Breaking News

မြန်မာ့နွေဦးတော်လှန်ရေး ကဗျာများ - ခက်သီ၊ ​အေဘီဇက်၊ မင်းငြိမ်းအေး၊ ဉာဏ်ရှင်း

Art- Than Htay Maung
ကစားပွဲ
ခက်သီ


တည့်တည့်ဝင်လာတဲ့ ဓားကို
ပိုးသတ်ပြီးပြီးလား စစ်ဆေးနေဖို့မလို ။

ကျားခေါင်းထဲ ခေါင်းထိုးပြခဲ့ဖူး
မြွေပွေးကို နမ်းပြခဲ့ဖူး
ဆပ်ကပ်ဓားပေါက်ခန်းတွေမှာ
ဓားဟာ လွဲမြဲ ။

ဝီလျံတေးရဲ့ မြားချက်တွေက
ပန်းသီးကိုပဲ စိုက်ဝင်မယ် ။

ငါတို့ကြုံနေတာ ဆပ်ကပ်ပွဲမဟုတ်
သားရဲတွင်းထဲက ဂလက်ဒီရေတာတွေ
ငါတို့အားလုံးဟာ ဂလက်ဒီရေတာ
ငါတို့အားလုံးဟာ စပါတာကပ်
ကျွန်ဇာတ်က လွတ်ဖို့ တလမ်းပဲ ကျန်တော့တယ် ။

လက်တည့်စမ်းနေရမယ့်အချိန် မဟုတ်ဘူး
ခြေကုန်ကစားရတော့မယ့် အချိန် ။    ။

5.2.2021

-----

ဇက်မျိုးဆက်သို့​ပေးစာ(၂) 
​အေဘီဇက်

ညီ​လေး​ရေ ညီမ​လေး​ရေ
မင်းတို့​တွေ အုတ်တံတိုင်းကို 
အုတ်နီခဲနဲ့ထုတာ ရက်​တွေမနည်း​တော့ဘူး
​ဖေ​ဖော်ဝါရီက စလို့​ပေါ့
ခု ငါတို့ မြင်​​နေရပြီ
အုတ်တံတိုင်းကြီး အက်​ကြောင်းလိုက်လာတာ
ဒါ​ပေမယ့် မင်းတို့က 
တရက်မှမရပ်ဘူး
ခန္ဓာကိုယ်နဲ့ပါ ​ပြေး​ဆောင့်​နေကြတယ်
​ကျေးဇူးတင်တယ်ကွာ
အုတ်တံတိုင်းကြီးပြို​တော့မယ်
အ​ရေး​​တော်ပုံ မုချ​အောင်ရမယ်...!!! 

သကြန်အတက်ရက်၂၀၂၁

-----

အပေါစားအောင်မြင်မှုများ
မင်းငြိမ်းအေး

လောင်းကြေးကနည်းပါတယ်
မင်း၊ ကဗျာမရေးနဲ့
မင်း၊ ကဗျာအကြောင်းမပြောနဲ့
ကဗျာဆရာတွေနဲ့ဓာတ်ပုံမရိုက်နဲ့ ။

မင်းရတာများပါတယ်
ဒီမြေနဲ့မကင်းတဲ့၊ပွင့်ဖူးတွေကို
အမဲလိုက်ခွေးလို
အနံ့၊ အရသာ သိမယ်။
ကိုယ်တိုင်အနာကြီးရောဂါကူးစက်ခံတဲ့
သီလရှင်တစ်ပါးကိုဖတ်ရမယ်။

စစ်ကိုမတားနိုင်တဲ့
ငြိမ်းချမ်းရေးအမည်ခံအဖွဲ့တွေဆီ
အလှုငွေထည့်မယ်
ကိုယ်မယုံကြည်တာတွေလဲ
ဆန္ဒမဲထည့်ခဲ့ရမှာပေါ့။

မင်းရဲ့အောင်မြင်မှုဆိုတာ
ဘိုလီးဗီးယားရောက်ဖူးရုံနဲ့
ရင်ပြင်နီတစ်ပါတ်၊ခြေဆန့်ရုံနဲ့
ခြေတစ်လှမ်းနောက်ဆုတ်ပြီး
ခြေနှစ်လှမ်း၊ရှေ့ဆက်တက်ဖို့ပဲမို့လား ။

အနှစ်နှစ်ဆယ်
ရိုးတယ်
အနှစ်နှစ်ဆယ်ထက်မက
မင်းဆက်ဖတ်လိုက် ။

သေတဲ့လူကိုထားပြီး
နာမည်ကိုပြန်သယ်ခဲ့မှ
င်္သချိုင်း
မင်း နာမည်ကိုမြုပ်ပြီး
မင်း ရှင်သန်ထမြောက်ချင်တာလား။

မြစ်နှစ်ခုကို
ပန်းပဲဖိုမှာ
မင်း ဆက်လို့ရမယ်
(ငါ့) ဓားတော့
မင်း ဆက်မသွေးနဲ့တော့ ။
-----


ကမ္ဘာမကြေ နွေဦး
ဉာဏ်ရှင်း

ကျည်ဖူးတွေကြားက အသံနဲ့ အသက်သွေးတွေ
ဘယ်တော့မှတိတ်မသွားနိုင်တော့ဘူး
သင်္ကြန်ရေနဲ့ပက်ဖျန်းဆေးလည်း အဆင်းမပြောင်သလို
ဘယ် သိကြားမင်းကမှ ကင်းမှောင်ချ မကယ်နိုင်တဲ့ ဘဝတွေ ... ။

ထိုက်ထိုက်တန်တန်ပါပဲလေ
စစ်အာဏာရှင်စနစ်တဖန်ပြန် ဦးမော့လာမှာမလိုလားတဲ့ အသံတွေ
ကျောက်မျက်ရတနာတွင်းထွက်မှ သယံဇာတ,ဖြစ်သတဲ့လား
ငါတို့မှာ...
လူသားအရင်းအမြစ်တွေ နှစ်ပဋိစ္ဒေချီ ပေးဆပ်ပြီးချီတက်နေရတုန်း ...။

မုန်းတယ် ..
ကျည်ဆံတွေနဲ့ ကျည်သံတွေကို မုန်းတယ်
ဉာဏ်ပညာမဲ့ အုပ်ချုပ်ချယ်လှယ်ခြင်းကို စက်ဆုတ်ရွံရှာတယ်
အသက်ကိုရန်ရှာတဲ့စနစ်ကို အစားထိုးမယ့် 
ဒီမိုကရေစီအစစ်ပဲလိုချင်တယ် ...။

အမေပြောတဲ့ 
'သွေးဟာ ရေထက်ပျစ်တယ်'  ဆိုတဲ့စကား
ခင်ဗျားတို့ဟာ မျိုးမစစ်မိစ္ဆာကောင်တွေ
နိုင်ငံကိုအမှောင်ချ သူခိုး ဓါးပြလို ကျင့်ကြံလိုသူတွေ
၈၈ တုန်းကလည်း နွေဦးပဲလေ
၂၀၂၁ နွေဦးမှာလည်း အစာမကြေဘူး
ကမ္ဘာမကြေဘူး နွေဦးရေ ... ။

ဧပြီလ (၁၄)ရက် ၂၀၂၁ ခုနှစ်၊ ည ၁၀ နာရီ ၃၅ မိနစ်

+ မှတ်မှတ်ရရ အမေ့မွေးနေ့ .. ကျနော့်ထောင်ဝင်စာ ဒုက္ခတွေသူဘယ်လိုတွေ့ကြုံခံစားခဲ့ရတယ်ဆိုတာ 
နောင်အစဉ်အဆက် ဘယ်တော့မှမဖြစ်စေလိုလို့ ရေးပါတယ်။ (ဂျွန်ဂလင်း - နိုင်ငံရေးအကျဉ်းသားဟောင်း)
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar