Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၄ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၄ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၁

သင်္ကြန်အကျနေ့

ရန်ကုန်မြိုံရော မြန်မာနိုင်ငံရဲ့ အခြားမြို့တွေမှာပါ စစ်ကောင်စီလက်နက်ကိုင်တွေ မြို့တမြို့နဲ့တမြို့ အကြားလမ်းမှာ စစ်ဆေးတာ၊ ငွေတောင်းတာတွေရှိသလို မြို့အတွင်း လမ်းဆုံတွေမှာ မြို့နယ် တခုနဲ့တခု အစပ်တွေမှာ စစ်ဆေးခြိိမ်းခြောက်ငွေတောင်းမှုတွေ ရှိနေတယ်လို့ သတင်းတွေ ကြားသိနေရပါတယ်။ ဖုန်းစစ်တယ် ဖုန်းမှာပါတဲ့ ဓါတ်ပုံတွေ ဗီဒီယိုတွေ စစ်တယ် ၊ တချို့ကြောက်လန့်စိုးရိမ်သူတွေဆီက အကြောင်းမဲ့ ငွေတောင်းတာလိုမျိုးတွေလည်း ရှိတယ်လို့ ခရီးသွားလာသူတွေက ပြောဆိုလို့ ကြားသိရပါတယ်။

မနေ့က ရန်ကုန်မြို့မှာ ဖြစ်တဲ့ ပေါက်ကွဲမှု၊ ပေါက်ကွဲမှုအပြီး စစ်ဆေးမှုတွေနဲ့ ရမ်းကားစွာ ပစ်ခတ်မှုကြောင့် ဦးချစ်မောင်လမ်း မင်းလမ်းမှတ်တိုင်မှာ ကားစောင့်နေသူတဦး မနေ့က သေနတ်ထိမှန် သေဆုံးခဲ့ရပါတယ်။ အခုလို ရန်ကုန်မြို့မှာ ဆန္ဒပြမှု ဖြိုခွဲတာလည်း မဟုတ်သလို ၊ အကြမ်းဖက်မှု လုပ်ဆောင်နေတဲ့ အခြေအနေလည်းမဟုတ် သာမန်ကိုယ်ရေးကိုယ်တာ ကိစ္စရှိလို့ အပြင်ထွက်သူက ကျည်ဆန်ထိပြီး သဆုံးရလိမ့်မယ်လို့ ဘယ်သူကမှ ယူဆထားကြမှာ မဟုတ်ပါဘူး။ ဒီလို ရမ်းကားစွာ ပစ်ခတ်ခွင့် ပစ်သတ်ခွင့် ရှိနေတဲ့အခြေအနေဖြစ်နေရက်နဲ့ ရန်ကုန်မြို့မှာ ဘုရားတွေမှာ ဘုရားဖူးတွေ စည်ကားပြီး စျေးတွေမှာ စျေးဝယ်သူတွေနဲ့ ပုံမှန် အခြေအနေဖြစ်နေပြီလို့ စစ်တပ်ထိန်းချုပ်တဲ့ သတင်းစာ၊ သတင်းတွေက ဘာကြောင့် ကြေညာတာပါလဲ။ ဒါက စစ်ကောင်စီထိန်းချုပ်မီဒီယာက လူထုကို ဝါဒဖြန့် မှိုင်းတိုက်တယ်လို့ပဲ ဆိုရမှာပါ။ နိုင်ငံအနှံ့ လမ်းတွေထဲမှာ ရပ်ကွက်တွေထဲမှာ ဆန္ဒပြနေ နည်းအမျိုးမျိုးနဲ့ သပိတ်တွေ လုပ်နေကြဆဲဖြစ်သလို တမူးလို အချို့မြို့တွေမှာ ခုခံနေကြဆဲပါ။

