Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ- မေဇော်၊ မမြခက်၊ ဘုန်းနိုင်လင်း

Art- Than Htay Maung
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဧပြီ ၂၈၊ ၂၀၂၁
---
အဝါရောင်တိမ်....
မေဇော်

အဝါရောင်တိမ်တွေမှာလည်း
အိမ်ပြန်ခက်တဲ့ ရာသီတွေနဲ့ပဲအမေ
စိတ်ကူးတွေထဲမှာ....
နေ့တိုင်းအိမ်ပြန်တယ်
ပြီးတော့ ပြန်လာတယ်...

တစ်ကယ်ဆိုပျင်းနေလှပြီ
ဘယ်လိုမျှားမျှား
ပြန်ရောက်မလာကြတော့တဲ့  
ပျော်ရွှင်ခြင်းတွေကို 
အိပ်မက်တွေလို့
နာမည်လှလှကလေးပေးရတယ်
ပြီးရင်မေ့ပစ်လိုက်ရတယ်.....

သတိရတိုင်း
သစ်ပင်ကလေးတစ်ပင်စိုက်ရမယ်ဆို
ကမ္ဘာမြေဟာကျနော့်ကိုယ်စား
အသက်ရှုဝမှာပဲ....

တစ်နေ့နေ့ကျရင်
ငြိမ်းချမ်းသွားမှာပါဆိုပြီး
ငှက်ကလေးတွေ  
တစ်နေ့တစ်ကောင်လွှတ်တယ်
တစ်နေ့နေ့ရောက်တဲ့အခါ
ကျနော့်ကိုယ်ကျနော်လွှတ်မယ်
တစ်နေ့နေ့ရောက်တဲ့အခါ
အဝါရောင်တိမ်တွေ
ကောင်းကင်အနှံ့မှာ
ထူထပ်ချင်လည်း
ထူထပ်နေမှာပေါ့အမေရယ်....

.....

မင်းတို့လိပ်ပြာလုံရဲ့လား
မမြခက်

လမ်းမကြီး​ပေါ်က 
ခုန်ထွက်လာတဲ့​ သွေးစက်​တွေထဲမှာ ​ကြွေကျသွားတဲ့ ကြယ်​တွေရှိတယ်။ ​

စေတန်​တွေ ​ကြောက်တဲ့ 
လက်သုံး​ချောင်းရဲ့ အ​ပေါ်မှာ 
ကခုန်​နေတဲ့ ​
ကြွေကျသွားတဲ့ ကြယ်​တွေရှိတယ်။ ​

ကောက်ကျစ်ယုတ်မာတဲ့ ​
ခွေးအတစ်အုပ်လို ​
ချောင်း​မြောင်းပစ်ခတ်လိုက်တဲ့ 
စနိုက်ပါရဲ့ ​ပြောင်းဝထိပ်မှာ ​
ကြွေကျသွားတဲ့ ကြယ်​တွေရှိတယ်။ ​ 

မင်းတို့ရဲ့ပခုံး​ပေါ်က 
အပွင့် အခက်​တွေ ပြုတ်မကျဖို့ ကျားကန်လိုက်တဲ့ ​ထောက်တိုင်​တွေထဲမှာ ​
ကြွေကျသွားတဲ့ ကြယ်​တွေရှိတယ်။ 

မင်းမိန်းမရဲ့ LV ကို 
မဖွင့်လိုက်နဲ့ ​
ကြွေကျသွားတဲ့ ကြယ်​တွေရှိတယ်။ 

မင်းတို့ရဲ့ ​​ရွှေ​​ယောင်​ဆောင်ထားတဲ့ အပြုံးတု​တွေထဲ ​
ဆေးထိုးအပ်​တွေ ထခုန်လို့ ​​
စောင့်​မျှော်​နေတဲ့ ထမင်းပန်းကန်​လေးက လွမ်းလို့
ပြိုလဲ​နေတဲ့ အ​မေတစ်​ယောက်ရဲ့ မျက်ရည်​တွေနဲ့ ကျွမ်းလို့ 
ကြွေကျသွားတဲ့ ကြယ်​တွေရှိတယ်။ ​

စေတန်​တွေ တည်ခင်းတဲ့ 
မင်းတို့ရဲ့ ​နောက်ဆုံးညစာမှာ 
ဦး​ဏှောက်တွေ အ​ထွေးလိုက် ​
ကြွေကျသွားတဲ့ ကြယ်​တွေရှိတယ်။ 

25421

...


သူရဲကောင်းတို့လမ်း
ဘုန်းနိုင်လင်း

တိုးတက်ဖို့ ထိုးထွက်ကြတဲ့အခါ
တော်လှန်ရေးဆိုတာ 
သမိုင်းသစ်ဆန်းစေမယ့်
သူရဲကောင်းတို့ရဲ့လမ်းပဲ။

တော်လှန်ရေးဆိုတာ အမှန်တရားကိုချစ်ခြင်း
ချစ်ခြင်းကိုလေးစားတဲ့ တော်လှန်ရေးဟာ အမှန်တရား
သတ္တိဆိုတာ နှလုံးရည်အားကောင်းမှ.....

လူ့သမိုင်းရဲ့ကောင်းခြင်းဖြစ်စဉ်မှာ
ချစ်ခြင်းတွေ မျိုးဆက်ခြင်းလက်ဆင့်ကမ်း
မော်ကွန်းသစ်စေမယ့် ရွှေပြည်သစ်စခန်းဆိုတာ
တော်လှန်ရေးနဲ့ပွင့်တဲ့သူရဲကောင်းတို့ရဲ့လမ်း။
.....

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar