Breaking News

ညိုထွန်းလူ - မိုးကောင်းကင်အောက်မှာ ...

Image- Crd

မိုးကောင်းကင်အောက်မှာ ...
ညိုထွန်းလူ
(မိုးမခ) ဧပြီ ၄၊ ၂၀၂၁

အဘိုးကြီးတစ်ယောက် စင်မြင့်ပေါ်သို့တက်လာသည်။ ခြောက်သွေ့၍ မုတ်ဆိတ်စင်ကြယ်သည့်သူ့မျက်နှာပေါ်တွင် အရေအတွန့်တွေထနေ၏။ ထိုလူမှာ မက်ဒရစ်မြို့ကအလုပ်သမားသမဂ္ဂများခေါင်းဆောင်ကျောင်းဆရာမွန်းနက်ဖြစ်သည်။ ပရိသတ်သည်ငြိမ်ကျသွား၏။ စစ်မြေပြင်မှလာသည့်လူတစ်ယောက်စကားပြောတော့မည်။ သို့ရာတွင် မွန်းနက်သည်စကားတစ်လုံးမျှမပြော။ တိတ်ဆိတ်စွာရပ်နေသည်။ သူ့ပါးစပ်သည်နာကျင်မှုကြောင့်ဟလျက်ရှိ၏။ ပရိသတ်ထဲမှ ခပ်ကျယ်ကျယ်အသံတစ်ခုကိုကြားလိုက်ရသည်။

"အသတ်ခံရတာသူ့သားပေါ့"

မွန်းနက်က စကားတစ်ခွန်းပြောလိုက်သည်။

"လက်နက်လိုချင်တယ်"
"ဟုတ်တယ်။ လက်နက် လက်နက်"

ခန်းမဆောင်ထဲမှ ပရိသတ်ကအော်ကြသည်။

"လက်နက် လက်နက်'
လမ်းမဘက်က လူထုကလည်းပြန်အော်ကြသည်။

 - - - -- - -

ကျွန်တော်သည် ဖတ်လက်စာအုပ်ကိုနဘေးသို့ချလိုက်ရင်း သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်မိသည်။ သည်စာအုပ်က ဆရာမြသန်းတင့်မြန်မာပြန်ခဲ့သည့် အီလျာအာရင်ဘတ်၏ ပါရီကျဆုံးခန်း (THE FALL OF PARIS)ဖြစ်သည်။ ပထမအကြိမ်ထွက်ကတည်းကဝယ်ပြီးဖတ်ဖြစ်တာ သုံးကြိမ်ရှိသွားပြီ။ ယခုလည်း စိတ် ထွက်ပေါက်အနေဖြင့်ဖတ်မိနေဆဲ။

မိုးကောင်းကင်ဆီသို့အမှတ်မဲ့ငေးမော့ကြည့်လိုက်မိပြန်သည်။ တပေါင်းနွေဦးသည် မွန်းတည့်ချိန်နီးလာသည့်တိုင် ကြည်လင်လင်းလက်နေခြင်းမရှိ။ မြူခိုးတွေလွှမ်းခြုံထားသလိုမှုန်မှုန်မှိုင်းမှိုင်း။ အဝေးဆီမှာတော့မီးခိုးတွေက မိုးကောင်းကင်ဆီသို့ လွင့်တက်နေလျက်။ ဘာဖြစ်တာလဲ ဘာတွေဖြစ်ဦးမှာလဲ။အရာအားလုံးသည် ကျွန်တော်တို့အတွက် အိပ်မက်ထဲမှာလမ်းလျှောက်နေရသည့်အလား။ အရှိတရားကိုလက်သင့်ခံဖို့ ကျွန်တော့်မှာခက်ခဲ၍နေပါသည်။

မည်သည့်အရာကိုမျှကျွန်တော်မသိချင်တော့ပဲ စိတ်နှင့်ခန္ဓာကိုယ်ပူးကပ်ပြီးအခိုက်အတန့်ကလေးမျှအေးမြငြိမ်းချင်ပါသည်။ ခေတ်တွေ လူတွေ သဘာဝပတ်ဝန်းကျင်နှင့်ရှုခင်းတွေ။ တခစ်ခစ်ရယ်မောသံတွေနှင့်ပျော်ရွှင်မှုတွေ။ ဟစ်အော်ငိုကြွေးသံတွေ။ ကြေကွဲနာကျင်မှုတွေ မျက်ရည်တွေသွေးစက်တွေ သေနတ်သံတွေ။ သည်အရာအားလုံးက မိုးကောင်းကင်ကြီးအောက်မှာ ရောထွေးနေပြီးရုပ်ရှင်ဖလင်ကားချပ်တွေလို ဖျတ်ခနဲဖျတ်ခနဲပြောင်းလဲသွားခဲ့သည်။ လန်းဆန်းပျော်ရွှင်ခဲ့သည့်အချိန်ကာလတစ်ခု ရှိခဲ့ဖူးသည်။ ထိုစဉ်က ပြာလွင်သောမိုး ကောင်းကင်ထဲမှာ တိမ်တွေလွင့်မျောနေလျက်။ တသုန်သုန်တိုက်ခတ်လာသည့်လေပြေထဲမှာပန်းရနံ့တွေလွင့်မျောလာလျှက်။ ပိတောက်တွေဖူးစပြုလာခဲ့ပြီ။ နှစ်သစ်ကူးသီချင်းသံတွေကြားရစပြုပြီ။ ယခုတော့ နေရာတိုင်းမှာရက်စက်သောတိတ်ဆိတ်မှုတွေကခြိမ်းခြောက်နေလျက်။ စိုးရိမ်ထိတ်လန့်မှုသည် ရောဂါပိုးတစ်ခုလိုကူးစက်ပျံ့ပွားလာနေလျက်။ သို့ရာတွင်ကျွန်တော်တို့ကြောက်လန့်နေ၍မရပါ။ ကြံ့ခိုင်နေမှဖြစ်မည်။ စိတ်လျော့လိုက်သည်နှင့် ကျွန်တော်တို့အားလုံး၏ဘဝတွေတစ်စစီ ပြိုကွဲသွားတော့မှာသေချာသည်။

အဝေးဆီမှလှိုင်းလုံးကြီးတွေလိုအရှိန်ပြင်းပြင်းနှင့်လွင့်မျောလာသည့်အသံက ကျွန်တော့်ရင်ထဲသို့တိုးဆောင့်သွားခဲ့သည်။ ကျွန်တော်တို့ဘယ်အရာကိုမျှော်လင့်နေတာလဲ။ ဘာလိုချင်တာလဲတဲ့။ မည်သို့ပင်ဖြစ်စေ ကျွန် တော်တို့အားလုံးမိုးကောင်းကင်အောက်မှာပဲရှိကြသည်။

ညိုထွန်းလူ
- စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြသည်။