သတ်ဖြတ်မှုများနဲ့ နွေဦးတော်လှန်ရေးရဲ့ ဂုဏ်သိက္ခာ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၆ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၂၂
သတ်ဖြတ်မှုများနဲ့ နွေဦးတော်လှန်ရေးရဲ့ ဂုဏ်သိက္ခာ
နိုင်ငံရေးနယ်ပယ်မှာ တော်လှန်ရေးဆိုတဲ့ စကားလုံးက တိုးတက်တဲ့ သဘော အဓိပ္ပာယ်၊ မကောင်းတဲ့ အစိတ်အပိုင်းကို ပြုပြင်တာ မွမ်းမံတာ ဖာထေးတာမျိုးမဟုတ်ဘဲ မကောင်းတဲ့စနစ်ကို အခြေအမြစ်မှ စပြီးပြောင်းလဲတဲ့ အဖြစ်အပျက် ကြိုးပမ်းမှုကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးစနစ်၊ စီးပွားရေး နဲ့ လူမှုရေး အတွေးအခေါ်တွေကို အခြေအမြစ်က စပြီး ဖယ်ရှား ပြောင်းလဲတဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။
သမိုင်းမှာ ပဒေသရာဇ်စနစ်ကနေ လစ်ဘရယ် ဒီမိုကရေစီ သမ္မတနိုင်ငံကို ပြောင်းလဲတဲ့ တော်လှန်ရေးတွေ၊ ပဒေသရာဇ်စနစ်ကနေ ဆိုရှယ်လစ် စနစ်ကို ပြောင်းလဲခဲ့တဲ့တော်လှန်ရေးတွေ၊ ကိုလိုနီ အုပ်ချုပ်မှုအောက်ကနေ လွတ်မြောက်ဖို့ ကြိုးပမ်းတွန်းလှန်ကြတဲ့ တော်လှန်ရေးတွေ ကမ္ဘာ့ နိုင်ငံအချို့မှာ ထင်ရှားစွာရှိခဲ့ကြပြီး ပြင်သစ်တော်လှန်ရေး (၁၇၈၉-၁၇၉၉)၊ ရုရှားနိုင်ငံမှာ အောက်တိုဘာ တော်လှန်ရေး (၁၉၁၇ ) အစရှိသဖြင့် နိုင်ငံရေး လူမှုရေးစနစ်ကို အရင်းအမြစ်က စလို့ ပြောင်းလဲခဲ့တဲ့ တော်လှန်ရေးတွေကို သမိုင်းမှာ အများက တော်လှန်ရေးအဖြစ် သတ်မှတ် သဘောတူညီ သတ်မှတ်ကြတာ ဖြစ်ပါတယ်။
ခေတ်ပြိုင်ကာလမှာလည်း နိုင်ငံအများအပြားမှာ တော်လှန်ရေးလို့ ခေါ်ဆိုကြတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ အာဏာရှင်တွေကို ဖြိုဖျက်မယ်ဆိုတဲ့ တော်လှန်ရေးတွေ ၊ နိုင်ငံတနိုင်ငံက အခြားတနိုင်ငံကို စိုးမိုးအုပ်ချုပ်ထားတာကို တွန်းလှန်တဲ့ တော်လှန်ရေးဆိုပြီး မိမိတို့ရဲ့ လှုပ်ရှားမှုကို အမည်ပေး ခေါ်ဆိုကြတဲ့ တော်လှန်ရေးတွေလည်း အများအပြားရှိတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၄၅ ခုနှစ် မတ်လမှာ ကိုလိုနီအဖြစ် အုပ်ချုပ်နေတဲ့ ဂျပန်တပ်တွေကို အင်္ဂလိပ် မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တော်လှန်တိုက်ခိုက်ကြတဲ့ ဖက်ဆစ်တော်လှန်ရေးဆိုတဲ့ လှုပ်ရှားမှုရှိခဲ့ပြီး ဗြိတိသျှ လက်အောက်က လွတ်မြောက်ရေး ကြိုးပမ်းမှုကိုတော့ ဗြိတိသျှ နယ်ချဲ့လက်အောက်က လွတ်မြောက်ရေးအဖြစ်နဲ့သာ သုံးနှုန်းကြပြီး တော်လှန်ရေးလို့ အမည်တပ် ပြောဆိုတာ မရှိခဲ့ပါဘူး။
တဖန် ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး စစ်ဗိုလ်ချုပ်အများစုပါတဲ့ အစိုးရအဖွဲ့ကိုလည်း တော်လှန်ရေးကောင်စီလို့ အဲဒီခေတ်က ၄င်းတို့ဘာသာ ၄င်းတို့ အမည်ပေးခေါ်ဆိုခဲ့ကြပေမယ့် အဲဒီခေတ်ကုန်သွားတဲ့နောက်မှာတော့ တော်လှန်ရေးလို့ ဘယ်သူမှ မခေါ်ဆိုဘဲ ဆိုရှယ်လစ် အမည်ခံထားတဲ့ စစ်အာဏာရှင်ပုံစံအဖြစ်သာ သမိုင်းမှာ ကမ္ပည်းတင်ကြတာတော့ တာဖြစ်ပါတယ်။
ဒါကိုကြည့်မယ်ဆိုရင် တော်လှန်ရေးလို့ အမည်နာမ တပ်တိုင်း တော်လှန်ရေးဖြစ်တာ မဟုတ်ဘဲ သမိုင်းမှာ နိုင်ငံရေးစနစ် လူမှုရေး အတွေးအမြင်၊ အယူအဆ၊ လူမှုစီးပွားရေးစနစ်တွေကို အခြေခံကစလို့ ပြောင်းလဲဖို့ ဆန္ဒလည်းရှိ ၊ ရည်မှန်းချက် ပန်းတိုင်အဖြစ်ထားကာ အကောင်အထည်လည်းဖေါ် မှသာလျှင် တော်လှန်ရေး အဖြစ်နဲ့ သမိုင်းမှာ မှတ်တမ်းတင်ကြမှာ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာက အမည်ပေးသတ်မှတ်တိုင်း တော်လှန်ရေးလို့ အများက သမိုင်းက သတ်မှတ်လက်ခံကြတာမျိုးမဟုတ်ဘဲ၊ အခြေအမြစ်က စပြောင်းလဲမှု ရှိခြင်းမရှိခြင်း သမိုင်းအရ နိုင်ငံရေး လူမှုရေး စီးပွားရေးစနစ်တွေမှာတိုးတက် ပြောင်းလဲမှုရှိတဲ့ တိုးတက်ပြောင်းလဲတဲ့ အယူအဆ အတွေးအခေါ် လက်တွေ့ကျင့်သုံးမှုတွေကို မှတ်ကျောက်တင်တဲ့အချိန်အခါမှာ သမိုင်းကတော်လှန်ရေးလို့ မှတ်တမ်းတင်ကြတာ ဖြစ်ပါတယ်။
အခုလက်ရှိ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို အရင်းအမြစ်မှ ဖယ်ရှား ဖို့ လူမှုရေး အမြင်ဟောင်းတွေ အယူအဆဟောင်းတွေကို အမြစ်မှ စပြီး ပြောင်းလဲပစ်ဖို့ရာမှာ နိုင်ငံရေး အဖွဲ့အစည်းတွေအကြား သဘောတူညီမှုတွေအပြင် လူသားအခြေခံပေါ်မှာ တန်းတူညီမျှတဲ့အခွင့်အရေးရှိခြင်း ၊ လူမျိုး၊ ဘာသာကိုးကွယ်မှု၊ အသားအရောင် ခွဲခြားမှု မရှိခြင်း ကျားမတန်းတူရေး စတဲ့ လူမှုရေးဆိုင်ရာ အယူအဆပိုင်းဆိုင်ရာမှာပါ အမြစ်က စပြီးပြောင်းလဲနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
အဲဒီလို မဟုတ်ခဲ့ရင် အုပ်ချုပ်သူပြောင်းလဲတဲ့ အာဏာရှင်နဲ့ အုပ်ချုပ်သူ လွှဲပြောင်းကြတဲ့ Regime Change အနေနဲ့သာ သမိုင်းမှတ်တမ်းတင်ကြမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက် လပိုင်းအကြာမှာ မွေးဖွားလာတဲ့ နှစ် ၇၀ ကျော်ကြာပြည်တွင်းစစ်ရဲ့ အကြောင်းခံ အချက်တချို့ဖြစ်တဲ့ လူမျိုးစုတန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ စစ်အာဏာရှင်၊ အာဏာရှင် authoritarianism ဝါဒရဲ့ အမြင်တွေ အယူအဆတွေ အလေ့အကျင့်တွေ အစွဲတွေအားလုံးကို အခြေခံကစပြီး ဖယ်ရှားပစ်နိုင်မှသာ တော်လှန်ရေးလို့ ခေါ်ဆိုထိုက်မှာ ဖြစ်ပါတယ်။ ဒါက နိုင်ငံရေးနယ်ပယ်က အကြောင်းအရာ ဖြစ်ပြီး အခြားတဖက် လူမှုရေးဆိုင်ရာ ကျား၊ မ တန်းတူရေးဆိုင်ရာ၊ လူနည်းစု အခွင့်အရေးဆိုင်ရာ၊ လူသားဖြစ်တည်မှုအပေါ် အခြေခံတဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို လေးလေးနက်နက် ခံယူကျင့်သုံးဖို့ ပိုင်းဖြတ်ထားတဲ့ ယုံကြည်မှု၊ မူဝါဒ၊ လုပ်ငန်းလမ်းစဥ်တွေ ရှိဖို့လိုအပ်ပါတယ်။ ခု စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တိုက်ဖျက်ကြရာမှာ စစ်ပွဲအတွင်း လက်နက်ကိုင် အဖွဲ့အချင်းချင်း အကြားတိုက်ပွဲတွေမှာ သေဆုံးကြတဲ့ အဖြစ်အပျက်တွေမပါဘဲ ၊ အရပ်သားလို့ ယေဘုယျ သတ်မှတ်ကြတဲ့သူတွေကို စစ်ကောင်စီက သတ်ဖြတ်တာ၊ တခါ စစ်ကောင်စီဒေါက်တိုင် သတင်းပေးဆိုတဲ့သူတွေကို စစ်ကောင်စီဆန့်ကျင်တဲ့ အင်အားစုတွေက သတ်ဖြတ်တာတွေရဲ့ ကိန်းဂဏန်းတွေက လွတ်လပ်ရေးရပြီးနောက် မြန်မာနိင်ငံသမိုင်း မှာ ဧရိယာ အကျယ်ပြန့်ဆုံးနဲ့ အများဆုံးသော ကိန်းဂဏန်းတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ လက်နက်ကိုင် ပုန်ကန်မှုကို ချေမှုန်းရေးဆိုတဲ့ ခေါင်းစဥ်အောက်မှာ အရပ်သားတွေကို သတ်ဖြတ်ခဲ့တာ ခေတ်အဆက်ဆက် ဖြစ်ပြီး ရှမ်းပြည်နယ်မှာ၊ ကရင်ပြည်နယ်မှာ၊ ကချင်ပြည်နယ်နဲ့ မကြာသေးခင်က ရခိုင်ပြည်နယ်တို့လို ဒေသတွေမှာ အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေ သမိုင်းမှာ ရှိနှင့်ပြီး ဖြစ်ပါတယ်။
မြန်မာစစ်တပ်က လူနည်းစုတွေ ပေါ် ကျူးလွန်တဲ့ သမိုင်းအစဥ်အလာက ပဒေသရာဇ်ခေတ်ကတည်းက စတင်ခဲ့တာလို့ ကောက်ချက်ချနိုင်ပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကိုတောင် အတိတ်သမိုင်းမှာ ကျူးကျော်ခဲ့တာ တကြိမ်မက ရှိခဲ့ပြီး၊ မြို့ ဘာသာရေး အဆောက်အဦတွေအထိ ဖျက်ဆီး လူတွေ သတ်ဖြတ်ခဲ့တဲ့ အမည်းစက်စွန်းထင်းတဲ့ သမိုင်းတွေ ရှိခဲ့ပြီး ပြည်တွင်းမှာလည်း ရခိုင်ပြည်ကို တိုက်ခိုက်တာ အရပ်သားတွေပါ မချန် ရက်စက်စွာနှိပ်ကွပ်ခဲ့တာတွေ ပြန်ပြောချင်စရာမကောင်းတဲ့ သမိုင်းတွေ ရှိခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသားအချို့အဖို့ စိတ်နာစရာ သမိုင်းတွေ ဖြစ်ပါလိမ့်မယ်။
အဲဒီလို အစဥ်အလာတွေ ရှိခဲ့တဲ့ မြန်မာစစ်တပ်ကို နိုင်ငံရေး နယ်ပယ်က ဖယ်ရှားရေးမှာ လူ့အသက်မဆုံးရှုံးဘဲ ကြွေးကြော်သံ အော်ရုံမျှနဲ့ တောင်းဆိုရုံမျှနဲ့တော့ မဖြစ်နိုင်ဘူးဆိုတာ ငြင်းပယ်လို့မရပါဘူး။ သို့သော်လည်း စစ်ရေးနည်းလမ်းကို ကျင့်သုံးရတဲ့ အပိုင်းမှာ လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်မှုတွေမှာ သေဆုံးမှုတွေ ရှိကြမှာ သဘာဝမို့လို့ လက်နက်ကိုင် တပ်ဖွဲ့တွေ လိုက်နာရတဲ့ နိုင်ငံတကာစည်းမျဥ်းစည်းကမ်း ၊ထိတွေ့တိုက်ခိုက်မှုမှာကျင့်သုံးရမယ့် စည်းမျဥ်းတွေ လိုက်နာဖို့ လိုအပ်သလို အရပ်သားတွေ လို့ သတ်မှတ်သူတွေကို ဘယ်လို ပြုမူရမယ်ဆိုတာတွေ တိတိကျကျ လိုက်နာသင့်ပါတယ်။ စစ်ကောင်စီ ထောက်တိုင် (ဒေါက်တိုင်လို့ အရင်ခေတ်က ပြောဆိုခေါ်ဝေါ်)တဲ့သူတွေကို လုပ်ကြံသတ်ဖြတ်တာတွေမှာသာ အားသန်ပြီး မြို့တွေမှာ ပေါက်ကွဲမှုနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေက လက်နက်ကိုင် မဟုတ်တဲ့ လွယ်ကူတဲ့ ပစ်မှတ်တွေကို လုပ်တဲ့ သဘောဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ နွေဦးတော်လှန်ရေးရဲ့ ဂုဏ်သတင်းကို ထိပါးစေမှာ ဖြစ်ပါတယ်။
အဲဒီလို ပစ်မှတ်ထားခံရသူတွေအထဲ စီဒီအမ် မလုပ်တဲ့ ပညာရေးဝန်ထမ်းတွေ၊ အချို့ သောဌာနဝန်ထမ်းတွေ၊ ရပ်ကွက် အောက်ဆုံးအဆင့် အုပ်ချုပ်ရေးယန္တရားက ခွေးသွားစိတ်သဖွယ် ဖြစ်တဲ့ ရာအိမ်မှူး ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ၊ တချို့သောနယ် ဒေသမှာ ဘာသာရေး နယ်ပယ်က ပုဂ္ဂိုလ်တွေအထိ ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်မှုတွေဟာ မဟာဗျူဟာ အရအရေးပါတဲ့ ရလဒ်ရတဲ့ လုပ်ဆောင်မှုတွေ မဟုတ်ဘဲ ရေရှည်လာသည်နဲ့အမျှ လူထုရဲ့ အချို့သော အစိတ်အပိုင်းတွေက တော်လှန်ရေးကို စွန့်ခွာလာစေနိုင်ပါတယ်။ Capital punishment လို့ နိုင်ငံတကာ မှာ သုံးနှုန်းကြပြီး အရပ်သားစကားနဲ့ ပြောရင်တော့ လက်နက်ကိုင် အဖွဲ့ဝင် မဟုတ်တဲ့ လူတယောက်ကို သေဒဏ်အပြစ်ပေးသင့်တယ်လို့ ဘယ်လို အဆင့်က ဘယ်လို အချက်အလက်နဲ့ ဘယ်လို အကဲဖြတ်မှုမျိုးနဲ့ ဆုံးဖြတ်စီရင်ကြသလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ တာဝန်ခံမှုရှိတဲ့ ဆုံးဖြတ်ချက်တွေ စီရင်ချက်တွေ ရှိဖို့ လိုအပ်တာဖြစ်ပါတယ်။
ဒေသအလိုက် လက်နက်ကိုင်ထားသူတွေက လက်နက်မကိုင်ထားသူတွေ အရပ်သားတွေထဲက သူတွေကို တိုင်ကြားချက်အရ သော်လည်းကောင်း မိမိတို့ စောင့်ကြည့်မှုအရသော်လည်းကောင်း လွယ်လွယ် ဆုံးဖြတ် စီရင်နေကြတာဟာ တချိန်မှာ အဆင့်ဆင့် တာဝန်ရှိမှုတွေ အထိမေးခွန်းထုတ်စရာ သမိုင်းမှာ အစွန်းအထင်းဖြစ်စရာတွေ ဖြစ်လာနိုင်ကြောင်းပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar