Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - မောင်လွမ်းဏီ၊ မင်းဆွေနှစ်၊ တည်ဘွားဦး

Art - Than Htay Maung
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
ဧပြီ ၁၈၊ ၂၀၂၁

တို့စိုက်ခဲ့သမျှ
မောင်လွမ်းဏီ

နွေသင်ရိုးတံ
ပိုင်းဆစ်ချိုးလိုက်တယ်
တထွာတမိုက်
တိုက်ပွဲတွေက နွေဦးထဲမှာ
ရဲရဲပွင့်တဲ့ တော်လှန်ပန်းတွေ
နီစွေး။

ကောင်းကင်ယံထက်မှာ
နုပြာလွင့်လဲ့၊ ယှက်ဖွဲ့ရစ်သီ
ငြိမ်းချမ်းရေးဂီတအလံတော်များ
လွှင့်ထူ။

ဆယ်စုနှစ်တွေနဲ့ ချီပြီး
ရင်စီး ခါးစီးခံခဲ့ရတဲ့ စစ်ဖိနပ်ဒဏ်ရာများ
ကန်ကျောက်။

ကမ္ဘာမကြေဘူး မျိုးစေ့တွေကျဲပက်
မျိုးဆက်ပဲ့တင်၊ ရာဇဝင်မော်ကွန်း
ခေတ်ကို ထွန်းညှိနေကြပြီ။

ချစ်ခြင်းတွေနဲ့ လင်းလက်
ညီညွတ်ခြင်းတွေနဲ့ ဝင်းပြက်။     ။ 

မြန် မာ နှစ် ဆန်း  တ ရက် ၊ ၂ ၀၂ ၁

........

အလံနဲ့အသံကို နားစွင့်ကြ
မင်းဆွေနှစ်

မနက်လင်းရင်
လူတိုင်းရဲ့ လက်ကိုင်ဖုန်းထဲမှာ
ကိုယ့်အစိုးရနဲ့ ကိုယ့်လွတ်လပ်ရေး
ကိုယ့်အချုပ်အချာနဲ့ ကိုယ့်အာဏာ


လက်ရှိအခြေအနေက
လှိုင်သာယာက မသာယာသေး
အလုံက မလုံခြုံ
စမ်းချောင်းကို ချောင်းနေတဲ့ခွေးတွေ
ကျောက်မြောင်းကို ချောင်းပစ်နေပြီ


လာကြ
မြေနီကုန်းမှာစုရုန်းကြဟေ့
ရန်ကုန်ကိုထိတော့
တနိုင်ငံလုံးငြိတာပဲ


ဟောဒီမှာ မန္တလေး
ဟောဒီမှာ မုံရွာ
ဟောဒီမှာ မြိုင်
ဟောဒီမှာ ပုသိမ်
ဟောဒီမှာ ဒီပဲယင်း
ဟောဒီမှာ အောင်ပန်း
ဟောဒီမှာ ပြည်
ဧရာဝတီ ချင်းတွင်း သံလွင် စစ်တောင်း
အရေးကြီးပြီ ညီနောင်အပေါင်းတို့


တို့ပြည်သူတွေ ညီရဲ့လားဟေ့
ညီတယ်ဟေ့ ညီတယ်ဟေ့


ဟေ့
ရှေ့မှာ အသံတွေလာနေပြီ
အလံရှိရာ ချီတက်ကြစို့
နွေဦးဟာ
အောင်ပွဲနဲ့အတူ စောင့်နေပြီ--

( 23.3.21 )

........

ပျော်ချင်ယောင် ဟန်မဆောင်တတ်သူ 
 တည်ဘွားဦး

သင်္ကြန်မကျဘူးနော်
ပျော်စရာကြီးမဟုတ်တော့ ၊

ကလေးတွေ
ဘဝတွေ
အသက်တွေ
သွေးမျက်ရည်တွေ ၊

(နာကျင်တဲ့အသည်း
အစားထိုးဖို့မလွယ်)

အလကား 
အပျော်သက်သက် ဖြစ်လာတာမဟုတ်ဘူး ၊

မပျော်ရွှင်တဲ့ အဓိပ္ပာယ်ထဲမှာ
အရည်ပျော်နေတဲ့ကဗျာတွေကို  
ရှာကြည့် 
ဘယ်တော့မှကို မပျော်ရတော့ဘူး ။              ။

14 Apr 2021
........

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar