Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၅ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၅ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၅၊ ၂၀၂၁

(တလကို ရက် ၃၀နဲ့ သတ်မှတ်ပြီး ရက်စွဲမှတ်တမ်းလုပ်နေရာက အခုတော့ ပြက္ခဒိန်လနဲ့ပဲ ဆက်ပြီးတင်ဆက်ပါမည်)

ယနေ့ကျဆုံးသူပေါင်း - ၃
ပင်လည်ဘူး - ၃
စုစုပေါင်း ကျဆုံးသူ ၆၁၆

စစ်အာဏာသိမ်းပြီး ယနေ့ဆိုရင် ၂ လနဲ့ ၅ ရက်ရက် ရှိလာတဲ့အချိန်မှာ နယ်မြို့တွေမှာ အရှိန်အားဖြင့် နည်းတဲ့မြို့နည်းသွားပေမယ့် ဆန္ဒပြမှုတွေ ဆက်ရှိနေပါတယ်။ မန္တလေးမြို့၊ မုံရွာမြို့ အရှိန်အားကောင်းနေပါတယ်။ ရန်ကုန်မြို့မှာတော့ လမ်းသွယ်တွေထဲ ရပ်ကွက်တွေထဲ လူအရေအတွက်အားဖြင့် အရင် သီတင်းပတ်တွေလောက်မများတဲ့ အရေအတွက်နဲ့ ဆန္ဒပြမှုတွေ ရှိပါတယ်။ အချိန်အားဖြင့် အကြာကြီးတနေရာထဲမနေပဲ ရပ်ကွက်တွေထဲ လမ်းလျှောက်ပြီး ဆန္ဒပြတာတွေ တွေ့ရပါတယ်။ ကလေးနဲ့ တမူးဘက်မှာတော့ ခုခံမှုတွေ တုံ့ပြန်တိုက်ခိုက်မှုတွေ ရှိနေဆဲ ကျဆုံးမှုလည်း ကြားသိရပါတယ်။

စစ်ကောင်စီအဖွဲ့ကလည်း နေ့စဥ် ဆိုသလို နာမည်ကြီး ထင်ရှားတဲ့ အနုပညာသည်တွေထဲက ဖေ့စ်ဘွတ်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း၊ စီဒီအမ်ကို ထောက်ခံကြောင်း စီအာရ်ပီအိတ်ချ်ကို ထောက်ခံကြောင်း ၊ ဆန္ဒပြမှုမှာလည်း ကိုယ်တိုင်ပါဝင်ကြောင်း ရေးသားကြသူတွေကို ဖေ့စ်ဘွတ်အကောင့်တွေကို စောင့်ကြည့်ပြီး စာရင်းပြုစုကာ ၅၀၅ (က) နဲ့ ဖမ်းဝရန်း ထုတ်နေကြပါတယ်။ ပထမရက်တွေမှာ အနုပညာရှင်တွေ ဖေ့စ်ဘွတ်ဆယ်လီလို့ခေါ်တဲ့ ဖေ့စ်ဘွတ်မှာ လူသိများသူ ဖော်လိုဝါများသူတွေထဲက စစ်တပ်ကို လူသိရှင်ကြားဆန့်ကျင်သူတွေ ဆန္ဒပြမှုကို ထောက်ခံကြောင်း တက်တက်ကြွကြွရေးသားသူတွေကို ဖမ်းဆီးမယ့်စာရင်းထဲ ထည့်ကြေညာခဲ့ပါတယ်။ ခုတရက်ပြီးတရက်အကြာမှာ အနုပညာရှင်တွေ ဆယ်လီတွေတင်မကတော့ပဲ သတင်းသမားဟောင်းတွေ၊ ဆောင်းပါးရှင်တွေ ၊ အနုပညာသတင်းသမား ၊ ခရီးသွားပို့စ်တွေရေးတင်တဲ့ ဘလော့ဂါလိုတွေပါ ပါဝင်လာတာတွေ့ရပါတယ်။ ဒီနေ့တော့ သတင်းသမား အချို့စပါဝင်လာပြီး စုစုပေါင်း အရေအတွက် ၈၀ လောက်ရှိလာပြီဖြစ်ပါတယ်။ အခုလို နေ့စဥ် အရေအတွက် ၂၀ လောက် ဖမ်းဆီးစာရင်း ထုတ်ပြန်နေတာဟာ ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ပေါ်မှာ အကောင့်အစစ်အမှန်နဲ့ စစ်ကောင်စီကို ဆန့်ကျင်တာဘာမှ မရေးရဲအောင် ကြောက်လန့်အောင် လုပ်နေတာလို့ ယူဆစရပါတယ်။

အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး ဖေ့စ်ဘွတ်ပေါ်ကနေ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံတဲ့ ပို့စ်တွေ ရေးသားမှုတွေ ပျောက်ကွယ်သွားဖို့ ရည်ရွယ်တာလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီရည်ရွယ်ချက်က ခုချိန်ထိတော့ ထင်သလောက် မအောင်မြင်ပါဘူး။ ထုတ်ခံထားရသူတွေ ရှောင်တိမ်းနေရာက ရေးနေဆဲ တင်နေဆဲ ဖြစ်တာတွေ့ရလို့ဖြစ်ပါတယ်။

မြန်မာပြည်ကို ဖေ့စ်ဘွတ်ကအုပ်ချုပ်တာလို့ တင်စားပြောဆိုကြတဲ့ တင်စားမှုက ခုချိန်ထိ မှန်နေဆဲပဲ ဖြစ်ပါတယ်။ အပြင်လောကထက် ဖေ့စ်ဘွတ်က ပိုပြီးအရေးကြီးတယ်လို့ ယူဆနေကြဆဲ စစ်ကောင်စီကလည်း ဖေ့စ်ဘွတ်ပေါ်က အသံတွေ တိတ်ဆိတ်အောင် လုပ်နေတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။

ဒီမိုကရေစီ အရေးတော်ပုံရဲ့ နောက် အရေးပါတဲ့ အစိတ်အပိုင်းတခုက ရပ်/ကျေး ရုံးတွေ ဖွင့်နိုင် မဖွင့်နိုင် ၊ ရပ်/ကျေး ဥက္ကဌတွေ ခန့်နိုင်မခန့်နိုင် ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ မြို့ အတော်များများမှာ ရပ်ကျေး ရုံးတွေ မီးလောင်တဲ့ သတင်းတွေ နေ့စဥ် ဖတ်ရှုနေကြရဆဲပါ၊ တနေ့က စမ်းချောင်းက ရပ်ကွက် အုပ်ချုပ်ရေး ရုံးမီးလောင်သလို တနေ့က တောင်ကြီးမြို့က ရပ်ကွက်တခုရဲ့ ရပ်ကွက်ရုံး မီးလောင်တဲ့ သတင်း ဗီဒီယိုတွေမှာ ကြည့်လိုက်ရပါသေးတယ်။

ရပ်ကျေးတွေ မဖွင့်နိုင်ဖို့ ပအဖ လို့အတိုကောက်ခေါ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို အပြင်မှာ တကယ်ဖွဲ့ပြီး အလုပ်လုပ်နိုင်ဖို့ အရေးကြီးတယ်လို့မြင်ပါတယ်။ တကယ်ဖွဲ့နိုင်အောင် ဖွဲ့တဲ့ပအဖတွေကို ဘယ်လို အကာအကွယ်ပေးမလဲဆိုတဲ့ အစီအစဥ်မျိုးလည်း စီမံနိုင်ဖို့ လိုအပ်တယ်၊ အင်အားလည်း လိုအပ်တယ်လို့ထင်ပါတယ်။ ပအဖ အသက်မဝင်နိုင်ရင် စစ်ကောင်စီက ခန့်တဲ့ ရပ်/ကျေးအုပ်ချုပ်ရေးက နေရာဝင်ယူသွားတာမျိုး ဖြစ်နိုင်တာလည်း ဖြစ်ပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအပြင် ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုတာကိုလည်း ဖွဲ့စည်းကြတယ်လို့ အချို့မြို့နယ်တွေက ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

နွေဦးတော်လှန်ရေး ၂လကျော်ကြာမြင့်လာတဲ့အခါ ပြည်ပက ဝက်ဆိုက်တွေ ဖေ့စ်ဘွတ်တွေမှာ ဒီတော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဆိုက်အသစ် ပိတ်အသစ်တွေ အများအပြားထွက်ပေါ်လာပါတယ်။ ပထမအများဆုံးကတော့ အလှူခံတဲ့စာမျက်နှာတွေပါ။ ဒုတိယအများဆုံးကတော့ အင်ဖိုဘဏ်တွေပါ။ လူကြိုက်များတဲ့ လင့်ခ်တွေ ပိတ်တွေ့ စာတွေကို စုစည်းပြီး သူတို့စာမျက်နှာမှာ မပြတ်တင်ဆက်ရင်း ပရိသတ်ထူထောင်ကြတာပါ။ နောက်တခုကတော့ သူများအလှူခံတာတွေကော သူများသတင်းတွေကော တင်ဆက်ရင်းနဲ့ သူတို့အတွက် အလှူခံတာ၊ ကင်ပိန်းလုပ်တာ၊ လက်မှတ်ထိုးခိုင်းတာတွေကိုပါ တခါတည်း လှုံဆော်စည်းရုံးတာတွေ ဖြစ်လာပါတယ်။ နွေဦးတော်လှန်ရေးအကြောင်းပြုပြီး အက်ရှင်ခေါ်တာ ကင်ပိန်းလှုံဆော်တာ အလှူခံတာတွေ အများအပြားကို တွေ့ကြရသည့်အထဲမှာ ပြည်တွင်းနဲ့ ပြည်ပက မူရင်းလှုံ့ဆော်သူတွေ ကွန်မြူနီတီအခြေပြုသူတွေ လုပ်ကိုင်နေကြသူတွေ၏ အမှန်တကယ်စာမျက်နှာ ဝက်ဆိုက်တွေကို သတိပြုပြီး စောင့်ကြည့်ပြင်ဆင်ကြဖို့ လိုပါတယ်။ တဆင့်ခံအချက်အလက်တွေကနေ လွဲချော်တဲ့ သတင်းတွေ အချက်အလက်တွေနောက် ရောက်သွားနိုင်တာ သတိထားရမှာ ဖြစ်ပါတယ်။ စိတ်ခံစားချက်တွေ မြင့်မားနေချိန်မှာ ကိုယ့်စိတ်နဲ့တွေ့တဲ့ အကြိုက်တူတဲ့ ကြာကြာမခံတဲ့ မစစ်မှန်တဲ့ စာမျက်နှာတွေကို စိစစ်ကြဖို့ တင်ပြလိုက်ပါတယ်။

ကျောင်းသားသမဂ္ဂအဖွဲ့တွေက CRPH ကို ဖယ်ဒရယ်ဒီမိုကရေစီနဲ့ ညီညွတ်တဲ့ ပညာရေးစနစ်ထူထောင်ဖို့ အာမခံချက်ပေးဖို့ တောင်းဆိုတဲ့စာထွက်ပြီး မကြာခင်မှာပဲ CRPH က ကျောင်းသားတွေ၏ တောင်းဆိုချက်ကို လက်ခံကြောင်း စာထုတ်ပါတယ်။ CRPH က သပိတ်တပ်ပေါင်းစုတွေအားလုံးနဲ့ ချိတ်ဆက်ပြီး တိုင်ပင်နေတယ် လုပ်ဆောင်နေတယ်လို့လည်း အချို့က မှတ်ချက်ပေးပါတယ်။ မြို့တွေ နယ်တွေမှာ ကြားကာလ အုပ်ချုပ်ရေးအဖွဲ့ လုံခြုံရေးအဖွဲ့တွေဟာ သပိတ်တိုက်ပွဲ၀င် လူငယ်တွေ ကော်မီတီတွေ အစုအဖွဲ့တွေကနေ ပေါ်ထွန်းတည်ဆောက်မယ့် အလားအလာရှိပုံပါပဲ။

ပြည်ထောင်စုတပ်ကို ဦးတည်နိုင်မယ့် လက်နက်ကိုင်တပ်ဖွဲ့ ဖော်ဆောင်ဖို့ကတော့ တိုင်းရင်းသားနယ်မြေတွေအပေါ် မူတည်ပုံရပါတယ်။ တိုင်းရင်းသားလက်နက်တပ်ပေါင်းစုအဖြစ် ရှိနှင့်ပြီးသား NCA လက်မှတ်ထိုး PPST က ဧပြီ ၃ ရက်နှင့် ၄ရက်တို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေးကနေ စစ်အာဏာရှင်ဆန့်ကျင်ရေးCDM လှုပ်ရှားမှု၊ ပြည်သူလူထု၏ နွေဦးတော်လှန်ရေးကို ထောက်ခံကြောင်း အပါအဝင် အချက် ၅ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် သည်ထက်ပိုပြီး အကုန်လုံးပါဝင်နိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု စုဖွဲ့မှု လုပ်ကြဦးမယ်လို့ ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားကြောင်း Myanmar NOW က သတင်းပို့ပါတယ်။ CRPH က အမျိုးသားညီညွတ်ရေးအစိုးရကို ဧပြီလ ပထမပတ်အတွင်း ဖွဲ့ဖို့ ပြင်ဆင်ချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု ဖြစ်လာဖို့က မေလထဲမှ ဖြစ်နိုင်လိမ့်မယ် ခန့်မှန်းတယ်လို့ သတင်းမှာ ဆိုထားတော့ အမျိုးသားညီညွတ်ရေးအစိုးရမှာ တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ချင်းစီကနေ တဦးချင်းသဘောထားပေးပြီး ဝင်ရောက်ကြလိမ့်မယ်လို့ ကောက်ချက်ချရမလို ဖြစ်နေပါတယ်။

လက်ရှိမှာ ပြည်မက မြန်မာပြည်သူလူထုနဲ့ ပြည်ပက တက်ကြွစွာ အားပေးထောက်ခံကူညီမှုတွေပြုနေတဲ့ မြန်မာလူမျိုးစုံအတွက်ကတော့ မြို့ပြတွေမှာ ကြားကာလလုံခြုံရေးတွေကို အကောင်းဆုံး ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ထူထောင်ကြဖို့က လက်ရှိအရေးပေါ် လက်တွေ့ကျတဲ့ ခြေလှမ်းဖြစ်နေပြီး ကျေးလက်တွေကနေ ဝန်းရံကြဖို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ချင်းစီအလိုက်ရဲ့ သီးခြားအဆုံးအဖြတ်အဖြစ် မျော်လင့်ထားဖို့ပဲ ဖြစ်ပါတယ်။

#MoeMaKaMedia
#WhatsHappeningInMyanmar