Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၄ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၄ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီလ ၂၄၊ ၂၀၂၁

ဒီနေ့က စစ်ကောင်စီရဲ့ ခေါင်းဆောင်၊ ဆိုးယုတ်မှုအပေါင်းရဲ့ ခေါင်းဆောင်ဖြစ်သူ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဆီယံ ထိပ်သီးအစည်းအဝေးကို သွားတက်တဲ့နေ့ဖြစ်ပါတယ်။ နေ့ချင်းပြန်သွားတဲ့ခရီးအတွက် ပြည်တွင်းက မေတ္တာပို့သူ သောင်းနဲ့ သိန်းနဲ့ချီသူတွေက လေယာဥ်ပျက်မကျဘူးလား ပျက်ကျပါစေ လို့ဆုတောင်းနေကြတာတွေလည်း ကြားသိနေရပါတယ်။ နိုင်ငံရေး အပြောင်းအလဲကို လူတဦးတယောက်အပေါ်မူတည် စဥ်းစားတာတွေက သိပ်ပြီး သဘာဝမကျပေမယ့် လူအများစုရဲ့ ခံစားချက်က ဘယ်လောက်ထိ ပြင်းထန်နေသလဲဆိုတာ ကို ဒီအဖြစ်က ဖေါ်ပြနေတယ်လို့ ဆိုချင်ပါတယ်။

အာဆီယံအစည်းအဝေးကို အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားဖို့ စာပေးပို့ထားပေမယ့်လည်း အာဆီယံက ဒီအခြေအနေကို လိုက်လျောခဲ့ခြင်းမရှိပါဘူး။ အာဆီယံ အစည်းအဝေး အပြီးမှာတော့ အချက်ငါးချက်ပါတဲ့ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကို ချက်ခြင်း ရပ်ဆိုင်းရမယ်၊ ပါဝင်ပတ်သက်နေသူတွေအားလုံးက ထိန်းသိမ်းလုပ်ဆောင်ကြရမယ်။ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦစားပေးရမယ် အဲဒီအတွက် သက်ဆိုင်ပါဝင်သူအားလုံး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ကြရမယ်။ အဲဒီလို တွေ့ဆုံဆွေးနွေးရေး အတွက် အာဆီယံဥက္ကဌက အထူးသံတမန် ခန့်အပ်တာဝန်ပေးပြီး အဆိုပါ ပုဂ္ဂိုလ်က ကြားဝင်ညှိနှိုင်းပေးဖို့။ အာဆီယံအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့။ အထူးသံတမန်နဲ့ အာဆီယံကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို လာရောက်ဖို့ တို့ဖြစ်ပါတယ်။

မလေးရှားနိုင်ငံနိုင်ငံခြားရေး ဝန်ကြီးက ဖမ်းဆီးထားတဲ့ နိုင်ငံရေး သမားတွေ တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ဖို့ မြန်မာစစ်ကောင်စီခေါင်းဆောင်ကို ပြောဆိုခဲ့သော်လည်း အဆိုပါ အချက်ကတော့ သဘောတူညီချက်ထဲ မပါဝင်ခဲ့ပါဘူး။ အထက်မှာ ဖေါ်ပြခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေ သဘောတူညီချက်ကို အကဲခတ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံ နိုင်ငံရေး အကြပ်အတည်းကို တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းခြင်း၊ ကြားဝင်ညှိနှိုင်းပေးမယ့် အထူးသံတမန် ခန့်အပ်တာဝန်ပေးဖို့ သဘောတူကြခြင်း စတဲ့အချက်တွေက ပြည်တွင်းက လူအများစု မျှေ ာ်လင့်ထားသလို စစ်ခေါင်းဆောင်တွေကို သတိပေးတာတို့လို ဖိအားပေးတာတို့လိုမျိုး ဆုံးဖြတ်ချက်မျိုး မဟုတ်ပါဘူး။ တနည်းအားဖြင့်ပြောရရင် အတိုင်းအတာတခုထိ အချိန်ယူဖြေရှင်းရမယ့် ပြဿနာအဖြစ် အကဲဖြတ် ရှုမြင်ကြတဲ့သဘောမျိုးလို့ ဆိုနိုင်ပါတယ်။

စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့ အင်အားနဲ့ အသာစီးရထားတဲ့ အနေအထားကို ထိန်းထားပြီး ဒေသတွင်းမှာ သံတမန်ရေးအရ အချိန်ဆွဲ ဖြေရှင်းဖို့ ယူဆပြီး ခုသဘောတူညီချက်ကို လောလောဆယ် လက်ခံထားလိုက်တဲ့ သဘောလို့ ယူဆရပါတယ်။ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ အမေရိကန်၊ ဥရောပတိုိ့က မြန်မာ့အရေးကို အင်အားသုံးဝင်ကူညီတာ စွက်ဖက်နိုင်ခြေမရှိတဲ့အနေအထားမှာ ဒေသတွင်း အာဆီယံကို ဝင်ရောက်ဖြေရှင်းဖို့ ရှေ့တန်းတင် ခဲ့တာလို့လည်း ခန့်မှန်းသုံးသပ်ကြည့်နုိင်ပါတယ်။

ဧပြီ ၂၄ ရက်နေ့ အခုလိုစစ်ကောင်စီ ခေါင်းဆောင် အာဆီယံ အစည်းအဝေးတက်ချိန်မှာ မြို့ကြီးတွေမှာ အခွင့်ကောင်းယူ ဆန္ဒပြဖို့ ကြိုးစားကြတာတွေလည်း တွေ့ရသလို ကောင်းကောင်း မအုပ်ချုပ်နိုင်သေးဘူးဆိုတာကို သက်သေပြဖုိ့ ရန်ကုန်မြို့ နေရာအချို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ သတင်းတွေလည်း ကြားသိရပါတယ်။

တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမပေါ်မှာ အသံဗုံးလို့ယူဆရတဲ့ ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ မြန်မာတနုိင်ငံလုံးအနေနဲ့ ဆိုရင် ပေါက်ကွဲမှုတွေ လက်လုပ်ဗုံး တွေ့ရှိမှုတွေ တနေ့တနေ့ကို ဒါဇင်နဲ့ချီ ဖြစ်ပွားနေတာကို စစ်ကောင်စီ ထုတ်ပြန်တဲ့ သတင်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီအနေအထားကို ကြည့်ခြင်းအားဖြင့် နိုင်ငံကို တည်ငြိမ်အောင် မအုပ်ချုပ်နိုင်သေးဘူးဆိုတာ ထင်ရှားပါတယ်။ သို့ပေမယ့်လည်း အင်အားနဲ့ ဖိနှိပ်ထားတဲ့ စစ်ကောင်စီကို ပြုတ်ကျအောင် လုပ်ဖုိ့ရာအတွက်ဆို ခုထက်ပိုပြီး ထိရောက်တဲ့ မဟာဗျူဟာ နည်းဗျူဟာတွေ လိုအပ်မယ်လို့ ထင်ပါတယ်။

အာဆီယံကိစ္စကို လူအများ စိတ်ဝင်စား အာရုံစိုက်နေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကလည်း အချိန်အခါ အခွင့်အခါကောင်းကို ယူပြီး စစ်ကောင်စီတပ်တွေ ကိုတိုက်ခိုက်နေကြရာမှာ ဒီနေ့တော့ ဗန်းမော်မြို့ တက္ကသိုလ် အနီးမှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ သတင်းလည်း ကြားသိရပါတယ်။ ကေအိုင်အေ အနေနဲ့ ဖားကန့်ဒေသ မှာ တိုက်ခိုက်ကာ စခန်းအချို့ သိမ်းယူခြင်း၊၊ အာလောဘွမ်တောင်ကုန်း စခန်းသိမး်ယူခြင်းတွေ အပြင်ဒီနေ့မှာတော့ မြို့ကို ခြိမ်းခြောက်တဲ့ စစ်ပွဲတွေ ဖေါ်ဆောင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။

စစ်ပွဲတွေ အာဆီယံ သံတမန်ရေး တွေအပြင်ဒီနေ့ သတင်းတွေထဲ လူမှုကွန်ရက်တွေထဲ ပြောနေကြတဲ့ အကြောင်းအရာ တခုက အင်ထရာနက် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ၂၀၁၀ မတိုင်မီ စစ်အစိုးရ ခေတ်က စဥ်းစားစိတ်ကူးခဲ့ဖူးတဲ့ ပြည်တွင်းသီးသန့် အင်တာနက်လိုမျိုးကို ပြန်စိတ်ကူးနေလားဆိုတာ သံသယဖြစ်စရာပါ။ မြောက်ကိုရီးယားရဲ့ အင်ထရာနက်မိုဒယ်လိုမျိုး ပြည်တွင်းမှာပဲ အင်တာနက်ချိတ်ဆက်မှု၊ ငွေကြေးစီးဆင်းမှု ဘဏ်လုပ်ငန်းဆိုင်ရာလုပ်ကိုင်နိုငိမှုကိုပဲံ အကန့်အသတ်နဲ့ ဆောင်ရွက်နိုင်ဖို ဝန်ဆောင်မှုပေးမယ်လို့ ဆိုပါတယိ်။ မြန်မာပြည်သူတွေကတော့ အဲသည်လိူ ကန့်သတ်အင်တာနက်ဝန်ဆောင်မှုကို လက်ခံကြလိမ့်မယ် မဟုတ်ပါဘူး။

NUG အစိုးရကို အသိအမှတ်ပြုမှုတွေ နိုင်ငံတကာကထုတ်ပြန်လာဖို့ကိုလည်း မြန်မာပြည်သူတွေက စိတ်စောနေကြပါတယ်။ အာဆီယံအစည်းအဝေးထုတ်ပြန်ချက်ပြီးနောက် NUG ဘယ်လိုတုန့်ပြန်မှာလဲဆိုတာကလည်း မေးခွန်းပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar