မောင်သော်တာ - နွေကို ငါတို့ဦးထားပြီ
နွေကို ငါတို့ဦးထားပြီ
မောင်သော်တာ
(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၁
၁
လူစင်စစ်ဖြစ်ခွင့် မရချင်ဘူးလား
လူယုတ်မာတွေရဲ့လက်ကိုင်တုတ် မဖြစ်စေနဲ့
ကျွန်ရာဝင်ပြီး
ဘေးကင်းလုံခြုံနေတဲ့ဘဝဟာ လူဖြစ်ရှုံးပါတယ်
၂
အကြောက်တရားကိုမြင်အောင်ကြည့်
ပိတ်ဆို့ထားတဲ့အတားအဆီးတွေကလမ်းတွေပေါ်မှာ
သဲအိတ်တွေ၊ ပရိဘောဂအပျက်တွေ၊ စစ်ဖိနပ်အစုတ်တွေနဲ့သွေးစွန်းကွက်တွေကြားမှာ
ရဲအချုပ်ကားနဲ့စစ်ထရပ်ကားတွေရဲ့ကားတာယာအောက်မှာ
ကျည်ဆန်ခွံတွေ၊ ရေသန့်ဗူးခွံတွေ၊ကြွေးကြော်သံဆိုင်းဘုတ်တွေရဲ့နံဘေးမှာ
ည ၈ နာရီ သံပုံးတီးသံထဲမှာ
ဖယောင်းရည်တွေစီးကျနေတဲ့လက် ၃ ချောင်းနဲ့အတူ
အမှောင်ကိုတွန်းဖယ်နေကြတဲ့နွေဦးညတွေထဲမှာ
အကြောက်တရားကိုမီးခိုးဗုံးတွေလိုတစ်လုံးပြီးတစ်လုံးပစ်ချလိုက်တိုင်း
စစ်မြေပြင်မဟုတ်ဘဲချေမှုန်းရေးလက်နက်တွေနဲ့တရစပ်ပစ်ချလိုက်တိုင်း
ဖျော်ဖြေရေးတီဗီဖန်သားပြင်ပေါ်အဆိပ်လူးထားတဲ့သတင်းတွေသွန်ချလိုက်တိုင်း
အကြောက်တရားဟာဝတ်လစ်စလစ်ဖြစ်သွားတဲ့စစ်သားတစ်ယောက်လို
လမ်းပေါ်ရပ်ပြနေတာမြင်ရ
မိုးပေါ်ထောင်မဖောက်ဘူးဆိုတဲ့သေနတ်ဟာ
ငရဲတံခါးကိုဖွင့်တဲ့သော့တစ်ချောင်းပဲဖြစ်လိမ့်မယ်
အမှောင်ထုကြီးစိုးနေတဲ့ကြားမှာ
အကြောက်တရားကိုမြင်အောင်ကြည့်တတ်ရင်
နွေဦးဟာကဗျာတစ်ပုဒ်ဖြစ်လာမယ်
အရင်းအနှီးလည်းများတယ်
တန်ဖိုးလည်းကြီးတယ်
အသက်သွေးချွေးတွေနဲ့နိုင်ငံသစ်တစ်ခုကိုလဲယူနေကြတယ်
၃
နေ့ရက်တိုင်းဟာစစ်တလင်းပြင်ထဲရောက်နေတယ်
ဒီမြေကိုထွန်ယက်လိုက်တိုင်း
အလောင်းနဲ့သွေးစသားစတွေဖွာထွက်လာတော့မယ်
ခေါင်းပေါ်ရွာချလာမယ့်မိုးရေစက်တွေထဲမှာအက်ဆစ်ရည်တွေလား
ကမ္ဘအပျက်အစီးတွေအပိုင်းအစတွေသွေးလိုက်ပါတော့
ငါတို့ရဲ့သွေးသားတွေငွေ့ရည်စုပြီးပို့ချင်တယ်
ကမ္ဘာအသစ်မှာစစ်မရှိတဲ့မြေဖြစ်ပါစေ
၄
အပျက်အစီးတွေအပိုင်းအစတွေသွေးစက်တွေအော်သံတွေ
ငိုကြွေးသံတွေအသိုးအပုပ်တွေ
သခင်ကတည်းကအပုပ်နံ့ထွက်နေတဲ့ကောင်တွေ
တပြုံတမ
မွကြဲနေသလို
မသေခင်ကတည်းကအပုပ်နံ့ထွက်နေတဲ့ကောင်တွေ
လမ်းသလားနေကြ
အုတ်အရောရောကျောက်အရောရောဆိုတာတွေထဲကပဲ
ပွင့်တဲ့ဘုရားက ပွင့်တယ်
မြေမြိုခံရမယ့်မြေမြိုခံရမယ့်ဒေဝဒတ်ကိုမြေမြိုတယ်
၅
ငါတို့ရဲ့အာခံမှုကိုလိုက်ရှာချင်ရင် လူမဲ့လမ်းတွေပေါ်ကသဲအိတ်တွေကိုရှာပါ
ကတ္တရာလမ်းပေါ်ရေးထားတဲ့ဆန့်ကျင်ရေးစာလုံးအဖြူတွေကိုဖတ်ကြည့်ပါ
ကျည်ထိလဲကျခဲ့တဲ့သွေးစွန်းကွက်တွေနေရာမှာရှာပါ
အသံမဲ့ရင်မဲ့နေလိမ့်မယ်
အရှုံးမပေး အခဲမကျေတဲ့ဝိညာဉ်တွေက
ကမ္ဘာမကြေဘူး'သီချင်းသံကြားရင် ပူးဝင်ရုန်းထနေကြမယ်
အသေခံတိုက်နေတဲ့သူရဲကောင်းတွေရှိတဲ့အကြောင်း
ကမ္ဘာကြီးရဲ့သမိုင်းအသစ်ပဲ