ဒီနေ့ဟာ သင်္ကြန်အကျနေ့ပင်ဖြစ်ပေမယ့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အစရှိတဲ့မြို့တွေမှာ ကလေး လူကြီး ဘယ်သူမှ ရေပက်တာ မတွေ့ရဘဲ လမ်းမကြီးတွေမှာ လူရော ကားပါကင်းမဲ့နေတာတွေ ဓါတ်ပုံတွေထဲ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ရပ်ကွက်တွေထဲမှာလည်း ဘယ်သူမှ ရေတပေါက်ပက်တာ စိုတာမတွေ့ရတာကြောင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အသက်ပေး သေဆုံး သွားကြရသူတွေအဖို့ တနိုင်ငံလုံးက ဝမ်းနည်းကြောင်း ပြသကြတာလည်း ဖြစ်ပါတယ်။ ဒီလို ကိုယ်ချင်းစာနာမှု ၊ ယိုင်းပင်းမှု၊ စည်းလုံးမှုတွေကို စစ်အာဏာရှင် ဘက်က စစ်သားတွေ ရဲတွေ လုံထိန်းရဲတွေ နားလည်နိုင်မှာမဟုတ်ပဲ ခုလို သင်္ကြန်ကာလမှာတောင် ပစ်ခတ်သတ်ဖြတ်တာ ၊ ဖမ်းဆီးတာတွေ လုပ်နေတာမို့ ကောင်းမြတ်ခြင်းနဲ့ ဆုိးယုတ်ခြင်းတို့ ရဲ့ အဖြူအမဲ ကွဲပြားမှုက ပိုထင်ရှားစေတယ်လို့ဆိုရမယ် ထင်ပါတယ်။

စစ်ကောင်စီက ၅၀၅ (က) နဲ့ အမှုဖွင့် တရားစွဲမယ့် အထဲက လူသိများသူ၊ ဆိုရှယ် မီဒီယာပေါ် မှာ ရေးသားသူတွေနဲ့ စီဒီအမ် ထောက်ခံဆန္ဒပြသူ၊ ငွေကြေးကူညီဖို့ နှိုးဆော်သူ တာဝန်ယူ လုပ်ဆောင်သူတွေကို ပစ်မှတ်ထား ပြီး နေ့စဥ်ကြေညာနေခဲ့တာ သီတင်းပတ်နဲ့ ရှိပါပြီ။ မနေ့ကနဲ့ ဒီနေ့မှာတော့ မြို့နယ် ဆေးရုံအုပ်တွေ၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး တို့က ဆေးရုံကြီးတွေက အထူးကုဆရာဝန်တွေပါဝင်တဲ့ စာရင်းကို ကြေညာခဲ့ပြီး အဲဒီအထူးကု ဆရာဝန်တွေ ပြင်ပဆေးခန်းမှာလည်း ဆေးကုခွင့်မရှိအောင် လက်ခံတဲ့ ပုဂ္ဂလိကဆေးရုံ ဆေးခန်းတွေကို အရေးယူမယ်လို့လည်း ခြိမ်းခြောက်ပါတယ်။

စီဒီအမ်ဆိုတာကို စတင်လိုက်တဲ့ အစိုးရဌာနတွေထဲမှာ ကျန်းမာရေးဌာနက ဆရာဝန်တွေက ထိပ်ဆုံးက ပါတာကြောင့် စစ်ကောင်စီအနေနဲ့ အစိုးရဝန်ထမ်းဆရာဝန်တွေကို ပစ်မှတ်ထားတာ ဖြစ်လိမ့်မယ်လို့ ယူဆကြပါတယ်။ အခုလို ကုသမှုအတွေ့အကြုံရှိတဲ့ ဆရာဝန်တွေ၊ အထူးကု ဆရာဝန်တွေကို ပစ်မှတ်ထား နှိပ်ကွပ်တာဟာ နိုင်ငံရေးကိစ္စတင်မဟုတ်တော့ပဲ လူအများရဲ့ ကျန်းမာရေးဆိုင်ရာကိုပါ ထိခိုက်အောင် လုပ်ဆောင်တဲ့ သဘောသက်ရောက်နေပါတယ်။ ဆေးရုံတွေမှာ ကျွမ်းကျင်တဲ့ဆရာဝန်တွေ အတွေ့အကြုံရှိတဲ့ ဆရာဝန်တွေ လစ်ဟာသွားပြီဆိုတဲ့နောက် လူအများရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ကြီးကြီးမားမား ထိပါးစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့လည်း ဒီလို နှိပ်ကွပ်မှုက နိုင်ငံရေးအရ အနိုင်ရအောင် ရတဲ့နည်းနဲ့ ခြိမ်းခြောက် ဖိနှိပ်တာဖြစ်ပါလိမ့်မယ်၊ ဒီလုပ်ရပ်ရဲ့ အကျိုးသက်ရောက်မှုက နကိုကတည်းက လူမုန်းများပြီးသား စစ်ကောင်စီရဲ့ နာမည်ကို ပိုပြီး ရုပ်ဆိုးအကျည်းတန်စေမယ့် လုပ်ရပ်လို့ မြင်ပါတယ်။

စစ်အာဏာရှင်ကို နိုင်ငံရေးအရ ဆန့်ကျင်မှုက လူတန်းစား အလွှာအသီးသီးကိုရောက်ရှိပြီး ဖြစ်နေပြီလို့ဝန်ခံလိုက်သလိုဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေ တင်မကပဲ ဆရာဝန်တွေ၊ ပညာရှင်တွေ၊ ဝန်ထမ်းတွေ ပါ စစ်အာဏာရှင် ဆန့်ကျင်တဲ့ နိုင်ငံရေးမှာ ပါလာပြီဆိုတာကို နေ့စဥ် ဝန်ခံနေတဲ့ သဘော အဓိပ္ပါယ် သက်ရောက်တာကို စစ်ကောင်စီက မမြင်နိုင်တာဖြစ်ပါလိမ့်မယ်။

နိုင်ငံရေး ချိန်ခွင်လျှာ ပေါ်တင်ကြည့်ရင် လက်နက်ကိုင် စစ်တပ်၊ ရဲကတဖက် ကျန်တဲ့ လူအများစုကြီးဖြစ်တဲ့ ကျောင်းသား၊ နိုင်ငံရေးသမား၊ ပညာရှင်၊ အလုပ်သမား၊ ဆရာဝန်၊ ကျောင်းဆရာ၊ ရထားဝန်ထမ်း၊ စတဲ့ အသက်မွေးဝမ်းကျောင်း အမျိုးမျိုးကတဖက် ဖြစ်နေတဲ့ နိုင်ငံရေး ချိန်ခွင်လျှာကို ဇောက်ထိုးမဖြစ်အောင် သေနတ်နဲ့ ကြာကြာ ထိန်းထားဖို့မလွယ်ဘူးလို့ ယူဆကောက်ချက်ချနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံရေးဦးဆောင်မှုအပိုင်းမှာလည်း ပြည်သူလူထုနဲ့အတူ မြေပြင်ပေါ်မှာ ဦးဆောင်တိုက်ပွဲဝင်နေသူတွေ နဲ့ ပြည်သူလူထု၏နောက်ဘက်ကနေ အပေါ်ကဦးဆောင်မှုပေးနေသူ ဆိုပြီး ခွဲကြည့်လို့ ရမယ် ထင်ပါတယ်။ ထင်ရှားတဲ့ဥပမာကတော့ မုံရွာက သပိတ်ခေါင်းဆောင် ဝေမိုးနိုင်နဲ့ မန္တလေးက သပိတ်ခေါင်းဆောင် တေဇာဆန်းတို့ ၂ ဦးက မြေပြင်ပေါ်က ဦးဆောင်သူတွေ ဖြစ်ပြီး လူထု၏ နောက်ဘက် အပေါ်ကနေ ဦးဆောင်မှုပေးနေသူတွေကတော့ CRPH ခေါင်းဆောင်တွေလို့ ဆိုနိုင်ပါတယ်။ ၂ ဘက်စလုံးက တဦးကို တဦး လိုအပ်နေတယ်၊ မှီတည်နေတယ်ဆိုတာကိုလည်း ၂ ဘက်စလုံးက အကြိမ်ကြိမ် လူထုကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အဲသည်လို အပေါ်ကနေဦးဆောင်မှု လမ်းညွှန်မှုပေးတာကို မြေပြင်ပေါ်ကလူတွေက နားထောင်စဉ်းစားပြီးနောက် လက်တွေ့ကျတဲ့ တိုက်ပွဲဖော်ဆောင်မှုကို လုပ်ကြရတာ ဖြစ်ပါတယ်။ တိုက်ပွဲထဲကပေါ်ထွက်လာတဲ့ ခေါင်းဆောင်တွေနဲ့ တိုက်ပွဲမတိုင်ခင် လူထုထောက်ခံမှုရထားပြီးသား ခေါင်းဆောင်တွေရဲ့ အချိတ်အဆက် အပြန်အလှန်မှီတည်မှုတွေလို့လည်း ဆိုနိုင်ပါတယ်။

သည်နေရာမှာ တိုက်ပွဲထဲက သပိတ်ခေါင်းဆောင်အဖြစ် ပေါ်ထွန်းလာခဲ့ပြီး CRPH ထောက်ခံမှုနဲ့ ယာယီဝန်ကြီး တာဝန်ယူပြီးနောက် အပေါ်ကနေခေါင်းဆောင်မှုပေးလာရတဲ့ ဒေါက်တာဇော်ဝေစိုးကိုလည်း အများစိတ်ဝင်စားကြတာကို တွေ့နိုင်ပါတယ်။ တိုက်ပွဲထဲကခေါင်းဆောင်ဆိုတာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဆရာဝန် ကျန်းမာရေးဝန်ထမ်း CDM တိုက်ပွဲကို ဦးဆောင်ခဲ့တာကို ဆိုလိုတာပါ။ အခု ယာယီဝန်ကြီးအဖြစ် ထမ်းဆောင်နေရာမှာ အပေါ်ကနေ ဦးဆောင်မှု ညွှန်ကြားမှုတွေ ပေးတာမှာ မြေပြင်ကလူထုအတွက် ရှင်းလင်းတဲ့ အချက်တွေကို ပြောကြားလာတာကို တွေ့ရပါတယ်။ ဥပမာ - CDM တိုက်ပွဲအဆင့်ဆင့်မှာ ပထမတဆင့် ဝန်ထမ်းတွေ ဖီဆန်ခြင်း၊ ဒုတိယအဆင့် ပုဂ္ဂလိကဘဏ်တွေ လုပ်ငန်းတွေအထိ သပိတ်တိုးချဲ့လာခြင်း၊ အဲသည်အဆင့်နဲ့တင် အောင်မြင်နေသော်လည်း စစ်ကောင်စီက အလျော့မပေးတဲ့အတွက် တတိယအဆင့် အဖြစ် ၁၀၀% ယန္တယားတခုလုံး ရပ်အောင်လုပ်ထားနိုင်တယ်လို့ သူက သုံးသပ်ပြပါတယ်။ အခုအချိန်မှာ စစ်ကောင်စီက မဆုတ်တန်း အကြမ်းဖက် အဓမ္မကျင့် သတ်ဖြတ်မှုတွေ ဆက်တိုးသည်ထက် တိုးလာလို့ စတုတ္ထအဆင့် တော်လှန်ရေးနဲ့ စစ်ရေးတုန့်ပြန်ဖို့ပဲ ရှိတယ်၊ ဆောင်ရွက်နေတယ်လို့ သူက ဧပြီ ၁၂မှာ မိန့်ခွန်းမှာ လမ်းညွှန်မှုပေးသွားတာကို တွေ့ရပါတယ်။ EAO တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ လက်တွဲပြီး ကျေးလက်မြို့ရွာတွေ သိမ်းရမယ်၊ နယ်မြေတွေ ရရမယ်။ အုပ်ချုပ်မှု ရှိရမယ်။ အစိုးရအင်္ဂါပြည့်စုံအောင် လုပ်ရမယ်လို့ သူက သဘောထားပေးပါတယ်။ CDM ကနေ တော်လှန်ရေးအင်အားဖြစ်အောင် လုပ်ရမယ်၊ စစ်တပ်ကို စာပွဲဝိုင်းပေါ်တက်လာအောင် လုပ်ရမယ်။ စစ်တပ်က စာပွဲဝိုင်းပေါ်တက်ချင်ရင် သူတို့ဖက်က ဒီမိုကရေစီခေါင်းဆောင်တွေကို အရင်လွှတ်ရမယ်၊ ခေါင်းဆောင်တွေနဲ့ မိမိတို့ဆွေးနွေးတင်ပြပြီး အခုပြောင်းလဲသွားတဲ့ အခြေအနေကို ရှင်းပြမယ်။ စစ်တပ်က ဒါတွေ လိုက်လျောလို့ စာပွဲဝိုင်းပေါ်တက်လာပြီးရင် အဲသည်စစ်တပ်ဟာ နိုင်ငံရေးကို လုံး၀ကျောခိုင်းပြီး စစ်တန်းလျားကို ပြန်ဖို့သာ ရှိတယ်၊ အားလုံးက ပြင်းပြင်းထန်ထန် အလုပ်လုပ်ကြရမယ်၊ နက်ဝပ်တွေ ချိတ်ဆက်ကြမယ်၊ အိပ်ဖို့တောင် သူ့မှာ အချိန်မရှိဘူးလို့ သူ ပြောသွားပါတယ်။

သည်တော့ မြေပြင်က သပိတ်ခေါင်းဆောင်တွေ တိုက်ပွဲဝင်နေသူတွေနဲ့ အပေါ်က နိုင်ငံရေးခေါင်းဆောင်တွေ မည်သို့မည်ပုံ လက်တွဲချီတက်ကြမည်လဲဆိုတာ အခုရက်ပိုင်းတွေမှာ အထင်အရှား မြင်တွေ့ရလိမ့်မယ် မျော်လင့်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar