Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - အောင်ဝေး၊ စိုးရိမ်၊ ခိုင်မျိုး၊ ကျော်စွာ

ART - THAN HTAY MAUNG
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဧပြီ ၂၀၊ ၂၀၂၁

အသက်ကြွေး
အောင်ဝေး

နွေဦးကျောင်းက
ခေါင်းလောင်းထိုးရင်။

ပြည်သူတစ်လောင်း
စစ်သားတစ်လောင်း
အသက်ဖိုးပြန်တောင်းမယ်။

နွေဦးကျောင်းမှာ
ဒေါင်းအလံထိုးရင်။

ပြည်သူတစ်လောင်း
ရဲသားတစ်လောင်း
အသက်ဖိုးပြန်တောင်းမယ်။

တော်လှန်ရေးကျောင်း
နွေဦးကျောင်းမှာ
သွေးချောင်းရပ်ရင်။

အသက်ကြွေးတောင်း
စစ်ခွေးခေါင်းဖြတ်
ခေတ်ကြွေးဟောင်းဆပ်မယ်ဟေ့။     ။

ဧပြီ ၁၀၊ ၂၀၂၁

...

ပြည်သူ့ခြေသံ
စိုးရိမ်

မင်းက ကျောက်တောင်ကြီးလား
ငါတို့က ပေါက်ချွန်းတွေ
မင်းက လှိုင်းလုံးကြီးလား
ငါတို့က ရွက်လှေတွေ...
သွားမယ်ဟေ့...
ဖြတ်မယ်ဟေ့...
မီးပင်လယ်ကြီးဖြစ်နေပါစေ
ဆူးခင်းလမ်းကြီးဖြစ်နေပါစေ...
အရှေ့မှာ ရောင်နီ
တပ်ဦးအလံတွေ ညီစေ...။
...

ရွာထဲမှာ 
ခိုင်မျိုး

ပွတ်တိုက်မှု
မီးများ
အကြိမ်ကြိမ်ဖြတ်သန်း

ထို့နောက်...
မီးဆေးပြီးသော
ဓားတို့ရဲ့ရာဇဝင်ကို
စတင်ပါတယ်။
...

ကျပျောက်သွားတဲ့ဒိုင်ယာလော့
ကျော်စွာ

ဇာတ်ဝင်ခန်းကို
ခပ်တိုးတိုးဖွင့်ထားပါတယ်

နံရံကိုလည်း
ပြတင်းပေါက်မှာချိတ်ထားပါတယ်

ကြယ်တွေစုံမှခေါင်းချသွားတဲ့လမ်းတွေ

အပေါက်တစ်ပေါက်ထဲက
တစ်ယောက်တစ်ယောက်ရဲ့အော်သံတွေ

ထွက်ပေါက်လို့ရေးထားတဲ့နွေဥတုတွေ

ဒီကမ္ဘာဟာငရဲပဲ

မင်းကဘာနေ့သားမို့
ကံကောင်းရတာလည်း

ပန်းတွေဝေရယ့်ရာသီမှာ
ပန်းတွေကြွေရတာ
မျက်ရည်တွေက ကွဲလွယ်ရှလွယ်

အခုတော့
ကိုယ့်အပြန်လမ်းကို
ကိုယ်တိုင်ခေါက်သိမ်းခွင့်မရှိတဲ့မြစ်တွေ။

၁၉ ဧပရယ် ၂၀၂၁
....

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar