Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂ လ နဲ့ ၁၈ ရက် မြောက်နေ့ မြင်ကွင်း

မြ
န်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၈ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၈ ၊ ၂၀၂၁

ပြည်တွင်းစစ်လား ပြောက်ကျားစစ်လား

သင်္ကြန်တော့ ပြီးသွားပါပြီ။ နှစ်ဆန်းတရက်နေ့ လမ်းထောင့်တွေမှာ ပရိတ်ရွတ်တာတွေ ယခင်နှစ်တွေလို မတွေ့ရသလောက်ပါ။ လူထုအများစုကြီးအဖို့ စိတ်မချမ်းမြေ့မှု၊ စစ်တပ်က အာဏာသိမ်းထားတာကို နာရီနဲ့အမျှ မိနစ်နဲ့အမျှ စိတ်ထဲ သတိရှိနေပြီး ဆန္ဒပြတာကလွဲလို့ လူစုဝေးနဲ့ လုပ်တဲ့ အခမ်းအနား ပျော်ပွဲရွှင်ပွဲတွေအားလုံး တိုင်ပင်ထားသလို ရပ်နားလိုက်ကြတဲ့ သင်္ကြန် ပိတ်ရက်ဟာ ပိုပြီး ရှည်ကြာသလို ထင်ရပါတယ်။ ချောင်းသာကမ်းခြေ ငပလီကမ်းခြေမှာ တခြားမြို့ကလာတဲ့သူတွေနဲ့ ဟိုတယ်တွေမှာ တည်းခိုသူများနေတယ်ဆိုတဲ့ သတင်းမျိုး ဖတ်ရှုရပေမယ့် ရန်ကုန်လို၊ မန္တလေးလို ၊ မုံရွာ ၊ ကလေး ၊ မော်လမြိုင်၊ မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး စတဲ့မြို့တွေမှာတော့ ပွဲလမ်းအခမ်းအနား မရှိပဲ တိတ်ဆိတ် ငြိမ်သက်နေပါတယ်။ တပ်က သူတို့ရဲ့ သင်္ကြန်ကို သူတို့တပ်ဧရိယာထဲ သီးခြားကျင်းပတဲ့ သတင်းဓါတ်ပုံတွေ လူမှုကွန်ရက်မှာ တက်လာတာတွေ့ရတော့ တတိုင်းပြည်လုံး စိတ်ဆင်းရဲ နေချိန် ဝမ်းနည်း၊ မခံမရပ်နိုင်ဖြစ်နေချိန် လူထုကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တဲ့ စစ်တပ်က သင်္ကြန်ကို ခိုးပြီးကျင်းပကြတာ မကောင်းမှုလုပ်တဲ့သူတွေ မကောင်းမှုလုပ်ရာမှာ ပျော်ကြတဲ့သဘောလား လို့အတွေးပေါ်မိပါတယ်။

သင်္ကြန်ရုံးပိတ်ရက် နောက် ၂ ရက်ပြီးနောက်မှာ ရုံးဖွင့်ရက် ပြန်စတင်ပါလိမ့်မယ်။ ပုဂ္ဂလိက လုပ်ငန်းတွေထဲက ဘဏ်တွေကို စစ်ကောင်စီက ဖွင့်ဖို့ဖိအားပေးထားတာကြောင့် ဘဏ်တွေအနေနဲ့ ဝန်ထမ်းတွေကို ရုံးပြန်တက်ဖို့ နှိုးဆော်နေကြတဲ့စာတွေ ထွက်လာတာတွေ့နေရပါတယ်။ လာမယ့် ၂၁ ရက်မှာ ရုံးတက်ဖို့ နှိုးဆော်တာ၊ နောက်အကျဆုံး ၂၆ ရက်မှာမှ ရုံးမတက်ဘူးဆိုရင် လုပ်ခွင်စည်းကမ်းအရ အလုပ်မှ ထုတ်ပယ်ရမယ့်သဘော သတိ ပေးစာတွေ ထွက်ရှိနေပါတယ်။ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေရဲ့ စီဒီအမ်က အစိုးရရဲ့ လုပ်ငန်းဆောင်တာကိုလည်း တစိတ်တပိုင်း ထိခိုက်စေသလို ပုဂ္ဂလိကလုပ်ငန်းတွေ ငွေပေးငွေချေ ကုန်ရောင်းကုန်ဝယ်တွေကိုလည်း ထိခိုက်စေပါတယ်။ ပုဂ္ဂလိကဘဏ် မဖွင့်လှစ်နိုင်ခြင်းကြောင့် ပုဂ္ဂလိကစီးပွားရေး ကဏ္ဍကိုလည်း ကြီးကြီးမားမား ထိခိုက်စေတာကြောင့် ဒီတိုက်ပွဲက ဘယ်အထိ ဆက်သွားမလဲ ၊ လာမယ့် သီတင်းပတ်အတွင်း ရပ်ဆိုင်းသွားပြီး ဘဏ်တွေ အတိုင်းအတာတခုထိ လည်ပတ်နိုင်တော့မလားဆိုတာ ခုသီတင်းပတ်အတွင်း စောင့်ကြည့်ရမယ့် သဘောရှိပါတယ်။

စစ်ကောင်စီကတော့ လာမယ့် ၂၄ ရက်နေ့မှာ လုပ်မယ့် အာဆီယံအစည်းအဝေးကို မင်းအောင်လှိုင် တက်ရောက်မယ်လို့ သတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။ အာဆီယံအစည်းအဝေးက စစ်ကောင်စီကို ဒေသတွင်းအဖွဲ့အစည်းက ဘယ်လို ဆက်ဆံကြမလဲ၊ ဘယ်လို ဖိအားေပးကြမလဲ သို့တည်းမဟုတ် အာဆီယံမှာ မြန်မာနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲကြမလား စတဲ့ ဖြစ်နိုင်ခြေတွေကို စောင့်ကြည့်အဖြေပေါ်မှာ ဖြစ်ပါတယ်။

ဒီနေ့ စစ်ကောင်စီရဲံ အကြမ်းဖက် တပ်တွေ ပစ်ခတ်သတ်ဖြတ်တဲ့ မြို့ကတော့ မြင်းခြံမြို့လို့ သတင်းတွေထဲက အရ သိရပါတယ်။ နှစ်ဦးကျည်ထိပြီး တဦးသေဆုံးသွားပါတယ် ဆန္ဒပြသူမဟုတ်ပဲ ဆိုင်သိမ်းသူ တံခါးပိတ်ဖို့ ခေါင်းအထွက်မှာ သေနတ်နဲ့ ခေါင်းကို ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က ပစ်သတ်လို့မသေတဲ့ နေ့မရှိသေးပါဘူး၊ နှစ်ဆန်းတရက်နေ့က မိုးကုတ်မှာ ၂ ဦးသေဆုံးခဲ့ရသလို ဒီနေ့တော့ မြင်းခြံမှာ တဦးသေဆုံးခဲ့ရတာပါ။ ဒီလိုမြန်မာနိုင်ငံရဲ့ မြို့တွေမှာ နေ့စဥ် လိုလို ဆန္ဒပြမှုတွေ စစ်ကားတွေ မဝင်နိုင်အောင် အတားအဆီးတွေချတာ၊ အချို့မြို့၊ ရွာတွေမှာ စစ်ကားတွေ မလာနိုင်အောင် လမ်းက တားဆီးချောင်းပစ်ကြတာတွေ နေ့စဥ်လိုလို ဖြစ်ပျက်နေပါတယ်။

ဒီလို အဖြစ်တွေ ခံစားရတဲ့အခါ လူထုအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေးတပ်ဘယ်တော့ အဆင်သင့်ဖြစ်မလဲ ဆိုတာကို လူထုက မျှော်လင့်နေကြပါတယ်။ ပြည်တွင်းစစ်ဆိုတာ မကောင်းမှန်းသိကြပေမယ့် ခုအခါမှာတော့ လူအများစုကြီးက ပြည်တွင်းစစ် ဖြစ်ရင် ဖြစ်စေတော့ စစ်ကောင်စီ ရဲ့ အကြမ်းဖက်တပ်တွေကို တိုက်ဖို့လမ်းကို အားပေးမျှော်လင့်နေကြတဲ့ အခြေအနေဖြစ်နေပါပြီ။

မနေ့က ဖွဲ့လိုက်တဲ့ NUG ပြည်သူ့အစိုးရကို အရပ်ဖက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေက ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွေ တွေ့ရပါတယ်။ CRPH နဲ့ တိုင်ပင်ဆွေးနွေးမှုတွေရှိပုံရတဲ့ တိုင်းရင်းသားဒေသအခြေခံတဲ့ ကြား ကာလ ပြည်နယ်အလိုက် လူမျိုးစုအလိုက် အတိုင်ပင်ခံကောင်စီအမည်နဲ့ ထုတ်ပြန်ချက်တွေကနေ NUG ကို ထောက်ခံကြောင်း ထုတ်ပြန်တာတွေ တွေ့ရပါတယ်။ ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း)က ထုတ်ပြန်ရာမှာ အင်န်ယူဂျီကို ထောက်ခံကြောင်း၊ သူတို့စိုးမိုးနယ်မြေတွေမှာ အစိုးရတာဝန် ကာကွယ်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ဖို့ ပြင်ဆင်ပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။ အခြားတိုင်းရင်းသားနဲ့ အခြားအဖွဲ့အစည်းတွေထဲမှာ တွေ့ရသလောက်ကတော့ မွန်အမျိုးသားကွန်ယက်၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC)၊ KNLA(5) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မဟာ ၅၊ KNU Concerned Group၊ ကချင် KPICT, ရဝမ်၊ ကချင်၊ လီဆူတွေ၏ အဖွဲ့များ - RDA, KA, LNO, ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Council - ICNCC)၊ အမျိူသားဒီမိုကရေစီအဖွဲ့ချုပ်၊ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB) ၊ ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မီတီ (UCCPF) ၊ ပြည်သူ့ဂုဏ်ရည်အသင်း (USA)၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း စတဲ့အဖွဲ့ပေါင်းစုံတွေက ကြိုဆိုကြောင်း ထောက်ခံကြောင်း ထုတ်ပြန်ကြပါတယ်။ လက်ရှိ လက်ခံရရှိသလောက် ထုတ်ပြန်ချက်များကို တင်ပြတာပါ။

သည်မှာ လူထုထဲက အသံတွေတချို့ကတော့ Federal Army တို့ Federal Alliance တို့ကို မစောင့်နိုင်တော့ဘူး၊ ချက်ချင်းမဖြစ်နိုင်သေး အချိန်စောင့်ရဥိးမယ်လို့လည်း အင်န်ယူဂျီက ထုတ်ပြောထားတော့၊ အခုကတည်း ပြောက်ကျားစစ်နဲ့ ပတ်သက်ပြီး လူအများသိရှိနားလည်ဖို့ သဘောထားဖြစ်ဖြစ် ညွှန်ကြားချက်ဖြစ်ဖြစ် အလိုရှိတယ်လို့ မှတ်ချက်တွေ ပေးကြပါတယ်။ ကျေးလက်အခြေခံ၊ မြို့ပြပြောက်ကျား နဲ့ သပိတ်တိုက်ပွဲများဟန် ချက်ညီ ဆက်စပ်ဆင်နွဲရေးဆိုတာကို တိတိကျကျ ဆွေးနွေးကြစေလိုပါတယ်။ ရန်သူ့လက်နက် ကိုယ့်လက် နက်၊ သုံ့ပန်းအပေါ်သဘောထား၊ သူလျိုအပေါ်သဘောထား၊ ပြည်သူတိုင်းအတွက် ပြောက်ကျား စိတ်ဓာတ်၊ ရန်သူအပေါ် စိတ်ဓာတ်စစ်ဆင်ရေးနဲ့ အလစ်အငိုက်ခြေမှုန်းရေးသဘောထားများ စတဲ့ ဖက်ဆစ်ဂျပန်ခေတ်က ဗမာစစ်တပ်နဲ့ လက်တွဲတိုက်ခဲ့ကြတဲ့ မြန်မာပြည်သူတွေ၏ ပြင်ဆင်မှု ခံယူမှုမျိုးကို လူထုနဲ့ လူငယ်တွေက လိုလားကြပါတယ်။ လူငယ်တွေအချို့ကဆိုရင် သူတို့ဖာသာ စုဖွဲ့ပြင်ဆင်ထားကြတာဖြစ်လို့ လက်နက်မလိုဘူး၊ စိတ်ဓာတ်ပဲလိုတယ်၊ ခေါင်းဆောင်မှုလိုတယ်၊ အချိန်ဇယားပဲ လိုတယ်လို့ ထုတ်ပြောကြပါတယ်။ ပြည်ပက မြန်မာတွေကဆိုရင်လည်း သူတို့ဘာသာသူတို့ ပြင်ဆင်စုဆောင်းထားတာတွေနဲ့ သူတို့ချိတ်ဆက်ထားတဲ့ ဒေသတွေ အစုအဖွဲ့တွေမှာ ထောက်ပံ့အားပေးဖို့ အဆင်သင့်ပဲလို့ ဆိုကြပါတယ်။ ပြည်သူတွေကြားမှာ အချိတ် အဆက် စုဖွဲ့မှု အားနည်းလို့ ရန်သူက အငြိုးတကြီး အင်အားစုပြုံသုံး ဖြိုခွဲနင်းခြေဖျက်ဆီးခံရတာမျိုးကို ကာကွယ်နိုင်ဖို့အတွက် ပြည်သူတွေက နောက်တလှမ်းဆုတ်ထားကြတာလို့ ဆိုနိုင်ပါတယ်။ သည်လေဟာနယ်ကို ပြည်သူတွေ အားကိုးတကြီး မျော်လင့်နေကြတဲ့ NUG က ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။

(Photo - မန္တလေးသပိတ်ခေါင်းဆောင်တဦး၊ တေဇာဆန်း)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar