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ- ကိုရွေး၊ စိုးရိမ်၊ တင်မင်းထက်၊ ညိုထက်ညို၊ မင်းငြိမ်းအေး


Image- Crd

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
(မိုးမခ)
ဧပြီ ၁၄၊ ၂၀၂၁

သရိုးသရီနေ့များ
ကိုရွေး

မျက်လုံးထဲလည်း ဝိုးဝိုးဝင်းဝင်း
နားထဲလည်း အသံသဲ့သဲ့
သံသယမကင်းတဲ့အနံ့အသက်
စားချင်ပေမယ့် မစားချင်
အိပ်ချင်ပေမယ့် မအိပ်ချင်
စားမြိန်ပွဲလည်း ကျောက်ခဲသလဲ
ညအလယ်ခေါင်လည်း နေ့ခင်းကြောင်တောင်ပဲ
ဘယ်လိုရာသီမျိုးလဲကွာ
ပြက္ခဒိန်ထဲမပါတဲ့နေ့တွေ
အမြန်ကုန်စေချင်ပါပြီ။

၄  ဧပြီ  ၂၁

...

နှစ်သစ်အနမ်း
စိုးရိမ်

နှစ်တစ်နှစ်ကနေ
နှစ်တစ်နှစ်ကိုကူးတော့မယ်ဆိုပေမယ့်...
လူ့အန္ဓဗာလတစ်စုက
အလုံးစုံပျက်သုဉ်းရေးကို ဦးတည်သွားနေတော့
နှစ်သစ်ကို တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ပဲ
ငါတို့ကြိုဆိုကြမယ်လေ...
မှောက်ထားတဲ့ ဖဲတစ်ချပ်အဖြစ်
မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးအဖြစ်
ကြီးမားတဲ့လှိုင်းကြီးတွေ ရုန်းကြွမလာခင်
ငြိမ်သက်နေခြင်းမျိုးအဖြစ်နဲ့ပေါ့။

...

ဘာနဲ့ရေးရေး
တင်မင်းထက်

တပေါင်းလည်း တော်လှန်ရေး
တန်ခူးလည်း တော်လှန်ရေး

အီစတာကြက်ဥပေါ်က မင်းလက်ရေး
အတာအိုးပေါ်က ငါ့လက်ရေး

ပိတောက်ပန်းမှာ သပြေရွက်မှာ
ဘာနဲ့ရေးရေး တော်လှန်ရေး

နံရံမှာ လမ်းမမှာ အွန်လိုင်းမှာ
ဘာနဲ့ရေးရေး တော်လှန်ရေး

“ငါတို့နိုင်မှာ” ဆိုတဲ့ 
ငါတို့ရဲ့ နွေဦးလက်ရေး

၁၃.၄.၂၁
...

နောက်ဆုံးရရှိထားသောသတင်းအချက်အလက်များအရ
ညိုထက်ညို

အစ်ကို
ဆောင်းဖို့ တောင်းထားတဲ့ ထီးကလေးတစ်ချောင်းမပါတာကလွဲလို့
ပို့လိုက်တဲ့ သံတမန်စာအိတ် ကလေးကိုလက်ခံရရှိပါတယ်
ဝမ်းနည်းကြေကွဲကြောင်းအပ်ကြောင်းထပ်နေတဲ့
ဓာတ်ပြားဟောင်းကလေးတစ်ချပ် နဲ့အတူ
ကျွန်တော် ပို့ပေးခဲ့တဲ့ ပိုက်ဆံအိတ်ကလေးကိုဆက်လက် ထိန်းသိမ်းပေးမယ် ဆိုတဲ့အကြောင်းလည်း
အစ်ကိုအသံသွင်းပေးလိုက်တာ ကျွန်တော် ဖတ်ရပါတယ်
ကျွန်တော်လည်းဘာလိုလိုနဲ့
ခွေးလေခွေးလွင့်တောထဲငိုချင်းချနေရတာရောဂါလိုတောင် ဖြစ်နေခဲ့ပါပြီ
ပြောကြတာတော့ ကျွန်တော် ကိုဗစ် ပြီးသွားပြီတဲ့
အစ်ကိုပေးခဲ့တဲ့ နာရီကလေးလည်းသံပတ်မပေးဖြစ်တာ
ပိတောက် နှစ်ခါ ပွင့်စာတောင် ကြာနေခဲ့ပါပြီ
အစ်ကိုသိလား ကျွန်တော်တောင် လိပ်စာပြောင်းသွားပြီ
အမှတ် ၅၀၅(က) မြန်မာပြည် တဲ့။
ဒါနဲ့ အစ်ကိုသုတေသနပြုလက်စ
ကျွန်တော့်နာမည် ပေးမယ်ဆိုတဲ့ စစ်တုရင်ကွက်တွေထွက်ပြီလား
ပန်းတွေပွင့်နေတယ်တော့လည်းမဟုတ်ဘူးပေါ့
ဒီနွေဦးမှာအရွက်တွေကဒဲ့ကြွေပါတယ် ငါ့အစ်ကို
ရုံတင်ပါတယ် ဆိုမှတော့လည်းဆင်ရိုက်ထားတာတွေပဲပေါ့
အစ်ကိုပို့ပေးလိုက်တဲ့ ရုပ်သံဖမ်းစက် ကလေးနဲ့လည်း
ကျွန်တော့် အရုပ် နဲ့ အသံတွေအနည်းအကျဉ်းထည့်ပေးလိုက်ပါတယ်
ကြည့်ကျက်သာချုံ့ချဲ့ကြည့်ပါတော့
ကျွန်တော့်မှာလည်းစွန့်စွန့်စားစား
ဒါနဲ့ ခါတိုင်းပို့နေကျ အမြန်ချောစာတွေကလည်း
အိမ်ပြင် ထွက်လိုက်တာနဲ့ သွေးလွန်တော့တာပဲ
ကျွန်တော်တောင် အသက်ကြီးလာလို့လားမသိအခုတလောသတိလွတ်လွတ် လာတယ်
ဒီလိုပဲအကြောက်တရားကလေးကိုအကာအကွယ် ယူရင်းနဲ့ပဲ
အသက်ကလေးကိုညှိုးညှိုးငယ်ငယ် မသေရုံတစ်မယ်တော့ မွေးရဆဲ
ကောလဟလအနေနဲ့တောင်
ကျွန်တော်ဖြင့် မပျော်တော့တာကြာပါပြီ
ဒီနွေဦးမှာမတော်တဆမှုတွေများတာထူးခြားမှုပါပဲ
အခက်အခဲတွေကရာဘာနဲ့တော့ အုပ်မထားဘူးပေါ့ ငါ့အစ်ကို
မကျေနပ်တာတွေကိုတော့ တိုးတိုးကလေးညစဉ် ညစဉ် ခေါက်မိဆဲ
ဒီစာကိုယူလာတဲ့ ခိုကလေးကိုပြန်မလွှတ်ပါနဲ့
နောက်တစ်ခါ ကျွန်တော့်ဆီကဘာမှ မကြားမချင်း
ကျွန်တော် တော်ရာကိုရှာနေဆဲလို့ မှတ်ပေးပါ
အရယ်အပြုံးမရှိတော့တဲ့ အစ်ကို့ ညီ ။      ။

...

သင်္ကြန်
မင်းငြိမ်းအေး

မုဆိုးမသားအမိ
လင်သားနဲ့ဖခင်ပြန်မလာတော့မှန်း
သိသွားတဲ့နေ့ပေါ့
ရေလောင်းစရာမလိုတဲ့
မြက်ရိုင်းရှည်တွေကို
အကြောင်းရှိစွာ
ကြည့်လို့ ။