နေစိမ့် - အရူးကောက်ရတဲ့သေနတ်
နေစိမ့်
(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၁
ကြားဘူးနားဝရှိတာက မြို့တစ်မြို့ ဖြစ်လာခဲ့ရင် အဲဒီမြို့မှာ ဘုန်းကြီးရယ်၊ သူဌေးရယ်အနုပညာသမားရယ်၊ သူတောင်းစားရယ်၊ အရူးရယ်မရှိတဲ့မြို့ဟာ မြို့အင်္ဂါရပ်နဲ့ မညီဘူးတဲ့။ အဆိုပါပုဂ္ဂိုလ်တွေရှိမှ မြို့က စည်စည်ကားကားရှိတယ်ဆိုပဲ ။
ကျွန်တော်နေတဲ့မြို့က မဆိုးလှဘူး။ မြို့ကလေးကအဆိုပါအချက်အလက်တွေနဲ့ တန်းဝင်တယ်ဆိုပါတော့။ သူ့အလုပ်နဲ့သူအလုပ်ရှုပ်နေကြတဲ့မြို့ဖြစ်တယ် ။
မြို့မှ ာတစ်ရက်မတော့ထူးထူးဆန်းဆန်း သတင်း တစ်ခုပျံ့နှံ့လာတယ်။ အရူးလက်ထဲမှာသေနတ်ကြီးနဲ့ အရူးလက်ထဲမှာသေနတ်ကြီးနဲ့ဆိုပြီး မြို့သူမြို့သားတွေ တောင်ပြေးမြောက်ပြေး ဝရုန်းသုန်းကားဖြစ်သွားတယ်။ ဟုတ်တယ် အရူးလက်ထဲမှာ သေနတ်တစ်လက်။ ပထမတော့လူတွေက ကလေးကစားစရာလို့ပဲထင်တာပေါ့ ။ အစစ်လို့ဘယ်ထင်လိမ့်မလဲ။ သေနတ်ကြီးတကားကားနဲ့အရူးကိုလူတွေက သတိထားမိပြီး ပြုံးစိစိဖြစ်လို့ ။ လူတွေရဲ့စိတ်ထဲ အစစ်လို့ဘယ်ထင်ပါ့မလဲ ။ တစ်နေရာရာက ကောက်လာတာပဲ ထင်တာပေါ့ ။ လူထူထူရှိတဲ့နေရာဆို အရူးကပေါက်ချလာရော ။
သေနတ်ကြီးတကားကားနဲ့အရူးက တွေ့သမျှလူကို ဟိုချိန်ဒီချိန်ပေါ့။ ကြောက်လို့ပြေးတဲ့သူကပြေး ရယ်တဲ့သူကရယ်ပေါ့ ။ အရူးရဲ့မျက်နှာပေါ်မှာက ကျေနပ်ပျော်ရွှင်နေတဲ့အရိပ်အယောင်တွေ ထလို့ ။
အဲဒီအချိန်မှာ အရူးလက်ထဲကသေနတ်ဟာ လွတ်ကျပြီး ကျည်ဆန်ထွက်သွားတယ် ။ လူတစ်ယောက်ကိုမှန်တယ်။ ပွဲချင်းပြီးပဲ ။
မမျှော်လင့်တဲ့ အဖြစ်အပျက်ဟာ မြန်ဆန်လွန်းတော့ အရူးဟာ ကြက်သေသေသွားတယ်။ သူ့ဘဝမှာ ဒီလိုအဖြစ်အပျက်မျိုး ကြုံတွေ့ဘူးတဲ့ အချိန်အခါလည်းမရှိဘူး
ထင်ပါရဲ့ ။ နောက်တော့ အရူးဟာ ကျနေတဲ့သေနတ်ကိုကောက်ပြီး ဖင်တပြန်ခေါင်းတပြန် စမ်းသပ်စစ်ဆေးပါတော့တယ် ။ အရူးဟာ မျက်မှောင်တချက်ကျုံ့လိုက်ပြီး အားရ ပါးရ ရယ်မောလို့ ။ လူတွေ လည်းဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ ။
အရူးကလမ်းလယ်ကောင်မှာ သေနတ်ကြီးတကားကားနဲ့ တောင်ချိန်မြောက်ချိန် လူတွေလည်း သီလရှင်ကျောင်း ထဲကျား မျက်စိလည်လာသလို ။
အရူးလက်ထဲကသေနတ် ကျည်ဆန်က အမည်မသိလူရဲ့ နဖူးတည့်တည့်ပဲ။ အဲဒီနောက်အရူးလည်း သုံးလေးရက်လောက် လူမြင်ကွင်းက ပျောက်ခြင်းမလှ
ပျောက်နေတယ် ။
တရက်မတော့ အရူးကသေနတ်ကြီးတကိုင်ကိုင်နဲ့ ပင်လယ်ဓားပြလုပ်တဲ့ နာမည်ကြီးမင်းသားဂျွန်နီဒတ် လိုလို ။ လူထူထူမှာ ပြန်ပေါ်လာတယ် ။ သူကိုတွေ့ကြတယ်ဆိုရင်ပဲ လူတွေကလန့်နေကြပြီ ။ ကလေးတွေဆို အိမ်ထဲကနေတောင် လမ်းပေါ်ထွက်မကစားတော့။
လူကြီးတွေကျတော့လည်း သုတ်သုတ်စား သုတ်သုတ်လာနဲ့ပေါ့။ အရူးလက်ထဲကသေနတ်ဟာ မြို့ကလေးအတွက် အန္တရာယ်အကြီးကြီး ဖြစ်နေပြီလေ ။
မြို့ကလေးရဲ့ မြို့မိမြို့ဖတွေလည်း အရူးနဲ့သေနတ်ကိစ္စအတွက် ခေါင်းချင်းဆိုင်နေရပြီ ။ ညညဆိုမြို့သူမြိ့ုသားတွေကျောလုံလုံအိပ်မရတော့ ။ ခွေးလေခွေးလွင့်တွေစူးစူးဝါးဝါးဟောင်ပြီဆို ချောင်းကြည့်ပေါက်တွေကနေ မျက်တောင်မခတ် အာရုံထားနေရပြီ။
ဘယ်အချိန်ဘယ်အခါ သေနတ်ကြီးတကားကားနဲ့ အရူးလက်ချက်မိမလဲတထိတ်ထိတ် ။
အရူးကိုဘယ်လိုနှိမ်နင်းရမလဲဆိုတာ ပြဿနာ ။ အရူးကိုချေ့ာပြီး သေနတ်ကိုတောင်း မက်လုံးတွေပေးပြီး ညှိနှိုင်းဖို့ တချို့ကအကြံပေးတယ် ။ အရူးကိုညှိနှိုင်းဖို့ဆိုတာ လုံးဝမဖြစ်နိုင် ဘူးဆိုတဲ့လူကကန့်ကွက်တာနဲ့ အစီအစဉ်ကပျက်သွားပြန်ရော ။
အဲဒါနဲ့ အရူးကိုတွေ့ပြီဆိုတာနဲ့ အချက်ပေးဖို့ သဘောတူလိုက်ကြတယ် ။ ဘယ်လိုအချက်ပေးမလဲဆိုတော့ အနီးအနားကအသံမြည်တဲ့အရာကို အသံကျယ်ကျယ်ထွက်အောင် တီးဖို့ ။ အဆိုပါအစီအစဉ်ကိုအားလုံးတညီတညွတ် သဘောတူလိုက်ပြီး အကောင်အထည် ဖေါ်လိုက်ကြတယ်။
မြို့သူမြို့သားတိုင်းအရူးကိုတွေ့တာနဲ့နီးစပ်ရာကို တီးပြီးအချက်ပြကြတယ် ။ ပထမတော့ အရူးက ကြောင်စီစီဖြစ်သွားတယ် ။ ဘာသံတွေလဲပေါ့ ။ နောက်တော့ သေနတ်ကြီးတကားကား နဲ့ တချိုးတည်းလစ်ရောတဲ့ ။ အရူးကသူ့သေနတ်ကိုလူတွေ လုမယ်အထင်နဲ့ သူ့ကိုယ်နဲ့သေနတ်ကို ကြိုးအထပ်ထပ်ပတ်ပြီး ပူးချည်ထားတယ် ။
အဲဒီနောက်ပိုင်းအရပ်ထဲအရူးကိုခဏခဏမတွေ့ရတော့ဘူး ။ အရူးဘယ်မှာနေတယ် ။ ဘယ်နေရာမှာပုန်းခိုနေတယ်ဆိုတာ ဘယ်သူမှမသိကြဘူး ။ အရူးကိုလက်ရဖမ်းမိခဲ့ရင် ဘယ်လိုစီရင်ရမလဲဆိုတာ မြို့က ဘာမှ မဆုံးဖြတ်ရသေး။ သေချာတာက အရူးဟာ ချောက်ချောက်ချားချားအထိတ်တလန့်နဲ့လွတ်မြောက်နေတုန်းပဲ။ ။
နေစိမ့်
၂၂ ဧပြီ ၂၀၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar