Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၉ ရက် မြောက်နေ့ မြင်ကွင်း






မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၉ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၉ ၊ ၂၀၂၁

အကြမ်းဖက်အစွန်းရောက်အဖွဲ့ စစ်ကောင်စီ

စစ်အာဏာသိမ်းပြီး ၇၇ ရက် ရှိလာသည့်တိုင် တိုင်းပြည်ကို မအုပ်ချုပ်နိုင်သေးဘူးလို့ အများက ယူဆကြတယ်။ စစ်ကောင်စီကတော့ သူတို့ စစ်တပ်အင်အား ရဲအင်အားနဲ့ လူတွေကို ကြောက်အောင် ရက်ရက်စက်စက် နှိပ်စက်၊ သတ်ဖြတ် ဖြိုခွဲ ဖမ်းဆီးမှုတွေ လုပ်ပြီး အုပ်ချုပ်နိုင်ပြီလို့ ယူဆနေကြတယ်။ ဧည့်စာရင်းတိုင်ဖို့ အသံချဲ့စက်ကို ရဲကား စစ်ကားပေါ်တင်ပြီး လိုက်အော်တယ်၊ တိုင်တဲ့ ရပ်ကွက်၊ တိုင်တဲ့ ပြည်သူလည်း တိုင်ကြတယ်၊ ဧည့်စာရင်းတိုင်တာကို အပြစ်တင်တာမဟုတ်ပါ။ ဒါပေမယ့် ဧည့်စာရင်းတိုင်တဲ့သူရှိပြီဆုိယုံမျှနဲ့တော့ အုပ်ချုပ်နိုင်ပြီလို့ ကောက်ချက်ချတာ စောလွန်းတယ်လို့ ဆိုချင်တာပါ။

စစ်အင်အား လက်နက်အင်အားနဲ့ လူထုကို အုပ်ချုပ်နိုင်ပြီလို့ ယူဆတာဟာ ဆီးရီးယားက အိုင်စစ်တွေ၊ အာဏာရှင်တွေ၊ အီရတ်က အကြမ်းဖက်အဖွဲ့တွေလည်း အလားတူပဲ ယူဆခဲ့ကြတာမျိုးဖြစ်ပါတယ်။ လက်နက်ရှိတယ် ရက်စက်စွာ နှိမ်နှင်းတယ် ၊ ဖမ်းလို့ရတယ်၊ နှိပ်စက်လို့ရတယ်၊ ဥပဒေ ဆိုတာ ဂရုစိုက်စရာမလိုဘူးဆိုတာမျိုးက အဲလို နိုင်ငံတွေနဲ့ ခု စစ်ကောင်စီလက်ထက် အဖြစ်အပျက်တွေမှာ တွေ့နိုင်တာမျိုးပဲဖြစ်ပါတယ်။

ISIS လို့ အတိုကောက်ေခါ်တဲ့ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ရေး အကြမ်းဖက်အဖွဲ့အစည်းတွေဟာ ဆီးရီးယားနဲ့ အီရတ်တို့မှာ အင်အားကောင်းပြီး လူတွေကို သတ်ဖြတ်ပြ၊ နှိပ်စက်ပြပြီး အကြောက်တရားရအောင် သူတို့က အာဏာရှိတဲ့ အဖွဲ့အစည်း အဖြစ် ရက်စက်တဲ့ အဖွဲ့အစည်းအဖြစ် မြင်လာအောင် လုပ်ခဲ့ကြပါတယ်။ ဥပဒေ၊ လူသားဂုဏ်သိက္ခာ ဆိုတာတွေကို တခုမျှ ဂရုမထားပဲ သူတို့ကို ကြောက်လန့်လာအောင် မလှန်ရဲအောင် ဆိုတဲ့ ရလဒ်ကိုပဲ ဦးတည်ကာ အရက်စက်ဆုံး၊ အယုတ်မာဆုံးလုပ်ရပ်တွေ လုပ်ခဲ့ကြတာမျိုးဖြစ်ပါတယ်။ သတင်းထောက်တွေကိုတောင် ခေါင်းဖြတ်သတ်ပြတဲ့ ဗီဒီယိုကို တမင်တကာရည်ရွယ်ချက်နဲ့ ရိုက်ပြီး နိုင်ငံတကာသတင်းမီဒီယာတွေ သက်ဆုိင်ရာ နိုင်ငံအစိုးရတွေဆီ ပို့တဲ့အဖွဲ့မျိုးဖြစ်ပါတယ်။ နိုင်ငံတကာမှာ အလားတူ အကြမ်းဖက်အဖွဲ့အစည်းတွေ မူးယစ်ရာဇာ ဒုစရိုက်ဂိုဏ်းတွေလည်း အလားတူ နည်းနာတွေ သုံးခဲ့ကြတာမျိုး ရှိပါတယ်။ လူထုက သူတို့ကို ကြောက်လန့်နေအောင် သူတို့မှာ ဘာမဆို လုပ်ခွင့်ရှိတယ်ဆိုတာမျိုး ထင်လာအောင် ရှိသမျှ အင်အား လက်နက်၊ ကြမ်းကြုတ်မှု ရက်စက်မှုတွေ ကို လူသိရှင်ကြား လုပ်ပြကြတာမျိုးပါ။

ခုမြန်မာနိုင်ငံမှာလည်း နိုင်ငံပိုင် ဝါဒဖြန့်မီဒီယာ စစ်တပ်မီဒီယာတွေကနေ ရန်ကင်းမြို့နယ်မှာ ဖမ်းဆီးသွားသူတွေရဲ့ ဓါတ်ပုံတွေကို သတင်းမှာ ဖေါ်ပြရာမှာ ထိုးကြိတ် ရိုက်နှက်ထားလို့ ဖူးယောင်နေတဲ့ပုံ၊ မျက်နှာမှာ သွေးယိုစီးနေတဲ့ပုံတွေနဲ့ ဖော်ပြသလို မကြာခင်ရက်ပိုင်းက မြောက်ဥက္ကလာက သေဒဏ်ချမှတ် အပြစ်ပေးခံရသူတွေနဲ့ အတူ အမှုမှာပါသူတွေရဲ့ သတင်းဓါတ်ပုံမှာလည်း ပတ်တီးတွေ စည်းထားတဲ့ ပုံ မျက်နှာမှာ ဖူးယောင်နေတဲ့ ပုံတွေကို တမင်တကာ ရည်ရွယ်ချက်နဲ့ ဖေါ်ပြခဲ့ပါတယ်။

ဒီလိုဖေါ်ပြမှုဟာ လူတွေကို အကြောက်တရားရအောင် ၊ ဥပဒေမဲ့ လုပ်ချင်ရာ လုပ်လို့ရ၊ လုပ်ခွင့်ရှိပြီး လုပ်လည်းလုပ်နေကြောင်း သတင်းစကားပါးတဲ့ သဘောဖြစ်ပါတယ်။ အခုလို ဖေါ်ပြမှုတွေကို နှိုင်းယှဥ်စရာ ဆိုရင် ဆီးရီးယားနဲ့ အီရတ်က အိုင်အက်စ် အဖွဲ့ရဲ့ လုပ်ဟန်မျိုးနဲ့ သာနှိုင်းယှဥ်ပြစရာ ဖြစ်ပါတယ်။ အိုင်အက်စ် အဖွဲ့လိုမျိုးက အကြမ်းဖက်အဖွဲ့လို့ နကိုကတည်းက ခံယူထားပြီး ဖြစ်လို့ ထူးပြီး အံ့သြစရာ မဟုတ်ပေမယ့် အာဏာသိမ်း အစိုးရလို့ ခေါ်ဆိုတဲ့ သူတွေက ဒီလိုလုပ်ပုံကိုင်နည်းမျိုးကို ကျင့်သုံး ဝါဒဖြန့်တာဟာ လမ်းဆုံးနေတဲ့ သဘောမျိုးသက်ရောက်ပါတယ်။ စစ်အစိုးရခေတ်၊ မဆလ ခေတ်တွေမှာ နိုင်ငံရေးပြစ်မှုနဲ့ ဖမ်းဆီးခံရသူတွေ အများစု နှိပ်စက်ညှင်းပန်းခံရတယ်ဆိုတာ အတွေ့အကြုံရှိသူတွေ ပြန်ပြော ပြန်ရေးသားကြလို့ သိရှိကြပါတယ်။ စစ်ထောက်လှမ်းရေး၊ သတင်းတပ်ဖွဲ့ စတာတွေက စစ်ဆေးရာမှာ ဘယ်တုန်းကမှ လူသားဂုဏ်သိက္ခာနဲ့အညီ စစ်ဆေးမေးမြန်းတာမျိုးမဟုတ်ပါဘူး။ သို့ပေမယ့် အဲလို ရိုက်တာ နှက်တာ နှိပ်စက်တာတွေကို လူသိရှင်ကြား ပြောဆို ဝန်ခံတာမျိုး မရှိကြပေမယ့် အခု စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူတွေကို ရိုက်နှက်တာ နှိပ်စက်ညှင်းပန်းတာ ရှိကြောင်းကို လူအများသိအောင် တမင်တကာ ပြသတာမျိုးက နိုင်ငံသားတွေကိုရော နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ ပြောင်ပြောင်တင်းတင်း စော်ကားလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက အိုင်အက်စ် နဲ့ သော်လည်းကောင်း တောင်အမေရိကတိုက်က မူးယစ်ဒုစရိုက်ဂိုဏ်းတွေနဲ့ သော်လည်းကောင်း တန်းညှိယုံမှတပါး အခြား နှိုင်းယှဥ်စရာ မရှိလို့ ဆိုရမလို ဖြစ်နေပါပြီ။ တရားဥပဒေ ဆိုတာကို တချက်မှ တခုမှ အလေးမထားတာဘယ် အချက်တွေက ပေါ်လွင်သလဲဆိုရင် ပြီးခဲ့တဲ့ သီတင်းပတ်၊ လတွေမှာ နေအိမ်ထဲ ပစ်သတ်ခံရတဲ့ ကလေးငယ်တွေနဲ့ ပတ်သက်လို့၊ ဆန္ဒပြသူမဟုတ်တဲ့သူတွေကို ရိုက်နှက် နှိပ်စက် ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ အန်အယ်လ်ဒီ ပါတီဝင်အချို့ ဖမ်းဆီးပြီးနောက်တရက်မှာ အလောင်းအဖြစ်ပဲပြန်ရတာ၊ နေအိမ်တွေ၊ ဆိုင်တွေမှာ စစ်တပ်နဲ့ လုံထိန်းရဲတွေ လုယက်တာ၊ ပိုက်ဆံတွေ ယူဆောင်သွားတာတွေ အတွက် ဘယ်ရဲစခန်းနဲ့ ဘယ်တရားရုံးမှာမှ အမှုဖွင့် လျှောက်ထားလို့မရတာကို ကြည့်ရင် တရားဥပဒေဆိုတာကို မျက်ကွယ်ပြုပြီး လက်နက်ကိုင် ပါးကွက်သားတွေ လုပ်ချင်ရာ လုပ်ဖို့ ခွင့်ပြုထားတဲ့ ဒုစရိုက်ဂိုဏ်း အကြမ်းဖက် အဖွဲ့လို့ပဲ ဆိုရတော့မယ်ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ရာဇဝတ်မှုများ လူသတ်မှုများ မတရားမှုများ တိုးမြှင့်လာတာနဲ့အမျှ လူထူ၏ အာခံမှုသာမက တွန်းလှန်တိုက်ခိုက်မှုတွေကလည်း ပြင်းထန်လာပါတယ်။ ယမန်နေ့က မြင်းခြံပြောက်ကြားတိုက်ပွဲဟာ သပိတ်ခံတပ်တွန်းလှန်မှုကနေ စစ်ကောင်စီဖက်ဆစ်တပ်သားတွေကို ပြောက်ကြားဗျူဟာသုံး တိုက်ခိုက်မှုဖြစ်လာပါတယ်။ ဖက်ဆစ်တွေမျော်လင့်သလို ပြည်သူတွေက အသေခံပြီး ခုခံကြမယ်၊ လက်နက်ချင်းမမျှတဲ့ပြည်သူတွေကို သူတို့က ရက်ရက်စက်စက်ချေမှုန်းအနိုင်ယူမယ်လို့ အထင်နဲ့ စော်ကားဖို့ ကြိုးစားကြပေမယ့် မြင်းခြံပြောက်ကြားတွေက သူတို့ကို ထိပ်တိုက်မတွေ့ဘဲ အလစ်အငိုက်တိုက်ခိုက်ပြီး ပျောက်ကွယ်သွားကြပါတယ်။ ဖက်ဆစ်တပ်သားတွေဟာ မန္တလေးမှာလည်း အရပ်ဝတ်လက်နက်ကိုင်ပြီး သပိတ်ခေါင်းဆောင် တေဇာဆန်းအိမ်ကို ကျုးကျော်ဖျက်ဆီးမှုတွေ လုပ်ခဲ့ကြတာ တွေ့ရပါတယ်။ စစ်ကောင်စီက ၅၀၅ ပုဒ်မနဲ့ လူထုကို စွပ်စွဲမှုတွေ ဘယ်လိုပဲ ထုတ်ပြန်ထုတ်ပြန် ပုဒ်မတပ်ခံရတဲ့ လူထုဟာ နောက်တွန့်မသွားဘဲ ပိုပြီးတော့ ဆိုရှယ်မီဒီယာမှာ အာခံမှုတွေ ဖီဆန်မှုတွေ လုပ်လာကြပါတယ်။ ပြည်တွင်း ပြည်ပက အလှူရှင်တွေကလည်း CRPH-NUG, CDM, Federal Army နဲ့ သပိတ်အဖွဲ့တွေ ပြောက်ကြားအဖွဲ့တွေကို နီးစပ်ရာ ပိုပြီးတော့တောင် လှူဒါန်းထောက်ခံမှုတွေ ပြသကြပါတယ်။ အခုဆိုရင် “မြန်မာနွေဦးတော်လှန်ရေးရန်ပုံငွေ” လှုပ်ရှားမှုတွေဟာ တကမ္ဘာလုံးအနှံ့ မြန်မာကွန်မြူနီတီများကြားမှာ ပျံ့နှံ့အရှိန်ရနေပြီ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar