Breaking News

ခွန်ဆိုင်း - စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်ကို ရှောင်မရ

Art - Than Htay Maung
စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်ကို ရှောင်မရ
ခွန်ဆိုင်း
(မိုးမခ) ဧပြီ ၄၊ ၂၀၂

စစ်တပ်အာဏာသိမ်းလိုက်သည်။ အန်အယ်လ်ဒီ အစိုးရ ၏ အမျိုးသားရင်ကြားစေ့နိုင်ငံရေးသက်တမ်း အဆုံး သတ်ခံလိုက်ရသည်။ အာဏာသိမ်းစစ်ကောင်စီအကြံက အတု အယောင်ရွေးကောက်ပွဲတခုကို တနှစ်အတွင်း ထပ်မံဖန်တီး။ စစ်တပ်ကြိုးဆွဲ ရုပ်သေးပါလီမန် အစိုးရတရပ်ဖြင့်အစားထိုးကာ တိုင်းပြည်ကို နောက်ထပ် နှစ် ၂၀- ၃၀ အုပ် ချုပ်ရန်ကြိုးစားမှု။ ဤသည်ကို ပြည်သူတရပ်လုံးကလက်မခံနိုင်။ စစ်အာဏာသိမ်းမှုကို ပြတ် သားစွာဆန့်ကျင်ကြကာ နွေဦးတော်လှန်ရေးကိုဆင်နွဲကြသည်။ ယခု ၂ လအတွင်းမှာပင် သပိတ်တိုက်ပွဲများကြောင့် ပေးဆက်ရသည့်အဖိုးတန်လူ့အသက်ပေါင်းက ငါးရာကျော်တော့မည်။ လူထုဖက်က မည်မျှဆက် လက်ပေးဆပ်ကြရဦးမည်မသိ။ စစ်ကောင်စီ၏မိုက်ဇာတ်ကြောင့် လူထုမှာ နောက်ဆုတ်စရာလမ်းမရှိ။ သံခင်တမန်ခင်းနည်းလမ်းကို အမြဲဦးစားပေးစဥ်းစားလေ့ရှိသော အမေရိကန်သံအမတ်ဟောင်းကပင် ဖြစ်စဥ်များကို လေ့လာ အကဲ ဖြတ်ခဲ့သောအခါ မြန်မာ့အရေးကိစ္စမှာ စေ့စပ်ဆွေးနွေးစရာ အခွင့်အလမ်းများ အချိန်များကုန်သွားခဲ့ပြီဆိုသော သဘောထားမှတ်ချက်ကို ပေးလာခဲ့ပေပြီ။
ကျွန်တော်ကမူ စစ်ကောင်စီပထမဆုံးကြေညာချက်ကို ဖတ်မိပြီးချိန်ကစ၍ မြန်မာပြည်သည် ရွေးစရာလမ်းမရှိ သော စစ်ကိုဦးတည်သွားပြီဟု မှတ်ယူခဲ့ပါသည်။ တနှစ်အတွင်းနောက်ထပ် ရွေးကောက်ပွဲဆိုသည်မှာ ပြီးစလွယ်ပြော၍ ၂၀၂၀ ရွေးကောက်ပွဲကို တဖက်သတ်ဖျက်သိမ်းလိုက်ခြင်းနှင့် ပလီစိခြောက်ချက် နောက်ထပ်နှစ် ၃၀ စစ် တပ်ဗိုလ်ကျရေးထောင်ချောက်ဟုသာမြင်သည်။ အခုလို ဗြောင်ကျကျ မတရားအာဏာထပ်သိမ်းခြင်း နည်းဖြင့်သာလျှင် ၂၀၂၀တရားဝင်ရွေးကောက်ပွဲ၏ရလဒ်ကို ချေဖျက်လို့ရနိုင်ပေမည်။ စစ်တပ်အပိုင်သိထားသည့်အချက်မှာ ဘယ်လို ရွေးကောက်ပွဲမျိုးလုပ်ပေးပေး၊ စစ်တပ်အားကိုး ရွေးကောက်ပွဲဝင်မည့် စစ်တပ်လက်ဝေခံပါတီများရှိခြင်း၊ လွှတ်တော်၌ အသားလွတ်ဝင်ထိုင်လိုသောအမတ်များ ခေတ်တိုင်းမှာ ရှားပါးပြတ်လပ်မှုမရှိခြင်း- စစ်အိမ်ဖြည့်ရန် အမြဲအဆင်သင့်ရှိနေခြင်း။ ထို နိုင်ငံရေးအချောင်သမားများကို အသုံးချ၊ စစ်အိမ်ဖြည့်အမတ်များကို နေ ရာပေးလိုက်ခြင်းဖြင့် အန်အလ်ဒီလဲ ဘေးရောက်စေ။ စစ်တပ်လဲ ဘုရင် လုပ်ခွင့် -ဒိုင်လုပ်ခွင့်ရစေ။ တချက်ခုတ် နှစ်ချက်ပြတ်။

ဤစစ်ဗိုလ်ချုပ်မင်းအောင်လှိုင်၏စစ်မြေပုံကို သာမန် အရပ်သားများပင် နားလည်နိုင်သည်။ စစ်တပ်ကြီးမှူးပေးမည့် ရွေးကောက်ပွဲဇာတ်ထုတ်မှာ အသစ်မဟုတ်။ ဗိုလ်ချုပ်မင်းအောင်လှိုင် မူပိုင်-မူရင်းမဟုတ်။ သူ့ဆရာစစ် ဗိုလ်ချုပ်ကြီးများ ၂၀၁၀ က ခင်းခဲ့ဖူးကြသည်။ ခုတော့ အင်မတန်လွတ်လပ်လိုသော အနာဂတ်ပျောက်မှာအင် မတန် ကြောက်နေကြသော မျိုးဆက်သစ်များ၊ အတွေ့အကြုံရင့် မြန်မာပြည်သူပြည်သားများနဲ့ စစ်အာဏာရှင်တို့ ထိပ်တိုက်တွေ့ခဲ့ကြလေပြီ။ အမျိုးသားပြန်လည်ရင်ကြားစေ့ခြင်းကိစ္စနိတ္ထိတန်ချိန်လမ်းဆုံးချိန်။ သူမနာကိုယ်မနာ မိုးမလင်းဇာတ်မျောကြီး ကားလိပ်ချချိန်။ စစ်အာဏာရှင် အမြစ်ပြတ်ရေး အဆုံးသတ်တိုက်ပွဲတခုသာကျန်သည်။ ရွေးစရာ စစ်လမ်းတလမ်းသာလူထုတရပ်လုံးအတွက် တိုင်းရင်းသားအားလုံအတွက် ကျန်တော့ သည်ဟု ကျွန်တော် စိတ်နှလုံးမချမ်းမြေ့စွာမှန်းဆ ကြည့်ခဲ့မိပါသည်။ ဇွတ်တည်ဆောက်ထားသော အမှုအမျိုးမျိုးပုဒ်မအမျိုးမျိုးဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကိုအရေးယူအပြစ်ပေးကာ လူထုရှေ့မှောက် ပြန်ရောက်မလာနိုင်အောင် ထောင်မကျကျအောင် စစ်ကောင်စီက လီဆယ်သည့်ခြေလှမ်းများဆက်တိုက်ပြလာသည့်အတွက်လည်း စစ်ကောင်စီ၏မလုပ်ရဲမလိမ်ရဲမရှိ -သဘောထားများပိုပြီပြင် ခိုင်မာလာပြီး သည်တကြိမ်က လူထုပါတီကြီးတရပ်လုံး ကို အပြီးချေမှုန်းမည့် ခြေလှမ်းများဟု သဘောပေါက်ခဲ့ပါသည်။
လူထုဖက်က မဆိုင်းမတွ ပြည်လုံးကျွတ် အထွေထွေသပိတ်တိုက်ပွဲများ၊ CDM လှုပ်ရှားမှုများဖြင့် ချက်ချင်း တန်ပြန်တိုက်ပွဲဖေါ်ဆောင်ကာ ရွံ့ရွံ့ချွန်ချွန်တိုက်ပွဲဝင်ခဲ့ကြသည်။ တချိန်ထဲမှာပင် လူထုကတရားဝင်ရွေး ကောက်ထားသော နိုင်ငံတကာမှာလည်း တရားဝင်သောအမတ်များက CRPH ကို တိုးချဲ့ဖွဲ့စည်းရင်း ကမ္ဘာ့အလယ်မှာ ဖယ်ဒရယ်ပြည်ထောင်စု အစိုးရတရပ် ပီပီပြင်ပြင်‌‌ပေါ်လာအောင် ကြိုးပမ်းနေကြသည်။ ဖယ်ဒရယ်ပြည်ထောင်စုအစိုးရအတွက် မရှိမဖြစ်လိုအပ်သော ဖယ်ဒရယ်တပ်မတော်ပေါ် ပေါက်ရန်လည်း အလုပ်လုပ်နေကြသည်။ လုပ်ငန်းစဥ်အားလုံးသည် ဧရာမလုပ်ငန်းစဥ်များဖြစ်ရကား နေ့ချင်းညချင်း ဖေါ်ဆောင်မရနိုင်။ ဖယ်ဒရယ်တပ်မတော်သည် အနာဂတ်နိုင်ငံတော်အတွက် တခုတည်းသော တပ်မတော်ဖြစ်လာမည်။ မြန်မာပြည်အဖို့ စစ်အာဏာရှင်ကိုအပြီးတိုင်နိုင်ငံရေးမှဖယ်ရှားရုံမှတပါး အခြားနည်းလမ်းမရှိ။ တပြည်လုံးဖြစ် လာနိုင်မည့် ပြည်တွင်းစစ်ကို ရှောင်မရ။ ပြည်သူလူထုအဖို့ ဘယ်လိုပြည်တွင်းစစ်မျိုးကို ရင်ဆိုင်ကြမလဲဆိုသည့်မေးခွန်းကိုပါ ထည့်သွင်းစဥ်းစားကြရန်လိုအပ်လာပါသည်။
မေမေပင်ပန်းလှပြီ။ မေမေ အနားယူပါဦးဟုတဖွဖွ ဆိုတတ်သူများအတွက်လည်း သမိုင်းတာဝန်ကြီး သူတို့ပခုံးပေါ် ကျလာပါပြီ။ ယခုအခြေအနေကို ‌ဒေါ်အောင်ဆန်းစုကြည်အနားရအောင် ကံကြမ္မာက ဖန်တီးလိုက်ခြင်းဟု ကြံဖန်ဖြေသိမ့်လိုက ဖြေကြပါ။ ဒေါ်အောင်ဆန်းစုကြည်သည် ဤအိမ်အချုပ်မျိုးကို ၁၅ နှစ်မျှဖြတ်သန်းဖူးသည်၊ စစ်ကောင်စီကထိန်းချုပ်ထားလိုက်ခြင်းကြောင့် လုံးဝနားခွင့်မရရှာသည့် သူ့အတွက် မှာ အနားရစရာနှင့် တိုင် းပြည်အတွက် အချိန်ပေးဆင်ခြင် တွေးတောစဥ်းစား စရာ အခွင့်အလမ်းတခုဖြစ်ကောင်းဖြစ်နေမည်။ သူသည် သူများမလုပ်နိုင်သော သူများမလုပ်ချင်ဆုံးသောနိုင်ငံရေးကိစ္စများ၊ ရင်ကြားစေ့ အလုပ်များစွာကို ခေါင်းခံလုပ် ကိုင်ဆောင်ရွက်ပေးခဲ့ပြီးပြီ တာဝန်ကျေခဲ့ပြီးပါပြီ။

သူသာ အာဏာကိုဖက်တွယ်ထားလိုပါလျှင် ဗိုလ်ချုပ်မင်းအောင်လှိုင် လိုချင်သည့် အပေးအယူကို ခေါင်းအလွယ်ငြိမ့်ခါ စစ်တပိုင်း အရပ်တပိုင်း ဆက်လက်ဝေမျှအုပ်ချုပ်သွားနိုင်ပါသည်။ သို့သော် သည်တကြိမ်တွင် သူ ထပ်မံအလျော့မပေးတော့။ ၈၀ ရာခိုင်နှုန်းကျော်ထောက်ခံမှုပေးထားသည့် လူထုလိုချင်သည်မှာ စစ်တပိုင်း အရပ်တပိုင်းတိုင်းပြည်မဟုတ်။ ဖယ်ဒရယ်ပြည်ထောင်စုစစ်စစ်။
၂၀၀၈ ခြေဥအောက်မှာ နိုင်ငံရေးကစားခြင်းက လူထုကိုအချိန်ပေးရင့်ကျက်စေခဲ့ခြင်းများ ဖြစ်စေခဲ့သည်။ စစ်တပ်သည် အရပ်သားအစိုးရကို ၂၀၀၈ ခြေဥဖြင့် ကြာကြာ ဆက်လက်မချုပ်နိုင်ကြောင်း သဘောပေါက်တုန်လှုပ်စေခဲ့သည်။ အန်အယ်ဒီပါတီက လွှတ်တော်ကို လွှမ်းခြုံသိမ်းပိုက်၍ နိုင်ငံရေးတရားဝင်ဖြစ်မှုလမ်းကြောင်းကိုခင်းခဲ့သည်။ လူထုတရပ်လုံး နိုင်ငံရေးနိုးကြားမှုရှိအောင်၊ တရားဝင်ရွေးကောက်ပွဲ နိုင်ငံရေးလမ်းကြောင်းပေါ်လျှောက်လှမ်းတတ်အောင် အတွေ့အကြုံများရယူစေခဲ့သည်။ ယခုသမိုင်းအချိုးအကွေ့က အရေးကြီးလှသည်။ ၂၀၀၈ ခြေဥကို အပြီးတိုင်ဖျက်သိမ်းလိုက်ခြင်းနှင့် စစ်ကောင်စီကို အပြတ်ဖြုတ်မည့် နိုင်ငံရေးကို ဦးဆောင်မျိုးဆက်သစ်များ မွေးဖွားနိုင်ခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကလည်း သူတို့လိုချင်သောဒီမိုကရေစီနိုင်ငံအစစ်။ သူတို့ တည်ဆောက်လိုသော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအစစ်ကို စစ်ကောင်စီနှင့် ဆက်လက်ညှိနှိုင်းအဖြေရှာတည်ဆောက်ရမည်ဆိုသည်ကိုမယုံကြည်ကြောင်း ထုတ်ဖေါ်ပြသနေကြပြီ ဒီချုပ်အရပ်သား အစိုးရမအောင်မြင်ခဲ့သော မဆောင်ကျဥ်းနိုင်ခဲ့သော-တိုင်းရင်းသားများ၏အခွင့်အရေး၊ နိုင်ငံရေးလုပ်ပိုင်ခွင့် အပြည့်အဝ ရရှိရေးကို စစ်ကောင်စီနှင့် ဆက်လက်ညှိနှိုင်းရယူသွားနိုင်ကြမည်ဟု ယုံကြည်နေခဲ့လျှင် ထိုယုံကြည်မှုသည် မရိုးသားမှု ( သို့မဟုတ်) သမိုင်း အမှတ်မရှိမှု( သို့မဟုတ်) အရူးတယောက်၏ဆောင်းအိပ်မက်။ ယင်း ၃ ခုထဲက တခုခုမျှသာဖြစ်ပါလိမ့်မည်။
လူထုက အပြင်းအထန်သတ်ဖြတ်နှိပ်စက်ခံနေရသောကြောင့် ယူအန်ကို အမြန်ဆုံးမျှော်လင့်ကြသည်။ R2P ကို အမြန်ဆုံးတောင်းတကြသည်။ ယူအန်ကထုံးစံအတိုင်း အမြဲ နှေးကွေးမြဲ၊ လုံခြုံရေးကောင်စီကိုရောက်တိုင်းအဖျားရှူးကာ အလုပ်မဖြစ်သည်က များသည်။ ကျွန်တော်က မြန်မာ့အရေးတွင် နိုင်ငံတနိုင်ငံ သို့မဟုတ်နိုင်ငံများက ကူညီဖြေရှင်းခြင်းကို အကန့်အသတ်ဖြင့်သာ လိုချင်သည်။ ကမ္ဘာ့စစ်အုပ်စုများဝင်ရောက် စစ်ကစားရာ ၊သဩဇာချိန်ခွင်လျှာညှိရာ၊ လက်နက်စမ်းသပ်ရာ စစ်မြေပြင်မျိုး အထိ ဆိုက်မသွားချင်။ ဆီးရီးယားနှင့် ယီမင်လို နိုင်ငံများ၏နှစ်ရှည် ပြည်တွင်းစစ်များက တိုင်းပြည်နစ်နာလှသည်။ နိုင်ငံကြီးများက တဖက်စီ ဘေးမှဝင် လောင်စာဆီထိုး - ဓါတ်ဆီလောင်းပေးသော proxy war ဆန်ဆန် ပြည်တွင်းစစ်မျိုးကို မသွားချင်။ လူမျိုးဘာ သာလူတန်းစား ပေါင်းစုံပါဝင်သည့် ဖယ်ဒရယ် ပြည်ထောင်စု တပ်မတော်က တဖက်။ အပြောဒီမို အလုပ်ဖက်ဆစ် လူထုကိုပစ်ခတ်ချေမှုန်းတတ်သော စစ်ကောင်စီကတဖက်- အပြန်အလှန်ချကြသည့် အကန့်အသတ်ပြည် တွင်းစစ်မျိုးက တိုင်းပြည်အတွက် ပိုအထိအခိုက်နည်းစေနိုင်လိမ့်မည်ဟုထင်သည်။
စစ်ဆိုသည်ကား မည်သည့်စစ်မှ မကောင်းပါ။ မြို့ပြများ မှာ ဖြစ်လာနိုင်သည့် စစ်မျိုးဆိုလျှင် ပိုမဖြစ်ချင်ပါ။ လူထုကလည်း မျှော်လင့်မထားကြပါ။ ထိုသွေးချောင်းစီး စစ်။ တိုင်းပြည်နာသောစစ်။ ပြည်သူနာသော စစ်မျိုးကိုရှောင်လို၍လည်း အန်အယ်လ်ဒီပါတီသည် ရင်ကြားစေ့အကြမ်းမဖက်လမ်းကို ရွေးခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ ၊ ၂၀၁၀ တို့တွင် အကြိမ်ကြိမ်ခံခဲ့ရသည့်တိုင် အကြမ်းမဖက်ရွေးကောက်ပွဲလမ်းကိုသာ ဆက်ရွေးခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ ခြေဥဘောင်အတွင်းက အရာထင်အောင်ကြိုးစားခဲ့ခြင်း၊ ခြေဥကို ပြင်ဆင်ရန်ကြိုးစားခြင်းများသည် ပြည်သူမနာသည့်လမ်းကို နှစ်‌ပေါင်းများစွာ ရွေးချယ်လျောက်လှမ်းခဲ့ခြင်း ဖြစ်သည်။ ၂၀၀၈ ခြေဥသည် မည်သို့မျှ ဒီမိုက‌ရေစီမဆန် တိုင်းရင်းသားအခွင့်အရေးတွေကို အာမမခံ ကြောင်းလူတိုင်းသိသော်လည်း စစ်တပ်ခင်းသည့် ၂၀၀၈ ခြေဥ နိုင်ငံရေးအကွက်ထဲက ဝင်ကြိုးစားခြင်းသည် စစ်ဘောင်ခြုံ့၍ ဒီမိုဘောင်ချဲ့ရန် လူထုပါဝင်မှုဘောင်ကိုချဲ့ရန် အားထုတ်ခဲ့ခြင်းသာ ဖြစ်သည်။ လူထုရင့်ကျက်လာလျှင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သည့် စွမ်းအားရှိကြောင်း ယုံကြည်လာကြမည်။ ယခုမူ ဤ ငြိမ်းချမ်းသောနည်းလမ်းကိုရွေးခဲ့သည့် ကာလများကိုပင် ဖြတ်တောက် ရုတ်သိမ်းခံခဲ့ရပြီ။ စစ်အာဏာ သိမ်းမှုကြောင့်ကျလာသောအန္တရာယ်များကို ရင်ဆိုင်ရန်- မိမိကိုယ်ကိုခုခံကာကွယ်ရန် - ၂၀၀၈ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်း၍စစ်အာဏာရှင်စနစ်ကို အဆုံးသတ်အမြစ်ဖြတ်ရန်- ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို နိုင်ငံသားအားလုံး တိုင်းရင်းသားအားလုဲံး စုပေါင်းအားဖြင့်တည်ဆောက်ရမည့်အချိန်ကျခဲ့ပြီ ။ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအစိုးရ စတင် ဖွဲ့စည်းခြင်းကို ကြိုဆိုသည်။
ခွန်ဆိုင်း
၃၀- ၃- ၂၀၂၁