Breaking News

ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ်

ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ်
(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်း ဗုံးများပစ်လွှတ်တိုက်ခိုက်ခံရပြီး လျှပ်စစ်တာဝါတိုင် ဖောက်ခွဲခံရမှုကို  ရှုတ်ချကြောင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီကထုတ်ပြန်လိုက်ပြီး လက်ရှိပဋိပက္ခတွင် ဝမ်ပေါင်အနေဖြင့် ပါဝင်ပတ်သက်လိုခြင်းမရှိကြောင်း ဝမ်ပေါင် ကုမ္ပဏီက ထုတ်ပြန်ပြောဆိုသည်။ 

လက်ပံတောင်းတောင်ဒေသရှိ ဝမ်ပေါင်ကုမ္ပဏီ၏ လက်ပံတောင်းစီမံကိန်းတွင် ဗုံးကျရောက်ကာ ဗို့အားမြင့် ဓာတ်အားပြင်းတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း၊စီမံကိန်းအတွင်းရှိ ဝန်ထမ်းများ အသက်လုံခြုံကိုရေး အလေးမထားခြင်းဖြစ်ကြောင်းနှင့် လျှပ်စစ်တာဝါတိုင်ဖျက်ဆီးခံရမှုသည် စီမံကိန်းအနီးအနားဒေသ လျှပ်စစ်ဓာတ်အား ပြတ်တောက်ထိခိုက်စေခြင်းသာ ဖြစ်ကြောင်း ဝမ်ပေါင်ကုမ္ပဏီကြေညာ ချက်ထုတ်ပြန်ခဲ့သည်။ 

သတ္တုတွင်းထုတ်လုပ်မှုစီမံကိန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ရပ်ဆိုင်းထားပြီး စက်ရုံထိန်းသိမ်းရေး၊ ကုမ္ပဏီဝန်ထမ်းများနှင့် စီမံကိန်းပတ်ဝန်းကျင်အကျိုးဖြစ်ရေးသာ ငွေကြေးရင်းနှီးမြှုပ်နှံထား ကြောင်း၊ မြန်မာဝန်ထမ်းအချို့မှာ ၎င်းတို့၏သဘောဆန္ဒအရ သတ္တုတွင်းဧရိယာတွင် နေထိုင်နေခြင်းဖြစ်ကြောင်း၊ စီမံ ကိန်းကိုတိုက်ခိုက်မှုသည် မြန်မာဝန်ထမ်းများအတွက် ဝင်ငွေဆုံးရှုံးမှုဖြစ်စေပြီး လျှပ်စစ်တာဝါတိုင်ပျက်စီးမှုကြောင့် စီမံကိန်းအနီးအနားဒေသတခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက် ထိခိုက်စေသည်ဟု ဝမ်ပေါင်ကဆိုသည်။ 

လက်ရှိအချိန်တွင် စီမံကိန်းမှာ ၁၆ လကျော်ကြာရပ်ဆိုင်းသွားခဲ့ပြီး ဝန်ထမ်းအများစုကို အခြေခံလစာ ပေးထားကြောင်း၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် လက်ရှိပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်လိုခြင်းမရှိဘဲ ကျေးရွာများ ထိခိုက်ဆုံးရှုံးမှုမရှိဘဲ လက်နက်ကိုင်အဖွဲ့များနှင့် လက်နက်မဲ့အဖွဲ့များအနေဖြင့်  စီမံကိန်းဝန်ထမ်းများကို အသက်အန္တရာယ်ကင်းရှင်းခွင့်၊ အသက်မွေးဝမ်းကျောင်းပြုပိုင်ခွင့်နှင့် လွတ်လပ်စွာ ရွေး ချယ်ခွင့် လေးစားပေးရန် တောင်းဆိုကြောင်း ဝမ်ပေါင်ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
 
(ရန်ကုန်၊ ဇွန် ၂၈ ရက် Khit Thit Media )

ဝမ်ပေါင်တကယ်ရှုတ်ချရမှာက အကြမ်းဖက်စစ်ကောင်စီနဲ့ တရုတ်အစိုးရသာဖြစ်တယ်။

၁။ မီးရှို့ခံရမှု

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ အိမ် ခြေ ၇၅၀၃ လုံး၊ မကွေးတိုင်းဒေသကြီးတွင် အိမ်ခြေ ၂,၁၃၁ လုံး၊ ချင်းပြည်နယ်တွင် ၁,၁၄၇ လုံးနှင့် ကယား ပြည်နယ်တွင် ၄၀၇ လုံးနှင့် အခြားဒါဇင်ပေါင်းများစွာသော နေအိမ်များကို စစ်ကိုင်းတိုင်းဒေသကြီးတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်များအရ သိရသည်။ မန္တလေး၊ တနင်္သာရီ၊ ပဲခူး၊ ကယားနှင့် ကချင်။ ( ၂.၅.၂၀၂၂ )

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဧပြီလကုန်ထိ အနည်းဆုံး အရပ်သားအိမ် ၁၁,၄၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် အပျက်အစီးမှာ အဆိုးရွားဆုံးဖြစ်ကြောင်း လွတ်လပ်သော သုတေသနအဖွဲ့  Data for Myanmar မှ ဆိုသည်။

၂။ အသတ်ခံရမှု

ဇွန်လ ၂၈ရက် ၂၀၂၂ ခုနှစ် AAPP ၏ စာရင်းဇယားအရ အဖမ်းအဆီးခံရသူပေါင်း ၁၄၃၄၉ ဦးရှိပြီး နှိပ်စက်သတ် ဖြတ်ခံရသူပေါင်း ၂၀၃၇ ဦး ရှိသည်ဟု သိရသည်။

၃။ ရာဇဝတ်မှုများ

လူထုထံမှ ရွှေ ငွေအဖိုးတန် ရတနာပစ္စည်းများအပြင် တယ်လီဖုန်း ရေဒီယို ကက်ဆက် စသည့် တန်ဖိုးရှိ အိမ်သုံးပရိဘောဂများကိုပါ ဓားပြတိုက်လုယက်ယူငင်ကြသည်။

လယ်ယာသုံးနွားများ အိမ်မွေးတိရိစ္ဆာန်များဖြစ်သည့် ဝက် ကြက်များကိုပါ သတ်ဖြတ်စားသောက် ယူငင်ကြသည်။ လယ်သမားများစိုက်ပျိူးသိုလှောင်ထားသည် စပါး ဆန်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ အမျိူးသမီးများကိုမုဒိမ်းကျင့်ခြင်း၊ သက်ကြီးရွယ်အိုများကို သတ်ဖြတ်ခြင်း၊ လူမမယ်ကလေးငယ်များကို သတ်ဖြတ်ခြင်း အသက်ငယ်ရွယ်သေးသော မိန်းကလေးငယ်များကို မုဒိမ်းကျင့်ခြင်းများကို ကျူးလွန်ခဲ့ကြသည်။

ကျေးရွာများတွင် လူများကို အစုလိုက် အပြုံလိုက်ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်းစသည့် လူမဆန်သည့် အပြု အမူလုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သကဲ့သို့ သူတို့ကိုယ်တိုင် လူဘယ်နှစ်ယောက်ကို သတ် ဖြတ်ခဲ့ကြောင်းကိုလည်း မီဒီယာများတွင် ရွံရှာစက်ဆုတ်ဖွယ်ရာရုပ်သံပုံများဖြင့် ဖော်ပြနေသည်ကိုလည်း အခိုင်အမာတွေ့ရမည်ဖြစ်သည်။

ဤမျှရက်ရက်စက်စက် ယုတ်ယုတ်မာမာ ကောက်ကောက်ကျစ်ကျစ် လူမဆန်စွာ ပြုမူဆောင်ရွက်နေသော စစ်ကောင်စီနှင် စစ်ကောင်စီတပ်ကို အဘယ်ကြောင့် မရှုံ့ချရပါသနည်းဆိုသည်ကို  မြန်မာနိုင်ငံသားများ၏ ရင်ထဲ၌ အခိုင်အမာတည်ရှိနေသည့်  ခံပြင်းဒေါသထွက်နေသည့် မေးခွန်းပင်ဖြစ် သည်။

တရုတ်အစိုးရသည် စစ်ကောင်စီကို လက်နက်ငွေကြေးထောက်ပံ့နေသကဲ့သို့  UN ASEAN ကဲ့သို့ သောအဖွဲ့အစည်းများတွင်လည်း ဝင်ရောက်ခြေရှုတ်နေသည်မှာ အလွန်ထင်ရှားနေပေသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကဲ့သို့သော အာဆီယံကဲ့သို့သော ဗျူရိုကရေစီယန္တရားကြီးမားသောစနစ် တည်ရှိမှုအောက်တွင် လုံ ခြုံရေးကောင်စီဝင်နိုင်ငံတခု၏ဂုဏ်သိက္ခာကို မထောက်ဘဲ အကြမ်းဖက် စစ်တပ်ကို ထောက်ခံပံ့ပိုးပေးနေမှုများသည် နောင်တည်ရှိလာမည့် တရုတ်-မြန်မာဆက်ဆံရေးကို များစွာအနှောင့်အယှက် အဟန့်အတားဖြစ်စေမည်မှာ သေချာပေသည်။

ယနေ့သည်အကြမ်းဖက်စစ်တပ်သည် မြို့ကြီးများကိုပင် မထိန်းသိမ်းနိုင်တော့သည့်အနေအထား ဖြစ်လာနေပြီဖြစ်သည်။ တရုတ်အကျိူးစီးပွားများသည် လူထုလက်ဝယ်သို့ တစတစကျရောက်နေပြီဆိုသည်ကို အလေးအနက်သိထားဘို့လိုသည်။ အကြမ်းဖက်စစ်တပ်က ကာကွယ်နိုင်သည်ဆိုသည်မှာ အချိန်တိုအတွင်းသာ ဖြစ် သည်ကို သိရှိသဘောပေါက်ရန်လိုသည်။ ဤအတိုင်း တရုတ်အစိုးရအနေဖြင့် အကြမ်းဖက်စစ်တပ်ဖက်ကိုသာ မျက်နှာမူနေဦးမည်ဆိုပါက လူထုအနေဖြင့် တရုတ်အကျိူးစီးပွားများကို ဆက်လက်ထိမ်းသိမ်း ကာကွယ်နိုင်ရန် အခက်အခဲရှိလာမည်ဖြစ်သည်။ သေချာသည်မှာ မြန်မာနိုင်ငံဖွားတရုတ်အမျိူးသားများပင်လျှင် နွေဦးတော်လှန်ရေးတွင် ရှေ့ဆုံးမှပါဝင်နေကြသလို အချိူ့သော လူငယ်များမှာ အသက်ပင်ပေး၍ အကြမ်းဖက်စစ် တပ်ကို တိုက်ခိုက်နေကြချိန်ဖြစ်သည်။ နွေဦးတော်လှန်ရေးသည် မြန်မာနိုင်ငံရှိ လူမျိူး၊ ကိုးကွယ်သည့်ဘာသာ၊ ယောကျ်ား မိန်းမ၊ ဆင်း ရဲချမ်းသာ၊ လူကြီး လူငယ်အားလုံးဟာ တူညီသော ဘုံအကျိူးစီးပွားအတွက် အကြမ်း ဖက်စစ်ကောင် စီကို တညီတညွတ်တည်းတိုက်ခိုက်နေကြချိန်ဖြစ်သည်။ ပြောလိုသည်မှာလူထုကသာ အောင်ပွဲ ခံမှာ အသေအချာပင်ဖြစ်သည်။ တရုတ်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မှားယွင်းသောပေါ်လစီများကို အသေ အချာပြန်လည်သုံးသပ်ခြင်းဖြင့် တရုတ်-ဗမာချစ်ကြည်ရေး တရုတ်အကျိူးစီးပွားကာကွယ်ရေးဆိုသည့် အရေး ကြီးသည့်ကိစ္စများကို ပြန်လည်အဖတ်ဆယ်ရန် အချိန်ဖြစ်သည်ဟု သုံးသပ်ပါသည်။

သို့ပါ၍  ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် မြန်မာလူထုကိုရှုတ်ချနေမည့်အစား တရုတ်အစိုးရထံသို့ ၄င်းတို့၏မှားယွင်းသော ပေါ်လစီများကို ပြန်လည်သုံးသပ် ပြင်ဆင်သင့်ကြောင်း အကြံပြုရုံမှတပါး  အခြားပြောဆိုနေမှုများသည် အကျိူးဖြစ်စရာလုံးဝမရှိပါကြောင်း ရေးသားလိုက်ရပါသည်။

ဝမ်ပေါင်ဟာ ပထမဖြစ်ပါလိမ့်မည်။

ကိုအောင်မှိုင်း
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar