Breaking News

နေသွင်ညိဏ်း - စစ်တပ်ကို ဘယ်တော့မှမယုံခဲ့တဲ့သူ (စောအယ်တာတော (ဝါ) ဆရာကြီးစောဂျက်ကော့အမှတ်တရ)


Photo - Crd
စစ်တပ်ကို ဘယ်တော့မှမယုံခဲ့တဲ့သူ
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၂၈၊၂၀၂၁


ဆရာဂျက် အကြောင်း ပြောရင် ကျနော့် ၁၈ နှစ်အရွယ်လောက်က စပြောရမယ်ထင်တယ်။ ကျနော့်ဘဝမှာ ပထမဆုံး တက်ခဲ့တဲ့ ရက်တို နိုင်ငံရေးသင်တန်းမှာ ဆရာ​ဂျက်က စိတ်ဝင်စားစရာ ကောင်းတဲ့ ဆရာတယောက်ပါ။ ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်း ဆရာ့ဆီကစကြားဖူးခဲ့တယ်။ နိုင်ငံစုံကော်ပိုရိတ်တွေအကြောင်း။ နောက်တော့ ဆရာနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ ၁၉၉၈။  
တက္ကသိုလ်က ဘွဲ့ရတော့ ဆရာနဲ့ တွေ့ရပြန်တယ်။ လွတ်မြောက်နယ်မြေမှာ အနောက်တိုင်း ဝတ်စုံကို ကျကျ နန ဝတ်ပြီး အမြဲ ပြုံးချိုနေတဲ့ဆရာ။ ကျနော်တို့ သတင်းစာတိုက်ကို ဆရာ လာရင် ကျနော် ပျော်တယ်။ မာန်မာနမရှိတဲ့ ဆရာကို စ နောက်ရင် ဆရာက အပြုံးမပျက်။  ဆရာကြိုက်တာက ဝက်သားဆီပြန်ဟင်း၊ ငါးပိရည်၊ တို့စရာ။ 

ကျနော် ချင်းမိုင်မှာ ခဏ နေခဲ့တဲ့ အချိန်မှာလည်း ဆရာက တခါတခါ ဖုန်းဆက်တတ်တယ်။ အဲ့အချိန်က ဆရာက ချင်းမိုင်တက္ကသိုလ်နားမှာ နေတယ်။ တခါတော့ ဆရာက ဖုန်းဆက်တယ်။ ' မောင်နေသွင်- လာပါအုံး မင်းကို ပေးစရာရှိတယ်' 
ကျနော်ရောက်သွားတော့ ဆရာက သူ တနေရာ ပြောင်းမှာမို့ စာအုပ်တွေကို ပေးခဲ့မယ်။ လိုက်ဘရီ တခုဆီပို့ပေးဖို့ တာဝန်ပေးတယ်။ ပရုပ်နံ့ ထွက်နေတဲ့ ဆရာ့ လက်ဂေ့အဟောင်းထဲမှာလည်း အရင်ခေတ်က လက်ဝဲစာစောင်တွေ။ 
ကျနော်က ဆရာ့ကို စချင်တာနဲ့။ 
'ဒီအမှိုက်တွေတော့ ယူမသွားတော့ဘူး ဆရာ' လို့ စတော့ စိတ်မဆိုးတတ်တဲ့ ဆရာက စိတ်ဆိုးသွားပုံရပါတယ်။ ကျနော်က စကားလွှဲပြီး ဆရာတောတွင်း အကျဉ်းထောင်မှာ ရေးခဲ့တဲ့ လက်ရေးစာမူတခုကို စာအုပ်လုပ်သင့်ကြောင်း ပြောတော့ ဆရာက သဘောတူပါတယ်။ ဆရာလက်ရေးမူက ကျနော်မှတ်မိသလောက် စစ်ရေးဗျူဟာ ကျမ်းငယ်တစ်စောင်ပါ။ စာအုပ် ထုတ်ဖြစ်လား မဖြစ်လား ကျနော် မသိပါ။
တကယ်တော့ ဆရာက တက္ကသိုလ် နယ်မြေမှာ ရူပဗေဒ မီးရူးတန်ဆောင်ဖြစ်ရမယ့် ပညာရှင်ပါပဲ။ ဒီအကြောင်း တခြားလူတွေဆီက ကြားဖူးပေမယ့် ဆရာနဲ့ တခါမှ စကားမစပ်မိခဲ့ပါ။ ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီး၊ တော်လှန်ရေးသမား ဖြစ်လာပေမယ့် ဆရာဟာ ပရော်ဖက်ဆာ တယောက်နဲ့ ပိုတူတယ်။ ဆရာရဲ့ ရိုးသားပုံ၊ ဝတ်ပုံ စားပုံ နေပုံ ပြောပုံ နှိမ့်ချတတ်ပုံတွေဟာ ဆရာ့အကြောင်း ပြောရင် ပထမဆုံး ပေါ်လာတဲ့ပုံရိပ်တွေပါပဲ။
ဆရာဟာ ဘယ်တုန်းကမှ ကမ္ဘာကြီးနဲ့ အဆက်မ​ပြတ် စာဖတ်မပြတ်ခဲ့ပါဘူး။ ဆရာ စာအုပ်စင်မှာ နိုဗယ်ဆုရ စာ​ရေးဆရာ ဂျိုးဇက်စတစ်လစ်၊ ဂျယ်ရီ ဒိုင်းမွန်းရဲ့ စာအုပ်တွေလည်းတွေ့ရတယ်။ 
စတစ်လစ်ရဲ့ Free Fall စာအုပ်ကို ကျနော်က 'ခွေးကျဝက်ကျ' လို့ ဘာသာပြန်တော့ ဆရာက ရီနေတယ်။ အရင်းရှင်စနစ်အားနည်းချက် နဲ့ ကမ္ဘာစီးပွားပျက်ကပ်အကြောင်း စာအုပ်ပါ။ စတစ်လစ်ဟာ ရှေ့မှာလည်း အရင်းရှင်စနစ်ကို ဝေဖန်တဲ့ စာအုပ် စီးပွားပျက်ကပ်ကို ကြိုပြောနိုင်ခဲ့လို့ နိုဗယ်ဆုရခဲ့ပါတယ်။ 
ဆရာက လက်ဝဲသမား ပီပီ စစ်တပ်ကို ဘယ်တုန်းကမှ အကောင်းမမြင်ပါဘူး။ ကျနော်တို့ ပြန်ဆွေးနွေးတဲ့ စေ့စပ်ဆွေးနွေးရေးကို ဆရာက တခါမှ မယုံကြည်ပါဘူး။ ဆရာ နေမကောင်းတဲ့ သတင်း အဝေးက ကြားနေခဲ့တယ်။ စစ်တပ်အာဏာသိမ်းတဲ့အခါ ဆရာဟာ လူနာကုတင်ပေါ်မှာ ထင်ပါတယ်။ ဆရာမှန်ပါတယ် ဆရာ။
-ယနေ့ကွယ်လွန်သွားသည့် ဝါရင့်ကရင့်နိုင်ငံရေးသမား စောအယ်တာတော (ဝါ)  ဆရာကြီးစောဂျက်ကော့အမှတ်တရ
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar