Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၇ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၇ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၁

နှစ်ဆန်းတရက်နေ့


စစ်အာဏာသိမ်းပြီး ၂ လနဲ့ ၁၇ ရက်မြောက်နေ့ ရောက်ရှိလာပြီဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက အားလုံးနီးနီး အသိအမှတ်ပြုတာ မရှိသေးပါဘူး။ CRPH ကို အခြေတည်ကာ ဖက်ဒရယ်ကြေညာချက် မကြာသေးမီက ထွက်ရှိပြီးနောက် ယမန်နေ့ကတော့ အန်ယူဂျီလို့ အတိုကောက်ခေါ်ဆိုတဲ့ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းခဲ့ပါတယ်။ အန်အယ်လ်ဒီခေါင်းဆောင်၊ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းက ခေါင်းဆောင်တချို့နဲ့ တိုင်းရင်းသားလူငယ်ပညာတတ်တွေ၊ တက်ကြွလှုပ်ရှားသူ လူငယ်တချို့ပါဝင် ဖွဲ့စည်းထားတာ ကြေညာခဲ့ပါတယ်။

ဒီ အစိုးရသစ် ဖွဲ့စည်းလိုက်တာကိုစစ်အာဏာရှင် ဆန့်ကျင်သူတွေဘက်က ကြိုဆိုကြတဲ့ ရေးသားမှုတွေ ၊ ပရိုဖိုင်းပုံပြောင်းလဲခြင်းဖြင့် ထောက်ခံတာကို ပြကြတာတွေ ဖေ့စ်ဘွတ်တခွင်မှာ အများအပြားမြင်တွေ့ရပါတယ်။ အစိုးရအဖွဲ့နဲ့ ပတ်သက်လို့ ဝေဖန်ကြတာတွေ၊ ချီးကျူးကြတာတွေလည်း ဒုနဲ့ဒေးပဲလို့ ဆိုရမှာပါ။ ဝေဖန်ကြတာတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ပါဝင်လာအောင် မစည်းရုံးနိုင်တာလား၊ အန်အယ်လ်ဒီကပဲ အဓိကနေရာတွေကို ယူထားတာလား၊ အစိုးရ အဖွဲ့ရဲ့ အရွယ်အစားက ဌာနများလွန်းတယ် ၊ ခုထက်ပိုကျစ်ကျစ်လစ်လစ် ဖွဲ့လည်း ကောင်းတယ်ဆိုတာမျိုး ဝေဖန်မှုတွေလည်း ရှိသလို ၊ တချို့ကတော့ အစိုးရအဖွဲ့ထဲပါဝင်သူတချို့ရဲ့ လူ့အခွင့်အရေး စံနှုန်းလိုက်နာမှု နဲ့ပတ်သက်လို့ ဝေဖန်တာမျိုးလည်း တွေ့ရပါတယ်။

ချီးကျူးကြတဲ့ ပို့စ်တွေမှာတော့ လွှတ်တော်ကိုယ်စားလှယ်မတိုင်ခင် ကဗျာဆရာ၊ အဲနောက် ကိုယ်စားလှယ် အခုတော့ကာကွယ်ရေးဝန်ကြီးတာဝန်ပေးခံရသူ ဦးရည်မွန်ရဲ့ တပ်နဲ့ပတ်သက်လို့ ယခင်နှစ်က လွှတ်တော်ထဲမှာ ဆွေးနွေးမှု ကို ချီးကျူးကြသလို ၊ ဒီလို တပ်နဲ့ပတ်သက်လို့ စေ့စေ့စပ်စပ် လေ့လာထားတဲ့အကြောင်းကြောင့် ကာကွယ်ရေး ဝန်ကြီးတာဝန်ပေးအပ်ခံရသလားလို့ လည်း ယူဆကြတာမျိုးတွေ့ရပါတယ်။

လူ့အခွင့်အရေး စံနဲ့ တိုင်းတာခံရသူတချို့ဟာ ၂၀၁၇ ခုနှစ် ရခိုင်မှာ ရိုဟင်ဂျာတွေကို တပ်ကသတ်ဖြတ်ခဲ့စဥ်က သူတို့အပေါ်မှာ လူ့အခွင့်အရေးစံနှုန်းနဲ့ ရှုမြင်စာနာမှုမရှိခဲ့တာကို ထောက်ပြ ဝေဖန်ကြတာတွေ့ရပါတယ်။ အမှန်တကယ်တော့ အဲဒီကာလက အန်အယ်လ်ဒီရဲ့ အဓိကခေါင်းဆောင်လည်းဖြစ်၊ အစိုးရအဖွဲ့ကို လက်တွေ့မှာ ဦးဆောင်နေသူလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက် လမ်းညွှန်မှုကို လိုက်နာပြောဆိုခဲ့တာလို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ သူ့အနေနဲ့ အဲဒီအချိန်က ဝန်ကြီးတာဝန်ယူခဲ့စဥ် အနောက်မီဒီယာက မေးခွန်းကို ဖြေရာမှာ အဲဒီရပ်တည်ချက်မျိုးနဲ့ ဖြေခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါကတော့ အစိုးရအဖွဲ့ဝင်တွေကို နိုင်ငံရေးစံနှုန်းနဲ့သာမက လူ့အခွင့်အရေးဆိုင်ရာရပ်တည်မှုစံတန်ဖိုး လိုက်နာမလိုက်နာဆိုတာနဲ့ တိုင်းတာ ပြောဆိုကြတာြဖစ်ပါတယ်။

တကယ်တော့ ခုလို ကြားဖြတ်အစိုးရ ခေါ်ခေါ် စင်ပြိုင်အစိုးရခေါ်ခေါ် ဒီလို အခြေအနေမျိုးမှာ ဖွဲ့ရတဲ့ အနေအထားက စိမ်ခေါ်မှု အများကြီးကြားက လုပ်ရတာမျိုးမို့လို့ လုပ်ရဲတဲ့သူ ၊ လုပ်နိုင်ကိုင်နိုင်စွမး်ရှိသူကို ထည့်သွင်းရတာလို့ ခုခံကာကွယ်ပြောရင်လည်း အမှားကြီးလို့တော့ ဆိုလို့ မရဘူးထင်ပါတယ်။ ဒီအစိုးရက ခုအချိန်မှာ ပြည်တွင်းမှာ ဆိုရင်လည်း ပုန်းလျှိုးကွယ်လျှိုးနဲ့ နေပြီးလုပ်ရတာမျိုး၊ လက်နက်ကိုင်ဧရိယာမှာဆိုရင်တော့ အဖမ်းအဆီးခံရမယ့် အန္တရာယ်မရှိသော်လည်း အစိုးရတရပ်ရဲ့ အဆောင်အယောင် လိုအပ်ချက်တွေ ဘာမှ မပြည့်မစုံနဲ့ ဖြစ်အောင် လုပ်ရတဲ့ အခြေအနေအောက်က အစိုးရလို့ဆိုရမယ် ထင်ပါတယ်။

ထောက်ခံကြတဲ့သူတွေမှာလည်း ရှုထောင့်တခုထဲတော့ မဟုတ်ကြပါဘူး။ အချို့က ဝေဖန်ထောက်ပြရင်း ထောက်ခံတာမျိုး ၊ အချို့က ဝေဖန်ခြင်းမပါ ၊ အပြည့်အဝ ချီးကျူးထောက်ခံတာမျိုး အမျိုးမျိုးကွဲပြားကြပါတယ်။ အရပ်သားတွေထဲကတော့ များအားဖြင့် ဝေဖန်ခြင်းမရှိပဲ အပြည့်အဝကို ထောက်ခံကြတာမျိုးဖြစ်ပါတယ်။

အစိုးရဖွဲ့ပြီးပြီဆို လက်နက်ကိုင်တပ်ကိစ္စက ဆက်ပြီးထုတ်လာမယ့် မေးခွန်းနဲ့ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ ဘယ်တော့ ဖွဲ့နိုင်မလဲ၊ ဘယ်လို ဖွဲ့နိုင်မလဲ၊ ဘယ်အဖွဲ့တွေနဲ့ ပေါင်းပြီး တိုက်ပွဲဝင်မလဲ၊ အင်အားဘယ်လောက်ရှိလာနိုင်မလဲ စတဲ့ မေးခွန်းတွေက အစီအရီ ပေါ်လာမှာ ဖြစ်ပါတယ်၊ လူထု က အလွန်လိုလားနေတဲ့ အစိုးရ ဖြစ်တာကြောင့် အခုလို လက်တွေ့ အကောင်အထည်ဖေါ်စေချင်တဲ့ ဖက်ဒရယ်တပ်မတော်ဆိုတာကို မျှော်လင့်နေကြတဲ့ သဘောဖြစ်ပါတယ်။ စကားလုံးက ဆွဲဆောင်မှုရှိပြီး လူတိုင်းက ဖြစ်ေစချင်ပေမယ့် လက်တွေ့မှာတော့ ဖြေရှင်းရမယ့် ဖြည့်ဆည်းရမယ့် ဆွေးနွေးရမယ့် အဆင့်၊ အခက်အခဲတွေ စိမ်ခေါ်မှုတွေ အများကြီးရှိမယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ စိတ်ဓါတ်ရှိရုံနဲ့တင်မဟုတ်ပဲ ကိုယ့်အလိုကိုမလိုက်နိုင်တဲ့ အိမ်နီးချင်းနိုင်ငံတွေ ရဲ့ သဘောထား ရပ်တည်ချက်၊ အကျိုးစီးပွား စတာတွေနဲ့လည်း တိုက်ရိုက်ပတ်သက်နေမယ် ဖြစ်ပါတယ်။ ဒီဖက်ဒရယ်တပ်မတော် သို့မဟုတ်ရင် ကြားကာလ ဖက်ဒရယ်မဟာမိတ် ဆိုတာမျိုးလည်း ပေါ်ကောင်း ပေါ်လာနိုင်တယ်လို့ NUG အစိုးရရဲ့ မနေ့က အွန်လိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာလည်း ကြားသိရပါတယ်။ အဲသည် ပြည်သူ့ကာကွယ်ရေးတပ်ဆိုတဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီးလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က မေးခွန်းထုတ်နေကြတယ်လို့ ဆိုပါတယ်။

လူထုက ဖက်ဒရယ်တပ်မတော်ကို ဘာကြောင့် ဒီလောက်မျှော်လင့်ကြတာလဲလို့ မေးရင် နေ့စဥ် နဲ့အမျှ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေ ပစ်ခတ်လို့ အသက်ဆုံးရှုံးနေကြရတာ ၊ အကြောင်းမဲ့ ရိုက်နှက်တာကြောင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်ရတာ၊ နေအိမ်ထဲအထိ ဝင်ရောက် ရှာဖွေ ပစ်ခတ်တာ၊ နေ့စဥ် လူရာနဲ့ချီဖမ်းဆီးနှိပ်စက်တာ၊ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကိုလည်း မထင်ရင် မထင်သလို လုယက်တာ၊ သိမ်းယူတာတွေ ကို ရပ်တန့်နိုင်မယ့် နည်းလမ်းက လက်နက်ကိုင် တပ်မတော် နဲ့ မှ ဖြစ်မယ်လို့ လူထုက ယူဆတာဖြစ်လို့ပါပဲ။ ဒီနေ့မှာတင် မိုးကုတ်မြို့ မှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲလို့ နေရာမှာတင် ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရသွားတယ်လို့ သတင်းတွေအရ လူထုကရိုက်ထားတဲ့ ဗီဒီယိုတွေ အရ သိရပါတယ်။ ဒီအဖြစ်တွေ အမြန်ဆုံးရပ်တန့်အောင် တားဆီးနိုင်အောင်က ဖက်ဒရယ်တပ်မတော်က အဖြေလို့ လူထုက ယူဆထားကြတာ ဒီနေ့ လူအများရဲ့ အမြင်နဲ့ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။

ဆန္ဒပြမှု ကျဲလာတဲ့ မြို့တွေ၊ နယ်တွေမှာလည်း စစ်ကောင်စီလက်နက်ကိုင်တပ်တွေက အခြားနည်းတွေနဲ့ လူထုကို ဒုက္ခပေးနေကြသလို ၊ ဖမ်းဆီးမှုတေွ နေ့စဥ်နေ့တိုင်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတဲ့ သူတွေရဲ့စာရင်း ကြေညာတာ၊ ညဘက် နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်နေပါတယ်။ လက်ထောက်ဆရာဝန်၊ အထူးကု ဆရာဝန်၊ ဆေးရုံအုပ်စသဖြင့် နေ့စဥ် ၅၀၅ (က) အလိုရှိသူစာရင်း တီဗွီ၊ သတင်းစာက နေထုတ်ပြန်ကြေညာပြီး ပြည်သူ့ဆေးရုံတွေက စီဒီအမ် ဆရာဝန်တွေ နေ့စဥ်လိုလို စာရင်းထဲထည့်သွင်း ထုတ်ပြန်နေပါတယ်။ ဒီအချက်တွေကလည်း လူထုကို အကာအကွယ် အမြန်ပေးဖို့ လိုအပ်နေတာထင်ရှားပါတယ်။ အဖမ်းမခံရအောင် တိမ်းရှောင်ရတာတွေ ၊ လွတ်မြောက်နယ်မြေအထိ ရှောင်တိမ်းရတာတွေလည်း ရှိလာနေပါတယ်။ ရှောင်တိမ်းနေရတဲ့သူတွေထဲမှာ စီဒီအမ် ဝန်ထမ်းတွေတင်မကပါဘူး​ သတင်းမီဒီယာသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဆိုရှယ်မီဒီယာမှာ စစ်ကောင်စီကို မထောက်ခံဖို့ ရေးသားနေသူတွေ သပိတ်လှုပ်ရှားမှုကို ထောက်ခံရေးသားနေသူတွေ အားလုံးပါဝင်ပါတယ်။ ရှောင်တိမ်းနေရသူတွေရောက်ရှိနေတဲ့ နယ်မြေတွေဆိုတာကလည်း စစ်ကောင်စီတပ်တွေ၏ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေရတဲ့နေရာတွေ ဖြစ်ပါတယ်။ နယ်ဒေသအလိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကို တာဝန်ယူသူတွေ၏ သဘောထားပေါ်မှာလည်း အဲသည်ရှောင်တိမ်းသူတွေ၏ အခြေအနေက မူတည်ပါတယ်။

စစ်ကောင်စိကို ဆန့်ကျင်သူတွေအားလုံးကို အမိမအရဖမ်းဆီးနိုင်ခဲ့တယ်ဆိုရင်တောင် တနိုင်ငံလုံး လူအများအပြားကို အကျဥ်းထောင်တွေအထဲ ဖမ်းထားနိုင်မလားလို့ အတွေးပေါ်နေစဥ်မှာပဲ ဒီနေ့ နှစ်ဆန်းတရက်နေ့မှာ အကျဥ်းသား ၂ သောင်း ၃ ထောင်ကျော် လွှတ်ပေးလိုက်ပါတယ်။ အနည်းငယ်မျှသော နိုင်ငံရေး အကျဥ်းသားတွေအပြင် ၂ သောင်းကျော်သော အခြားအမှုကိစ္စနဲ့ ဖမ်းဆီးပြစ်ဒဏ်ကျနေသူတွေ လွတ်လာတာကြောင့် အကျဥ်းထောင် အနည်းငယ် လူလျော့သွားပြီလို့ ဆိုနိုင်ပါတယ်။

စစ်ကောင်စီကတော့ လူတွေအကြောက်တရားဝင်ပြီး ငြိမ်သွားဖို့ လုပ်ဆောင်နေပေမယ့် အာဏာသိမ်းပြီး ၂ လ နဲ့ ၁၇ ရက်ရှိသည့်တိုင် ငြိမ်မသွားသေးတာက လက်တွေ့ အခြေအနေဖြစ်ပါတယ်။ 

(SF Bay Area, Free Burma Action Committee, Downtown Protest, 17th April 2021)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar