Breaking News

လှကျော်ဇော - ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ရှင်နေသေးရင်



လှကျော်ဇော - ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ရှင်နေသေးရင်

(မိုးမခ) ဧပြီ ၆၊ ၂၀၂၁

ရက်စက်မှုအပေါင်း သရဖူ ဆောင်းနေတဲ့ အခုလက်ရှိစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို (တပ်မတော်ရဲ့ဖခင်လို့-မတန်မရာ ဇော်မင်းထွန်းအခေါ်) ဗိုလ်ချုပ်အောင်ဆန်းသာမြင်တွေ့ရရင် ဘာပြောမလဲ ဆိုတာ ကျွန်မမသိနိုင်ပေမဲ့ ကျွန်မ သိတာလေးတွေတော့ ရှိပါတယ်။

အခု ဒီတပ်မတော်ကြီးကို ထိုင်း (ထိုစဉ်ကအခေါ် ယိုးဒယား) နိုင်ငံ ဘန်ကောက်မှာ - ၁၉၄၁ ဒီဇင်ဘာ (၂၆) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်များအကူအညီနဲ့ တည်ထောင်ခဲ့ပါတယ်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ဘီအိုင်အေ (B.I.A - Burma Independence Army) ဆိုတဲ့ အမည်နဲ့ပါ။ နယ်ချဲ့ဗြိတိသျှလက်အောက်က ဗမာပြည်ကြီးကို လွတ်မြောက်စေပြီးဗမာပြည်သူတွေအားလုံး (လူမျိုးစုအားလုံးအပါ) ဆင်းရဲနုံချာလှတဲ့ဘဝက လွတ်ကင်းပြီး ဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းသာယာတဲ့ ဘဝရလာဖို့အတွက် ရည်ရွယ်ခဲ့ကြတာပါ။

အဲသလို ရည်ရွယ်ချက်နဲ့ တပ်မတော်ကြီးကိုတည်ထောင်ရာမှာ ဗိုလ်ချုပ်နဲ့ အတူ ရဲဘော်သုံးကျိပ် ဆိုတဲ့ သမိုင်းဝင် သူရဲကောင်းတွေ ပါဝင်ခဲ့ပါတယ်။ အဲဒီအထဲက အသက်အငယ်ဆုံးတန်းတွေထဲက တဦးဖြစ်တဲ့ (ကျွန်မဖခင်ကြီး) ဗိုလ်ကျော်ဇောက သူပါဝင်တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီး - စစ်အာဏာရှင်စနစ်ရဲ့တလက်ကိုင် ကြေးစားတပ်ကြီး ဖြစ်သွားရတာကို ရင်ထုမနာဖြစ်ပြီး ဒီတပ်ကြီး ပြည်သူအကျိုးကို ဦးထိပ်ထားသည်ပိုးတဲ့ တပ်ကြီးပြန်ဖြစ်ရေးအတွက် ရတဲ့နေရာက နည်းအမျိုးမျိုးနဲ့ ကြိုးစားရာမှာ အသက်(၉၃)နှစ်အရွယ် ကွယ်လွန်ချိန်အထိ ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်ကစလို့ ဗမာပြည်ရဲ့လက်တွေ့နိုင်ငံရေးထဲမှာ ကာယကံမြောက် မပါဝင်နိုင်တဲ့အခါ ဖေဖေဟာ နိုင်ငံရပ်ခြား သတင်းမီဒီယာအမျိုးမျိုးနဲ့ တွေ့ဆုံဆွေးနွေးခန်းတွေလုပ်ဆောင်ပြီး အချိန်အခါအလိုက် အကြောင်းအရာအလိုက် အခွင့်အခါကြုံတိုင်း တပ်ပြုပြင်ပြောင်းလဲရေးအတွက် တိုက်တွန်းအကြံပေးချက်အမျိုးမျိုးလုပ်ဆောင်ခဲ့ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးချက်အားလုံးနီးပါး အားလုံးကိုလည်း စုစည်းပြီး စာအုပ်စာတမ်းအများအပြားလည်းပြည်တွင်းမှာရော ပြည်ပမှာပါ ထုတ်ဝေပြီးပါပြီ။

၂၀ဝ၃ ဒီပဲရင်းအရေးအခင်းအပြီး ဖေဖေက ဒီလိုပြောဘူးပါတယ်။
"ကျွန်တော်တို့ တိုင်းချစ်ပြည်ချစ်ပုဂွိုလ်တွေ တည်ထောင်ခဲ့တဲ့ ဗမာ့တပ်မတော်ကြီးက အခုအခါ လမ်းမတော်ဖိုးတုတ် လူမိုက်ဂိုဏ်းအဖြစ် ဆုတ်ယုတ်ကျဆင်းသွားရတာ အတော်စိတ်ထိခိုက်ရပါတယ်။" တဲ့

၂၀၁၁ ဇွန်လ (ဖေဖေရဲ့နောက်ဆုံး အင်တာဗျူးမှာတော့)ဒီလိုပြောခဲ့တယ်။
"ကျွန်တော်က တပ်မတော်ကို တပ်မတော်ပီပီသသ ဖြစ်ဖို့၊ ပြည်သူလူထုကို အကျိုးပြုဖို့၊ ရန်မမူဖို့၊ အဲဒါပြောချင်တာပါ။ ပြည်သူလူထုကို ရန်သူလိုသဘောမထားဖို့၊ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုတဲ့ စိတ်ဓာတ်မျိုးထားဖို့၊ အဲဒါ ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်ပါ။" တဲ့

ကဲ ... ဒီတော့ ဗိုလ်ချုပ်အောင်ဆန်းသာ အခုအချိန် (၂၀၂၁ မတ်လ) အသက်ရှင်နေသေးရင် (စီအန်အန် သတင်းထောက်ပြောသလို) တိုင်းပြည်မှာဖြစ်ပျက်နေတာတွေအပေါ် စိတ်မကောင်း ဒေါသတကြီးဖြစ်နေမှာ၊တုန်လှုပ်ချောက်ချားနေမယ် ဆိုတာ သေချာတာပေါ့။

အဲ ... ဇော်မင်းထွန်းကတော့ (အင်္ဂလိပ်အီဒီယမ်အသုံးကို နားမလည်တဲ့) ဘာသာပြန်ကောင်းမှုကြောင့် အတည်ပေါက်ကြီးနဲ့ တလွဲတချော်တွေ ဖြေသွားပါတယ်။

စစ်ကောင်စီမှာကလည်း ဒီလိုလူမျိုးတွေပဲ ရှိဟန်တူတယ်။

ဒါကြောင့် ဗမာပြည်သူတွေက ဒီစစ်အာဏာရှင်တွေလက်အောက်က အပြတ်လွတ်မြောက်ဖို့ သံန္နိဌာန်ချထားတာဖြစ်မှာ။

ဗမာပြည်သူတွေအားလုံး စစ်အာဏာရှင်စနစ်အောက်က အမြန်ဆုံးလွတ်မြောက်ပါစေ။

လှကျော်ဇော
၅-၄-၂၀၂၁

မှတ်ချက်။ စီအန်အန် သတင်းထောက်ရဲ့ နောက်ဆုံးမေးခွန်းမှာ "Do you think he will be rolling in his grave to see what is happening in this country?" အဲဒါ အင်္ဂလိပ် ( idiom) ပါ။

ကွယ်လွန်သူတယောက်ယောက်က သူ့ဂူသင်ချိုင်းထဲမှာ လူးလှိမ့်နေတယ် ဆိုတာ - ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး ဒေါသဖြစ်နေတာ စိတ်မကောင်းဖြစ်နေတာ ကို ဆိုလိုပါတယ်။

#MoeMaKaMedia
#WhatsHappeningInMyanmar