သီဟလတ် - အမျိုးသားရေးနှင့်ပဋိပက္ခအတွေး
သီဟလတ် - အမျိုးသားရေးနှင့်ပဋိပက္ခအတွေး
(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၁ယေဘူယျအားဖြင့် လူတိုင်း မိမိကိုယ်ကိုချစ်ကြသည်။ ထိုသို့ချစ်၍ ကောင်းသောအမှုပြုပြီး မိမိတန်ဖိုးကိုတက်စေချင်ကြသူများကား လူကောင်းသူကောင်းများဖြစ်ကြသည်။ အချို့ကား မိမိကိုယ်ကိုချစ်၍ တကိုယ်ကောင်းဆန်ကြသည်။ မိမိဖို့သာစဉ်းစား၍ ဘယ်သူသေသေ ငတေမာပြီးရော ပြုကြသည်။ ထိုသူများကို လူဆိုး လူယုတ်မာဟု လူများကသတ်မှတ်ကြသည်။
လူအများစုသည် မိမိကိုယ်ကိုချစ်သကဲ့သို့ တပါးသူကိုလည်းချစ်တတ်သည်။ မိမိကိုယ်ချစ်ခြင်းသည် တပါးသူကိုမုန်းဖို့မဟုတ်ဟု အလိုလိုနားလည်ပြီးဖြစ်သည်။ ဤသို့ပင်လူတိုင်းသည် မိမိလူမျိုးကိုချစ်နိုင်သည်။ သို့သော် မိမိလူမျိုးကိုချစ်ခြင်းသည် လူမျိုးခြားကိုမုန်းဖို့မဟုတ်ပေ ။ ဤကား ယဉ်ကျေးသူတို့၏အသိဖြစ်သည်။ မိမိကိုယ်တိုင်သည်လည်း မိမိနှင့်လူမျိုးမတူသူတယောက်ဖက်မှကြည့်လျှင် လူမျိုးခြားဖြစ်သည်။ လူမျိုးရေးအရ ဘာသာရေးအရ ခွဲခြားဆက်ဆံခြင်းသည် မယဉ်ကျေးသူတို့၏လုပ်ရပ်ဖြစ်၏။ ရိုင်းစိုင်းမှုဖြစ်၏။ လူမျိုးရေးခွဲခြားမှုအကြောင်းစဉ်းစားရာ အစွန်းရောက်အမျိုးသားရေးဝါဒသည် အတွေးသို့ထပ်ချပ်မကွာရောက်လာ၏။
* * *
အစွန်းရောက်အမျိုးသားရေးဝါဒဟူသည် ဖက်ဆစ်ဝါဒ၏ အဓိကအုတ်မြစ်တခုပင်ဖြစ်သည်။ ဒေါက်တာလောရင့်စ်ဘရစ်(Dr. Lawyence Britt)က ဖက်ဆစ်ဝါဒ၏ဝိသေသလက္ခဏာ ၁၄ ချက်ကို ရေးသားဖေါ်ပြခဲ့သည်။ ထို ၁၄ ချက်မှာ
၁။ အင်အားအပြည့်ရှိ၍ အဆက်မပြတ်သောအမျိုးသားရေးဝါဒ
၂။ လူ့အခွင့်အရေးအသိအမှတ်ပြုမှုကိုမလိုလားခြင်း
၃။ စည်းလုံးညီညွတ်ရေးအတွက် ရန်သူနှင့်ဓားစာခံများကိုအသုံးပြုခြင်း
၄။ စစ်ရေးကိုဦးစားပေးခြင်း
၅။ လိင်ခွဲခြားဆက်ဆံခြင်း
၆။ လူထုဆက်သွယ်ရေးကိရိယာများကိုထိန်းချုပ်ခြင်း
၇။ အမျိုးသားလုံခြုံရေးကို လိုအပ်သည်ထက်ပိုမိုအလေးထားခြင်း
၈။ ဘာသာရေးနှင့်အစိုးရတို့ဒွေးရောယှက်တင်ရှိခြင်း
၉။ စုပေါင်းအာဏာကိုကာကွယ်ခြင်း
၁၀။ အလုပ်သမားအင်အားစုကိုနှိပ်ကွပ်ခြင်း
၁၁။ ပညာတတ်များနှင့်အနုပညာသည်များကိုမနှစ်မြို့ခြင်း
၁၂။ ပြစ်မှုနှင့်ပြစ်ဒဏ်ကိုမမျှမတကျင့်သုံးခြင်း
၁၃။ ဆရာမွေး တပည့်မွေးနှင့် အကျင့်ပျက်မှုများပျံ့နှံ့ခြင်း
၁၄။ အလိမ်အညာရွေးကောက်ပွဲ
တို့ဖြစ်ကြသည်။
အီတလီဖက်ဆစ်အစည်းအရုံးသည်လည်းကောင်း၊ ဖက်ဆစ်တမျိုးဖြစ်သည့် ဂျာမဏီနာဇီပါတီသည်လည်းကောင်း ပထမကမ္ဘာစစ်အပြီးတွင်ပေါ်ပေါက်ခဲ့သည်။ စီးပွားရေးအကျပ်အတည်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုများမှ ပေါက်ဖွားလာကြခြင်းဖြစ်သည်။ ဖက်ဆစ်ဝါဒသည် လူတန်းစားပေါင်းစုံရောနှောပါဝင်သောလှုပ်ရှားမှုတခုဖြစ်သည်။ ဓနရှင်ပေါက်စများ၊ ကလေကချေပစ္စည်းမဲ့များ၊အကျင့်ပျက်အလုပ်သမားများအဓိကပါဝင်ကြ၏။
ဖက်ဆစ်တို့သည် ၎င်းတို့၏အမြုတေကာလအတွင်း အရင်းရှင်စနစ်ဆန့်ကျင်ရေးဝါဒဖြန့်ချက်များဖြင့်လူထုထောက်ခံမှုရအောင်လုပ်ခဲ့ကြသည်။
ဖက်ဆစ်တို့သည် အရင်းရှင်ဆန့်ကျင်ရေးကြွေးကြော်သံများကို လူထုအကြိုက်ထုတ်ပြန်ကာ နိုင်ငံရေးအရမရင့်ကျက်သေးသောလူထုကို စည်းရုံးဆွဲဆောင်ကြသည်။
ဂျာမဏီနိုင်ငံ၌ "တဦးချင်းကောင်းစားရေးထက်အများကောင်းစားရေးကပိုကောင်းသည်" ဟုကြွေးကြော်သည်။
အီတလီနိုင်ငံ၌ "ကျွန်ုပ်တို့နိုင်ငံတော်မှာ အရင်းရှင်နိုင်ငံတော်မဟုတ်၊ လူများစုကြီး၏နိုင်ငံတော်ဖြစ်သည်" ဟုကြွေးကြော်သည်။
ဂျပန်နိုင်ငံ၌ "သွေးစုတ်ခြယ်လှယ်မှုကင်းသည့် ဂျပန်နိုင်ငံတော်" ဟုကြွေးကြော်သည်။
ဤသို့သောကြွေးကြော်သံများဖြင့် ဖက်ဆစ်တို့က ပြည်သူလူထုကြီးကိုလှည့်စားခဲ့ကြသည်။
လက်တွေ့တွင်မူ ဖက်ဆစ်တို့သည် အလုပ်သမားလှုပ်ရှားမှုများကို တိုက်ခိုက်ကြသည်။ ထို့ကြောင့်လုပ်ငန်းရှင်ကြီးများက ဖက်ဆစ်တို့ကို လိုလားကြ၊ထောက်ပံ့ကြ၏။ ဖက်ဆစ်ဝါဒီများသည် ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒနှင့် လစ်ဘရယ်ဝါဒတို့ကိုဆန့်ကျင်ကြသည်။ ဒီမိုကရေစီကိုမလိုလားကြ။ အတိုက်အခံအားလုံးကိုဖိနှိပ်ကြသည်။ ဖက်ဆစ်ဝါဒသည် အကြွင်းမဲ့အာဏာရှင်ဝါဒဖြစ်သည်။ ဖက်ဆစ်ဝါဒီများသည် စစ်ဝါဒီများလည်း ဖြစ်ကြ၏။ ဖက်ဆစ်ဝါဒသည် နယ်ချဲ့အရင်းရှင်စနစ်၏ အကျပ်အတည်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဖက်ဆစ်မူဆိုလိုနီ၏တပ်ဖွဲ့မှာ ရှပ်နက်အပျော်တမ်းတပ်ဖွဲ့ဖြစ်ပြီး၊ နာဇီဟစ်တလာ၏တပ်ဖွဲ့မှာ ရှပ်ညိုမုန်တိုင်းတပ်ဖြစ်သည်။ ထိုတပ်ဖွဲ့များ၏ဥပဒေမဲ့လုပ်ရပ်များကို အာဏာပိုင်တို့ကလျစ်လျူရှုထားကြ၏။ ဤသို့ဖြင့်ဖက်ဆစ်များ၊နာဇီများ ဩဇာကြီးထွားလာကြ၏။ အီတလီနိုင်ငံ၌ စစ်အုပ်ချုပ်ရေးဥပဒေကြေညာချက်ကို လက်မှတ်ရေးထိုးရန်ငြင်းဆန်ပြီး ဘုရင်က မူဆိုလိုနီကိုဖိတ်ခေါ်ကာအာဏာအပ်ခဲ့၏။ ဂျာမဏီ၌လည်း ထောက်ခံသူနည်းနေသည့်သမ္မတက နာဇီတို့ကိုအာဏာအပ်နှင်းခဲ့သည်။ ၎င်းနောက်ပိုင်းတွင် ဂျာမဏီနှင့်အီတလီတို့သည် အရှေ့တိုင်းမှ ဝါဒတူ ဂျပန်နှင့် မဟာမိတ်စာချုပ်ချုပ်ခဲ့ကြသည်။ ၎င်းတို့ကိုဝင်ရိုးတန်းနိုင်ငံများဟုသိကြ၏။
ဒုတိယကမ္ဘာစစ်အကြိုကာလတွင် ကမ္ဘာပေါ်၌ ပဋိပက္ခများ အနှံ့အပြားရှိနေသည်။ အင်္ဂလိပ်၊ပြင်သစ်စသည့်နယ်ချဲ့အရင်းရှင်များအချင်းချင်းအကြားတွင်လည်း ပဋိပက္ခရှိ၏။ နယ်ချဲ့အရင်းရှင်များနှင့် ၎င်းတို့၏ကိုလိုနီနိုင်ငံများအကြားတွင်လည်း ပဋိပက္ခရှိ၏။ အင်္ဂလိပ်၊ပြင်သစ်စသည့်အရင်းရှင်နိုင်ငံများနှင့် ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စုတို့အကြားတွင်လည်း ပဋိပက္ခရှိ၏။ ဝင်ရိုးတန်းနိုင်ငံများနှင့် ကျန်အင်အားစုများအကြားလည်း ပဋိပက္ခရှိ၏။
၁၉၃၉ ခု စက်တင်ဘာလ ၁ ရက်နေ့တွင် နာဇီဂျာမနီက ပိုလန်နိုင်ငံကို ဝင်ရောက်ကျူးကျော်တိုက်ခိုက်ပြီးနောက် ၂ ရက်အကြာ ဗြိတိန်နှင့်ပြင်သစ်တို့က ဂျာမနီနိုင်ငံအားစစ်ကြေညာခဲ့သည်။ ဤသို့ဖြင့် ၁၉၃၉ ခု စက်တင်ဘာလ ၃ ရက်နေ့တွင် ဒုတိယကမ္ဘာစစ်ကြီးစတင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်တွင် ဝင်ရိုးတန်းနိုင်ငံများနှင့်မဟာမိတ်နိုင်ငံများ၏ပဋိပက္ခသည် အဓိကပဋိပက္ခ ဖြစ်၏။ မဟာမိတ်နိုင်ငံများ၏ ခေါင်းဆောင်များသည် ၎င်းတို့အကြားရှိပဋိပက္ခများကို မျက်ကွယ်ပြု၍ ညီညွတ်ခဲ့ကြသည်။ ဘုံရန်သူဖြစ်သော ဖက်ဆစ် ဝင်ရိုးတန်းအင်အားစုကို စုပေါင်းတိုက်ခိုက်ကြ၏။ မတရားသောစစ်ကို တရားသောစစ်ဖြင့်ဆန့်ကျင်ကြ၏။ ဤသို့ဖြင့် စစ်ကို သုတ်သင်ကြ၏။ဖက်ဆစ်တို့၏အကြွင်းမဲ့အာဏာကိုချုပ်ငြိမ်းစေခြင်းဖြင့် ပဋိပက္ခကိုလည်းချုပ်ငြိမ်းစေ၏။ ကမ္ဘာစစ်ကိုဖြစ်စေသော အဓိကပဋိပက္ခချုပ်ငြိမ်းသဖြင့် ကမ္ဘာစစ်လည်း ချုပ်ငြိမ်းသွားခဲ့သည်။
* * *
ဖက်ဆစ်တို့အာဏာစွန့်လိုက်ရခြင်းကြောင့် ကမ္ဘာပေါ်တွင် ဖက်ဆစ်စနစ်လုံးဝကွယ်ပျောက်သွားပြီဟု မဆိုနိုင်ပေ။ ဖက်ဆစ်ဝါဒသည်လည်းကောင်း၊ အစွန်းရောက်အမျိုးသားရေးဝါဒသည်လည်းကောင်း ကမ္ဘာပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် ရှိနေနိုင်သည်၊ ကြီးထွားလာနိုင်သည်ကို သတိပြုကြရမည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ၌ သမ္မတရွေးကောက်ပွဲပြုလုပ်သည်။ သမ္မတလောင်းဂျိုးဘိုင်ဒန်အနိုင်ရသည်ဟု မီဒီယာများတွင် ဖေါ်ပြချိန်မှစ၍ လက်ယာဝါဒီဒေါ်နယ်ထရမ့်ကိုထောက်ခံသူများက ဆန္ဒပြပွဲများပြုလုပ်ကြသည်။ ရွေးကောက်ပွဲရလဒ်ကိုလက်မခံပဲ ထရမ့်၏ထောက်ခံမဲများအခိုးခံရကြောင်း စွပ်စွဲကြ၏။ လူမည်းတို့၏ခရစ်ယာန်ဘုရားရှိခိုးကျောင်း လေးကျောင်းဖျက်ဆီးခံရသည်ဟု သတင်းများဖြစ်ပေါ်နေသော်လည်း အယူသည်းခရစ်ယာန်အချို့က ရွေးကောက်ပွဲရလဒ်ပြောင်းလဲရန် ဆန္ဒပြပွဲများဆက်လုပ်သင့်သည်ဟု လက်ခံကြ၏။ သမ္မတဒေါ်နယ်ထရမ့်ကလည်း သူ၏တွစ်တာစာမျက်နှာ၌ ဆန္ဒပြပွဲများကို ထောက်ခံရေးသားခဲ့သည်။
ထိုကဲ့သို့ဖြစ်ရပ်များနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံထုတ် CounterPunch မဂ္ဂဇင်းတွင် Nick Licata က "Is a Fascist Movement Developing Here?{ဒီမှာ(အမေရိကန်မှာ)ဖက်ဆစ်ဝါဒခေါင်းထောင်ထလာပြီလား?} ဟုရေးသားခဲ့၏။ ထိုသို့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးဟုဆိုသော အမေရိကန်တွင်ပင် တွေးတောစိုးရိမ်နေမိကြရာ . . .။
* * *
သီဟလတ်
၂၄-၄-၂၀၂၁
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar