Breaking News

ရဲထွဋ် - တက္ကသီလာ ( ဝါရင့်ကရင့်နိုင်ငံရေးသမား စောအယ်တာတော (ဝါ) ဆရာကြီးစောဂျက်ကော့အမှတ်တရ)


တက္ကသီလာ
ရဲထွဋ်
(မိုးမခ) ဧပြီ ၂၈၊ ၂၀၂၁


အခန်း (၁) 
သံရုံးမှာ ဗီဇာလျှောက်ပီး ပြန်ထွက်လာတော့ နံနက်(၁၁) နာရီမထိုးတတ်သေး။ ဒါပေမယ့် အပူရှိန်က အတော်ပြင်းနေပြီ ဖြစ်သည်၊ ဇွန်လထဲပေမယ့် ဘန်ကောက်မိုးက သဲသဲမဲမဲမရွာ၊ တို့ ဂဏန်း ဆိတ်ဂဏန်းသာရှိသော်လည်း အဝေးဆီက မိုးသားတိမ်လိပ်တို့ လွင့်စင်လာနေ သည်ကို မြင်နေရသည်။ 

သံရုံးအပြင်ဘက် ပလက်ဖောင်းပေါ်မှာရပ်ပီး တက်စီစောင့်နေတော့ “ဆရာ ဘယ်သွားချင်လဲ။ အချိန်ရသေးတယ်” ဟုပါလာသူ အဖော်ကဆိုသည်၊ “ကျနော်ကတော့ ဘာအစီအစဉ်မှမရှိဘူး၊ ခင်ဗျားသွားစရာရှိတာ သွား။ ကျနော်လိုက်ခဲ့မယ်။ ရောက်ဖူးတာပေါ့” ဟု ပြန်ပြောရသည်။

 “ဒါဆို ကျနော် ရမ်ကင်ဟန်ယူနီဗာစီတီမှာ မြန်မာအရေးလှုပ်ရှားတဲ့အဖွဲ့ က ကျောင်းသားတွေနဲ့တွေ့စရာရှိတယ်။ ဆရာလိုက်ခဲ့ပါလား”ဟု ပြောတော့ “သွားတာပေါ့” ဟု ခပ်လေးလေး တုံ့ဆိုင်းဆိုင်းပြောမိသည်။ တက္ကသိုလ်ဝင်းထဲ ကျနော်တို့ရောက်သွားတော့ (၁၂) နာရီခွဲပြီးပြီဖြစ်သည်၊ အတန်းဖြုတ်ပြီးနေ့လယ်စာစားချိန်ဖြစ်၍ ကင်တင်းတွေမှာ လူတွေပြည့်နေ သည်၊ “အတော်ပဲဆရာ။ အစည်းအဝေးက နည်းနည်းစောသေးတယ်၊ ကျနော်တို့ ထမင်းစားလိုက် ကြရအောင်” လို့အဖော်ကပြောသည်၊

ကင်တင်းတခုမှာ ကျောင်းသူကျောင်းသားတွေနဲ့အတူ ဝင်တန်းစီရင်း နေ့လယ်စာစားဖို့ ပြင်ရသည်။ ပျိုရွယ် နုနယ်သော အနာဂတ်အတွက် မျှော်လျှင့်ချက်များဝေဆာနေသည့် သူတို့ လေးတွေကိုကြည့်ပြီး မုဒိတာပွားရသည်၊ လွန်ခဲ့သည့်နှစ် (၄၀) နီးပါးက ကိုယ်ကျင်လည် ကျက်စားခဲ့ရာ ရန်ကုန်တက္ကသိုလ်ကို အမှတ်တရရှိမိသည်။ “ကျောင်းပြန်ဖွင့်ရင် ကျောင်းသား သစ်တွေ ရောက်လာမြဲဖြစ်တာမို့ တက္ကသိုလ်ဆိုတာ အသစ်အသစ်တွေနဲ့ အစဉ်နုပျိုနေတာပဲ၊ ဒါကြောင့် ကိုယ်တို့ဆရာတွေဟာလည်း မအိုဆေး စားထားသလို။ အမြဲနုပျိုနေတယ်” ဟု ရယ်ရွှန်းဖတ်ရွှန်းပြောတတ်သောဆရာတယောက်စကားကို သတိရလိုက်သည်။ ငါဟာ တက္ကသိုလ်ကို တကယ်ချစ်ခဲ့တာပါ၊ ဒါပေမယ့် ဘာကြောင့် တက္ကသိုလ်ကို ခွဲခွာခဲ့ရတာလဲ။ ဒါကိုတွေးမိလိုက်တော့ ဆွတ်ပျံမှုနဲ့အတူ နာကျင်မှုကိုပါ နင့်နေအောင် ခံစားလိုက်ရသည်။ ထမင်းခပ် ထားသောဇွန်းကို အသိမဲ့ပြန်ချထားလိုက်မိသည်၊ 
အတိတ်ဆီသို ပြန်ရွေ့နေသည့် ပျံလွင့်နေဆဲ အတွေးတွေကို မတားနိုင်တော့။

အခန်း (၂) 

၁၉၆၄ ခုနှစ်။
မိုးဦးကာလ နံနက်ခင်း

မောင် ထ ထ .. မောင့်ဆရာ ရောက်နေတယ်။ နာကျည်းခံပြင်းမှုဝေဒနာက ဆိုးရွားလွန်းလှသည်မို့တညလုံးအိပ်မရခဲ့၊ ဘယ်လူးညာလွန့်ဖြင့်သာ အချိန်ကုန်ခဲ့သည့်အတွက် မိုးသောက်ခါနီးမှ မှေးခနဲအိပ်ပျော်သွားခဲ့သည်။ ဇနီးသည်က ပခုံးကိုလှုပ်နိုးနေတာကြောင့် ရုတ်တရက် ထထိုင်လိုက်မိသည်။
 “ဘယ်သူလဲ ဘယ်ကဆရာလဲ” ဟုမျက်လုံးများကိုလက်ခုံနှင့်ပွတ်ရင်း မေးမိသည်၊ ပြေလျော့နေသောပုဆိုးစကို ဘိုသီဘတ်သီ ပြန်ဝတ်နေမိပြန်သည်။
 
“ဒေါက်တာတင်အောင်လေ မောင်တို့ဌာနက၊ အိမ်ရှေ့မှာရောက်နေပြီ၊ ထတော့ အားနာစရာကောင်းလိုက်တာ” ဇနီးသည်က ရေရွတ်ပြောဆိုနေတုန်း အိပ်ရာမှ ကမန်းကတမ်းထရပ်လိုက်မိသည်။ အိပ်ချင်စိတ်တွေဘယ်ရောက်ကုန်သည်မသိ၊ ဆရာဘာကြောင့်များ ရောက်လာတာပါလိမ့်။ ငါနေတဲ့နေရာ ဆရာဘယ်လိုလုပ်သိသလဲ၊ စူးစမ်းအံ့သြစိတ်နှင့် ဆရာကိုအားနာစိတ်က လွှမ်းမိုးနေသည်၊ သည်ပုံစံနဲ့တော့ ဆရာကိုချက်ချင်းတွေ့လို့မဖြစ်။ ရေချိုးခန်းဝင် ကမန်းကတမ်း မျက်နှာသစ်ရသည်။ သင့်တော်မည့်အဝတ်အစားကိုလည်း ဝတ်ဆင်ရသည်။ အိမ်ရှေ့ခန်းထွက်လာတော့ ဇနီးသည်ခင်းပေးထားသော သင်ဖြူးဖျာပေါ်တွင်ထိုင်နေရင်း ခေါင်းရင်းဘက်စာအုပ်စင်မှစာအုပ်တအုပ်ကို ဆွဲလှန်ကြည့်နေသည့်ဆရာ့ကို တွေ့ရသည်၊ ကျနော့်ကိုမြင်တာနဲ့စာအုပ်ကို ပြန်တင်ထားလိုက်ပြီး “ကိုစောဦးနဲ့စကားပြောချင်လို့ လိုက်လာတာ၊ နေမြင့်မှလာရင် လွဲနေမှာစိုးလို့” ဟု သူ့ထုံးစံအတိုင်း ချိုမြမြအပြုံးနှင့် ဆိုသည်။

ကျနော်က “အားနာစရာကောင်းလိုက်တာဆရာရယ်။ တယောက်ယောက်နဲ့မှာလိုက်ရင် ကျနော်လာတွေ့မှာပေါ့၊ ကျနော်သည်မှာနေတာ ဘယ်လိုသိတာလဲ” ဟုပြောလိုက်သည်။ ဆရာက ဘာမှပြန်မပြော။ ပြုံးမြဲပြုံးနေသည်၊ အမှန်က ကျနော်နေသောသင်္ဘောကျင်းအနီး လမ်းကြိုလမ်းကြားက အိမ်သေးသေးလေးကိုလာဖို့ ဆရာ့ခမျာအတော်ကြိုးစားရှာယူရမည် ဖြစ်သည်။ ကျနော်တို့လမ်းထဲကို ကားဝင်လို့မရ။ ယခုလည်း ဆရာ့ကားကိုမိန်းလမ်းပေါ်ထားခဲ့ပြီး ခြေကျင်လျောက်လာတာ ဖြစ်သည်။

“ကိုယ့်ကိုမောင်ရင်နဲ့တွေ့ဖို့ ဆရာဦးစံသာအောင်က လွှတ်လိုက်တာ။ မောင်ရင့်ကို ကိုယ်တို့နှစ်ယောက်စလုံးက ကျောင်းပြန်တက်စေချင်တယ်၊ မောင်ရင့်လိုစာတော်ပြီး ရိုးသားကြိုးစားတဲ့ကျောင်းသားတဦးကို ကိုယ်တို့နှမြောတယ်၊ အထူးသဖြင့် တိုင်းပြည်က ဆုံးရှုံးမှာကို စိုးရိမ်တယ်။ အခုစာသင်နှစ်မှာ ကိုယ်အာမခံပါတယ်၊ မောင်ရင် ကျောင်းပြန်တက်ရုံသာတက်ပါ” 

ဆရာဘာကြောင့်လာရသည်ဆိုတာကိုသိလိုက်ရတော့ မေတ္တာဂရုဏာအပြည့်နဲ့ တပည့်အပေါ်စေတနာထားရှာသောဆရာကို အထူးကျေးဇူးတင်မိသည်၊ လေးစားရိုသေစိတ်၊ မြတ်နိုးချစ်ခင်စိတ်က တိုးလာနေသည်၊ တချိန်တည်းမှာပင် ဆရာအခုလိုလိုက်လာခဲ့ရလောက်အောင်ဖြစ်စေခဲ့သည့်အချက်ကို ပြန်တွေးမိတော့ နာကြည်းခံပြင်းစိတ်က ရင်မှာဆူဝေလှိုက်တက်လာပြီး အတွေးမှာ အစားထိုးနေရာယူလာနေသည်၊

အခန်း (၃) 

အဲ့သည်နှစ်က ရန်ကုန်တက္ကသိုလ်ရူပဗေဒဌာနတွင် နူကလီးယားသိပ္ပံ အထူးပြုဘာသာတွဲဖြင့်မဟာသိပ္ပံဘွဲ့အတွက် ကျနော်သုတေသနပြုနေသည့်အချိန်ဖြစ်သည်။ တဖက်ကလည်း လုပ်သားကောလိပ်ရူပဗေဒဌာနတွင် ကျူတာဝင်လုပ်သည်။ ညနေဘက်တွင် အလွတ်ပညာသင်ကျောင်းတကျောင်း စာသင်ပေးသည်။ သုတေသနထောက်ပံ့ကြေး၊ ကျူရှင်ဆရာလစာနှင့် ကျူတာလစာ စုစုပေါင်း (၄၅၀) ကျပ်ခန့်ရသဖြင့် ပင်ပန်းသော်လည်း မိသားစုစား လောက်သည်၊ အသက် (၁၅)နှစ်နဲ့ (၁၀) တန်းအောင်။ (၁၉) နှစ်မှာ ဘွဲ့ရခဲ့ပြီး ယခု (၂၃) နှစ်မှာ အလုပ်တဖက်နဲ့ မဟာသိပ္ပံတန်းတက်နေသော ကျနော့်ကို စာတော်ပြီးရိုးသားသောကျောင်းသားတဦးအဖြစ် တက္ကသိုလ်အဝန်းအဝိုင်းက အသိအမှတ်ပြုကြသည်။
 
ကျနော့်ရည်မှန်းချက်က ရူပဗေဒပညာရှင် ဖြစ်လိုသည်။ အနောက်တိုင်းနာမည်ကြီးတက္ကသိုလ်ကြီးတခုက ပီအိတ်ချ်ဒီဘွဲ့ရလိုသည်။ ပါရဂူဘွဲ့ကိုရလို သည်။ မှတ်မှတ်ရရ အဲ့သည်တုန်းက ဗိုလ်နေဝင်းဦးဆောင်ကျင်းပသောသုတေသနစာတမ်းဖတ်ပွဲများ စတင်ကျင်းပသည့်နှစ်၊ စာတမ်းဖတ်ပွဲတွင် တင်ပြခဲ့သော ကျနော့်သုတေသနစာတမ်းကို အားလုံးက အသိအမှတ်ပြုလက်ခံကြသည်။ ကျနော်တင်ပြခဲ့သည့် ကြေးမုံခုံးကြေးမုံခွက် မှန်ဘီ လူးခုံး မှန်ဘီလူးခွက်နှင့်စပ်လျဉ်းသည့် သုတေသနစာတမ်းသည် အခြေခံပညာအထက်တန်းကျောင်းများတွင် သိပ္ပံဓာတ်ခွဲခန်းများတနိုင်ငံလုံးအတိုင်းအတာနှင့် ဖွင့်လှစ်နိုင်ရေးကို ကြီးကြီးမားမား အထောက်အကူပြုခဲ့သည်။  ယခင့်ယခင်က သိပ္ပံဓာတ်ခွဲခန်းသုံး ကြေးမုံခုံးကြေးမုံခွက် မှန်ဘီလူးခုံး မှန်ဘီလူးခွက်များကို နိုင်ငံ ခြားမှဈေးကြီးကြီးပေးဝယ်ရသဖြင့် များများစားစား မဝယ်နိုင်ခဲ့။ ကျနော်တင်ပြသောစာတမ်းအသီးအပွင့်အဖြစ် အထက်တန်းကျောင်းများတွင် သိပ္ပံဓာတ်ခွဲခန်းများ ပေါ်လာကြသည်။ စာတမ်းကျေးဇူးကြောင့် ရန်ကုန်တက္ကသိုလ်ပရိဝုဏ်တွင် သိပ္ပံပညာရှင်ဖြစ်ရန် အလားအလာရှိသော ကျောင်းသားတဦးအနေဖြင့် ခြေချခွင့်ရလာခဲ့သည်။

သုတေသနစာတမ်းရေးပြီးက ဘိုင်ဘာတင်ရုံသာ လိုတော့သည်။ ဒါဆို မဟာသိပ္ပံဘွဲ့ ရမည်။ ပြီးရင်ကျောင်းမှာ ကထိကဝင်လုပ်။ နောက်အခြေအနေပေးရင် အင်္ဂလန်၊ အမေရိကန်တနိုင်ငံမှာ ပီအိတ်ချ်ဒီဘွဲ့ယူ။ ကျောင်းမှာပဲ ပါမောက္ခပြန်လုပ်။ ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေမိသည်။ 

ကျနော့်ပျော်ရွင်မှုမှာ သိပ်မကြာလိုက်။ အားလုံးကချီးကျူးအလေးထားပေမယ့် ကျနော့်အပေါ်အာဃာတထား။ ရန်ငြိုးသိုသောပုဂ္ဂိုလ်တဦး ကျနော့်စာတမ်းကြောင့်ပင်ရှိနေပြီဖြစ်ကြောင်း တစထက်တစသိလာရသည်။ ထိုသူမှာ အခြားသူမဟုတ်။ ကျနော့်ဆရာထဲက ဆရာတယောက်ဖြစ်သည်။ ပိုဆိုးသည်က နျူကလီးယားသိပ္ပံဌာနကိုကွပ်ကဲသော ပါမောက္ခဆရာ ဦးသာလှိုင်ဖြစ်နေခြင်းဖြစ်သည်။

ဖြစ်ပုံကသည်လိုပါဟု ဆိုရတော့မည်၊ ကျနော့်စာတမ်းအတွက် တာဝန်ခံသင်ကြားပေးရန် တာဝန်ယူထားသောဆရာမှာ မော်လမြိုင်တက္ကသိုလ်သို့ ပြောင်းရ္ပေ့သွားသည်။ ကျွှန်တော်နှင့်အလှမ်းဝေးသွားသဖြင့် စာတမ်းဖြစ် လာရေးအတွက် ကူညီသင်ပြပေးရန် ဆရာဦးသာလှိုင်အားချဉ်းကပ်ရသည်။ ဆရာကလည်း လက်တွေ့တွင် ကြိုးစားပမ်းစား သင်ပြပေးရှာပါသည်။ စေတနာ ထားရှာပါသည်။ ဒါပေမယ့် စာတမ်းထွက်လာတဲ့အခါ သင်ပြပေးသူ ဆရာနာမည်ကိုမှတ်တမ်းတင်တော့ ဆရာဦးသာလှိုင်နာမည်ကိုမထည့်မိဘဲ မော်လမြိုင်ပြောင်းသွားသည့်ဆရာ့နာမည်ကိုသာ ထည့်လိုက်မိသည်။ ဒါကလည်း ဘာကြောင့်မှမဟုတ်။ အရွယ်ငယ်သေးတော့ လူရေးလူမှုကို နားမလည်တာလည်း ပါလိမ့်မည်။ အဓိကကတော့ ဆရာဒေါက်တာတင်အောင်က မူလဆရာနာမည်သာထည့်ပါလို့ အကြံပေးသောကြောင့်ဖြစ်သည်။ သူကလည်း ဘယ်သူ့ကိုသာစေ။ ဘယ်သူ့ကိုနာစေ သည်လိုမဟုတ်။ လုပ်ရိုးသဘော လုပ်လိုက်ခြင်းဖြစ်သည်ဟု နောင်မှစိတ်မကောင်းစွာ ပြောပြသည်။ ဆရာမကျေနပ်မှန်းသိလို့ အလျင်စလိုတောင်းပန်မိသေးသည်၊ “ရပါတယ်ကွာ” ဟု ခပ်တိုတိုပြတ်ပြတ်နှင့် ပြောရင်းလှည့်ထွက်သွားသော ဆရာ့ရင်ထဲက အဃာတအကြိတ်အခဲထုထည်ပမာဏကို မမှန်းဆနိုင်ခဲ့။

ရလဒ်ကတော့ အဲ့သည့်နှစ်က ကျနော်စာမေးပွဲကျသည်၊ မဟာသိပ္ပံတန်းတွင် ကျောင်းသား(၁၅)ယောက်ရှိသည့်အနက် ကျနော်က အဆင့်(၁)က (၃) ကြားမှာရှိနေစမြဲ၊ တခါတရံ(၁) တခါတရံ(၂)။ (၃) ဆိုတာတောင် အဖြစ်နည်းသည်၊ ကျနော့်ကို စာမေးပွဲချချင်တော့ အဲ့သည့်နှစ်က ကျောင်းသား (၂) ဦးကိုသာ အအောင်ပေးပြီး ကျန်သူအားလုံးကျကုန်ကြသည်။ သက်ဆိုင်ရာပါမောက္ခက အအောင်မပေးသည့်အတွက် ကျန်ဆရာများ ဘာမှမတတ်နိုင်ခဲ့။

အခန်း (၄) 

ဆရာက လက်ဖက်ရည်ကြမ်းတခွက်ကိုမော့သောက်လိုက်တော့မှ ကျနော့်အတွေးတွေကို ပြန်စုစည်းလိုက်ရသည်။ ဒါတောင် ဂနာမငြိမ်သေး။ ဘယ်လက်ဖဝါးကို ညာလက်မဖြင့် ပွတ်နေမိ သည်၊ နာကြည်းကြေကွဲသော ရုပ်သွင်ကိုလည်း ဟန်လုပ်လို့မှ မဖုံးဖိနိုင်ခဲ့ “ဆရာ ကျနော့်ကိုခွင့်လွတ်ပါ။ ကျနော်ကျောင်းပြန်မတက်တော့ပါဘူး။ သည်အသိုင်းအဝိုင်းကို ကျနော်စိတ်နာသွားပြီ” မထိန်းနိုင်မသိမ်းနိုင် ရုတ်ချည်းပြောချလိုက်ပြီးမှ ဆရာ့ကိုအားနာသွားမိသည်။ သူ့ခမျာ ငါ့ကိုကောင်းစေချင်လွန်းလို့ တကူးတကန့်လိုက်လာရှာတာဟု တွေးမိရင်း “ကန်တော့နော်ဆရာ၊ ဆရာ စိတ်အနှောင့်အယှက်ဖြစ်ရင် ကျနော်တောင်းပန်ပါတယ်၊ ဆရာ့ကို မလေးစားလို့မဟုတ်ပါ၊ အခုလိုမျိုး ကျနော့်ဘဝမှာ ခနခနဖြစ်နေတော့ ကျနော်မခံနိုင်တော့ဘူး။ ပြီးခဲ့တဲ့နှစ် ကလည်း ဆရာဦးစံသာအောင်က ကျနော့်ကို ရူပဗေဒဌာနမှာ လက်ထောက်ကထိကလုပ်ဖို့ကမ်းလှမ်းဖူးတယ်၊ ကျနော်က သူပြောတဲ့အတိုင်း အထက်တန်းပညာဦးစီးဌာနကိုလျှောက်လွှာတင်လိုက်တော့ ဘာမဆိုင်ညာမဆိုင် အခြေခံ ပညာ ဦးစီးဌာနကနေပြီး မော်လမြိုင်မှာအထက်တန်းပြဆရာလုပ်ဖို့ ခန့် စာထွက်လာတယ်၊ ကျနော် ဘယ်လိုခံစားရမလဲ၊ ဆရာစဉ်းစားကြည့်ပါဦး” ဟု အားကိုးတကြီး တိုင်တည်နေမိပြန်သည်။ 

ဆရာကကျနော့်ကိုငေးကြည့်ရင်း သက်ပြင်းတချက်ချလိုက်ပြီး “ကိုယ်နားလည်ပါတယ်ကွာ။ မောင်ရင်ဘယ်လိုခံစားရမလဲဆိုတာ။ ဒါပေမယ့် ဆရာအကြံပေးချင်တာက ဒါတွေထားလိုက်တော့။ အခုလာမယ့်နှစ် ကျောင်းပြန်တက်၊ ဆရာ အစစတာဝန်ယူတယ်။ ဘယ့်နှယ့်လဲ” ဆရာ့ကို ကျနော်မကြည့်ရဲတော့။ ခေါင်းငုံ့ပြီး သင်ဖြူးဖျာပေါ်က ရေနွေးကြမ်းအိုးကိုသာ စိုက်ကြည့်နေမိသည်။

ငြိမ်သက်တိတ်ဆိတ်မှုက လွှမ်းမိုးနေသည်မှာ ဘယ်လောက်ကြာသွားသည်ကိုမမှတ်မိ။ ကဲ ဆရာပြန်တော့မယ်ဟု ပြောပြောဆိုဆို ဆရာက မတ်တပ်ထရပ်လိုက်တော့မှ ကျနော်လည်း ထရပ်မိသည်။ အိမ်ပေါက်ဝတွင် ဆရာက ကျနော့်လက်ကိုဆွဲနူတ်ဆက်သည်၊ ပြီးတော့ ကျနော့်မျက်လုံးများကိုတည့်တည့်စိုက်ကြည့်ရင်း “ကိုစောဦးရေ၊ နောက်မှ နောင်တမရစေနဲ့ကွာ၊ ဆရာပြောတာလိုက်နာပါ” ဟုဆိုသည်။

ထိုအခိုက်အတန်‹လေးမှာ ဆရာရဲ့ မေတ္တာဓာတ်နွေးထွေးမှုကို ကျနော့်နှလုံးသားက ထိထိမိမိခံစားလိုက်ရသည်။ ခြံတံခါးအစွန်းတွင် ပျောက်ကွယ်လုဆဲဆဲ ဆရာ့နောက်ကျောကိုငေးကြည့်နေတုန်း ဇနီးသည်က လက်မောင်းကိုလာဆုပ်ကိုင်ရင်း “အားနာစရာကြီး မောင်ရယ်၊ ဆရာကျေနပ်သွားအောင်ဘာဖြစ်လို့ ကတိမပေးလိုက်တာလဲ” လို့ ကျနော့်မျက်နှာကို မော့ကြည့်ပြီး ဆိုလာသည်၊ ဘာတခုမှ ကျနော်ပြန်မပြောနိုင်ခဲ့။

အခန်း (၅) 

“ဘာဖြစ်သလဲ ဆရာ၊ စားမကောင်းဘူးလား၊ ဟင်းက သိပ်စပ်နေရင် ခေါက်ဖတ်ကိုင်ကို သတ်သတ်မှာစားလို့ရတယ်” မျက်နှာချင်းဆိုင်မှာ အတူထိုင်စားနေတဲ့အဖော်ကလှမ်းမေးတော့မှ ငါအတွေးလွန်နေပါပကောလားလို့သတိထားလိုက်မိသည်။ အရှက်ပြေတဟဲဟဲရယ်ရင်း ဟင်းက သိပ်စပ်ရင် ကျနော်စားမတတ်ဘူး၊ အသစ်မှာလို့ရရင် ကောင်းသားပဲလို့ ချော်လဲရင်း ရောထိုင်လိုက်ရသည်။ တပြိုင်တည်းမှာ ချော်လဲရင်းရောထိုင်တာ မှန်မမှန် စိတ်ထဲမှာ ဝေခွဲမရ ဖြစ်ရပြန်သည်။

ကျနော်နှင့်အတူစာမေးပွဲချခံရသူ ထွန်းအေးနှင့်မြမောင်တို့နှစ်ဦး ကျောင်းဆက်တက်ပြီး နောင်တော့ ပါရဂူဘွဲ့တွေရကုန်ကြသည်။ အခုဆို သူတို့ ပါမော က္ခကြီးတွေ ဖြစ်နေကြပြီ။ ဟို တုန်းကချော်လဲပေမယ့် ကျနော်ရောမထိုင်တတ်ခဲ့ မထိုင်သင့်ဟုထင်ခဲ့သည်။ ယခုကော  တခုတော့သေချာသည်။ ဆရာဒေါက်တာတင်အောင်စိုးရိမ်ခဲ့သလိုတော့ ကျောင်းကထွက်လာရတာကို ကျနော်ဘယ်တုန်းကမှ နောင်တမရခဲ့။ ဘာကြောင့်ဆိုတော့ အဲ့ဒီတက္ကသိုလ်က သင်ကြားပေးလိုက်သည့်ပညာရပ်များထက် အဆပေါင်းများစွာတန်ဖိုးကြီးမားသောပညာရပ်များကို သင်ကြားပေးသည့် အခြားတက္ကသိုလ်တခုကို ကျနော်တက်ရောက်ခဲ့ရသောကြောင့် ဖြစ်ပါသည်။

တက္ကသိုလ်သည် ကျနော့်အဖို့တော့ အံ့ဖွယ်ရတနာတပါး ဖြစ်သည်။ အဖိုးအနဂထိုက်တန်သောတန်ဖိုးဖြတ်မရသည့် ပုလဲသွယ်ဖြစ်သည်။ တက္ကသီလာ ကျနော်ကျောင်းသားဖြစ်ခဲ့သည်မှာ နှစ် (၄၀) နီးပါးရှိပြီ။ ယခုတိုင်သင် မဆုံးနိုင်ခဲ့၊ ယူမကုန်နိုင်ခဲ့။ နောက်ထပ်လည်း လိုချင်မဆုံးနိုင်အောင် ရှိနေဆဲဖြစ်သည်။ စောဦးဆိုသည့် လူသတ္တဝါလောကမှ ပျောက်ကွယ်သွားသည်အထိ ဤတက္တသိုလ် ကျောင်းသားတယောက်ဖြစ်နေမည်မှာ အသေ အချာပင် ဟု ကျနော့်ကိုယ်ကျနော် ယုံကြည်နေမိသည်။ တက္ကသီလာကိုတက်ရောက်ရန် အဓိကလှုံ့ဆော်ပေးခဲ့သူ ဆရာဦးသာလှိုင်ကျေးဇူးတရားကိုရင်မှာ လှိုက်လှိုက်လှဲလှဲ ခံစားနေမိရသည်။ စွဲစွဲမက်မက်ရှိနေဆဲဖြစ်သည်သည့်အတွက်ကျေးဇူးတင်ပါသည်ဆရာ။

ရဲထွဋ်
- ယနေ့ကွယ်လွန်သွားသည့် ဝါရင့်ကရင့်နိုင်ငံရေးသမား စောအယ်တာတော (ဝါ)  ဆရာကြီးစောဂျက်ကော့၏ ဘဝပုံရိပ်အပိုင်းအစတချို့ကို စာရေးသူက ရေးဖွဲ့ထားမှုအမှတ်တရ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar