Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - စံ ညိမ်း ဦး


မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဧပြီ ၂၃၊ ၂၀၂၁
-
နွေဦးအရေးတော်ပုံ

သစ်သားက မီးနဲ့တွေ့ရင် ပြာဖြစ်တယ်
သံက မီးနဲ့တွေ့ရင် သံမဏိဖြစ်တယ်
ဒီလိုပဲ ကျက်ခဲ့ရပါတယ်

စစ်ပင်ကြီးက ကိုင်းလို့ စစ်ကိုင်းမြို့လိုဆိုကြရင်
စစ်ပင်ကြီးကိုခုတ်လို့ စစ်ခုတ်မြို့ဆိုတာလည်း
တည်ကြရပါမယ်

ဒီ ဒိုင်ယာရီ
အသည်းက မှင်မလိုက်လို့
လက်ဖျံရိုးနဲ့ပဲ ရေးခဲ့ရပါတယ်။ ။


မတ် ၁၄၊ ၂၀၂၁
.....

ဂျန်းဇီ ဂုဏ်ရောင်


တော်လှန်ပြောင်းစစ်
​ဆိုးမြစ်လှန်မည်
ဖူးပုရစ်မို့ အနှစ်ပါသကို။

သောင်းသောင်းညံညံ
မိုးထက်ပျံညီ
နွေဦး စိတ်ဓာတ်လန်းပါသကို။

ခေါင်း ရင် ပေါက်လည်း
ပြည်မပျောက်ဖို့
စွန့်စိတ်ခန္ဓာ ဇာနည်ပျို။

ဖိကြွ ထိချ
မြတ်သတ္တိက
ပြည်အရေးမို့ မမှုလို။

ခွပ်လက်ချိုးလည်း
ထိုးဆိတ်တိုးမည်
ခွပ်လမ်းဘယ်ခါ မသွေလို။

တိုက်ဇွဲတိုက်မာန်
အောင်စိတ်လျှံသည်
အောင်ပွဲဆက်ဆက် ခံမည်ကို။

ငါ့မှာ
ဦးခိုက်ရှိခိုး ပူဇော်လို။



၂၀၂၁ မတ် ၁၃
.....

ကျန်းမာကြပါစေ

တဆစ်ဆစ်နဲ့ မခံနိုင်လို့
ဒီ ခေါင်းကိုက်ပျောက်ဆေးကို
သောက်မယ်လုပ်ပြီးမှ ငါ သတိရ။
ကိုယ့်ထက်
ခေါင်း ပိုကိုက်နေတဲ့ တိုင်းပြည်အတွက်
တခြမ်းဖဲ့ပြီး ချန်ထားပေးခဲ့လိုက်ပါတယ်။

၂၈၁၂၁

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar