ညိုထက်ညို - အာကာသ ရဲ့ ဘုရင်မ
အင်္ဂါဂြိုလ်လေ့လာရေးသမိုင်းတွင် အင်္ဂါဂြိုလ်ပေါ်၌ ပထမဆုံးပျံသန်းနိုင်သည့် Ingenuity ရဟတ်ယာဉ်ကိုဦးဆောင် တီထွင်သူဒေါ်မီမီအောင်
အာကာသ ရဲ့ ဘုရင်မ
ညိုထက်ညို
(မိုးမခ) ဧပြီ ၂၃၊ ၂၀၂၁
ပြောရမည်ဆိုလျှင် ထိုနေ့မှာ အခြားအခြားသောတနင်္လာနေ့ များနှင့် ဘာမှကွာခြားမှုမရှိသည့် သာမန် တနင်္လာ နေ့ တစ်နေ့သာ ဖြစ်ပါသည်။ သို့သော် နာဆာ ဟု လူအများက သိကြသည့် အမေရိကန် ပြည်ထောင်စုရှိ ‘အမျိုးသား လေကြောင်း နှင့် အာကာသ အေဂျင်စီ’ ၏ လက်အောက်ရှိ အဆောက်အဦကြီး တစ်ခု၏ ခန်းမကျယ်ကြီး တစ်ခုထဲတွင်မူ ဂငယ်ပုံ ခင်းကျင်းထားသည့် စားပွဲရှည်ကြီး နောက်မှ လိမ္မော်ရောင် ဆင်တူ စပို့ရှပ်များ ဝတ်ဆင်ထားကြသည့် လူများ က သူတို့ ရှေ့မှ ကွန်ပြူတာ ဖန်သားပြင်များ ကို စိတ်အားထက်သန်စွာ စူးစိုက်ကြည့်ရှုရင်း စားပွဲထိပ်မှ လူတစ်ယောက်၏ ကြေညာသံ ကို စိတ်အားထက်သန်စွာ နားစွင့်နေကြပါသည်။ ထိုအထဲမှ တစ်ယောက်မှာ မျက်နှာပေါ်တွင် mask တပ်ထားသည့် ကျောပေါ်သို့ ဝဲကျနေသော အညိုရောင် ဆံနွယ်များ၏ ပိုင်ရှင် အသက်ငါးဆယ်ကျော် အရွယ်ရှိ ဒေါ်မီမီအောင် ဖြစ်ပါသည်။
ထိုအချိန်မှာပင် သူတို့ ထိုင်နေရာ နှင့် မိုင်ပေါင်း သန်း တစ်ရာ့လေးဆယ်ကျော် ကွာဝေးသည့် မျက်နှာပြင်ကို ဖုံးလွှမ်းနေသော သံအောက်ဆိုက် များကြောင့် ဂြိၤုဟ်နီကြီး ဟု လူသိများသည့် အင်္ဂါဂြိုဟ် ၏ နီကြင့်ကြင့် မျက်နှာပြင် တစ်နေရာပေါ်တွင် ဒလက်အချင်း လေးပေ ခန့် ရှိပြီး လေးပေါင်သာသာ ခန့်သာ လေးသည့် ရဟတ်ယာဉ်ကလေး တစ်စင်း ရပ်တန့်လျက် ရှိပါသည်။ လူသားတို့၏ အာကာသဆိုင်ရာ ပေါက်မြောက်အောင်မြင်မှု သမိုင်းသစ် ကို ရေးထိုးတော့မည့် ထို ရဟတ်ယာဉ် ကလေး ၏ အမည်မှာ ‘Ingenuity’ ဖြစ်ပါသည်။
ထိုစဉ်မှာပင် ခန်းမကြီးထဲရှိ စားပွဲထိပ်တွင် ထိုင်နေသူထံမှ“Ingenuity is reporting having performed spin up, takeoff, climb, hover, descent, landing, touchdown, and spin down”ဟူသော ကြေညာသံ ထွက်ပေါ်လာပါသည်။ တစ်ဆက်တည်းဆိုသလို ကမ္ဘာဂြိုဟ် မှ အပဖြစ်သော အခြား ဂြိုဟ်တစ်ခုပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ယာဉ်ပျံတစ်စင်း ပျံသန်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ထိုင်နေသူက mask တပ်ထားသည့်ကြားမှ ဖုံးကွယ်၍ မရသော အပြုံးဖြင့် ကြေညာလိုက်ပါသည်။ ထိုအချိန်မှာပင် ခန်းမထဲတွင် ထိုင်နေသူ အားလုံးထံမှ ဝမ်းသာအားရ အချင်းချင်း ကောင်းချီးပေးနေကြသံ တွေက လျှံထွက်လာပါသည်။ အားလုံးထဲတွင် ဝမ်းအသာဆုံး ဖြစ်နေပုံ ရသူမှာ ၂၀၁၅ ခုနှစ်ကတည်းက ယခု အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်တွင် ရဟတ်ယာဉ်ကလေး အောင်မြင်စွာ ပျံသန်း နိုင်စေရန် ပရောဂျက် မန်နေဂျာ နှင့် ဦးစီးဦးဆောင် အင်ဂျင်နီယာ တစ်ယောက် အဖြစ် အခက်အခဲ အမျိုးမျိုးကို ဖြတ်ကျော်ပြီး အားထုတ်ခဲ့ရသည့် ဒေါ်မီမီအောင် ဖြစ်ပုံရပါသည်။ ထိုအချိန်မှာပင် ခန်းမကြီး ထဲရှိ စားပွဲရှည်ကြီး နှင့် မျက်နှာချင်းဆိုင် ဖန်သားပြင်ကြီး ပေါ်တွင် အင်္ဂါဂြိုဟ် ပေါ်တွင် Ingenuity ရဟတ်ယာဉ်ကလေး ပျံသန်းပုံကို ပြသသည့် မြင်ကွင်း ပေါ်လာပါသည်။ ရဟတ်ယာဉ်ကလေး က ရပ်တန့်ထားရာမှ ဒလက်များ ရုတ်ခြည်း လည်လာပြီး ဆယ်ပေခန့် အမြင့်သို့ ဒေါင်လိုက် ပျံတက်သွားပါသည်။ ထို့နောက် ထိုအမြင့်ပေတွင် ရပ်တန့် ပျံသန်း နေပါသည်။ ထို့နောက် ကိုးဆယ် ဒီဂရီ ခန့် လှည့်ပြောင်း၍ စီစဉ်ထားသည့် အတိုင်း မြေပြင်သို့ ဖြည်းညင်းစွာ ပြန်လည် ဆင်းသက်သွားပါသည်။ ဖြစ်စဉ်တစ်ခုလုံး ၏ ကြာမြင့်ချိန်မှာ စက္ကန့်လေးဆယ် သာ သာ ခန့်သာ ဖြစ်ပါသည်။ သို့သော် ထို စက္ကန့်လေးဆယ်စာ ပျံသန်းမှုကလေး အတွက် လွန်ခဲ့သော ရာစုနှစ် ၏ အစက အမေရိကန် ပြည်ထောင်စု တွင်ပင် နောင်တွင် ကမ္ဘာကျော်လာမည့် ရိုက်ညီနောင် က သူတို့၏ ကမ္ဘာ့ပထမဆုံး လေယာဉ်ကလေး ကို စတင် ပျံသန်းသည့် အချိန်မှ တွက်စစ်လျှင် နှစ်ပေါင်း ၁၁၇နှစ် တိုင်တိုင် အချိန်ယူခဲ့ရပါသည်။ မှတ်မှတ်ရရ အနေဖြင့် နာဆာ က ရဟတ်ယာဉ် ပျံသန်းမှု ကို ‘ရိုက်ညီနောင် အခိုက်အတန့်’ ဟု အမည်ပေးခဲ့ ပါသည်။ စင်စစ် ရဟတ်ယာဉ်ကလေး တွင် လွန်ခဲ့သော ၁၁၇ နှစ် ရိုက်ညီနောင် စမ်းသပ်ပျံသန်းခဲ့သော လေယာဉ်တောင်ပံ မှ အဝတ်စကလေး တစ်စ ကို တွဲလျက် ချည်နှောင်ပေးလိုက်ပြီး ဖြစ်ပါသည်။
တကယ်က အင်္ဂါဂြိုဟ် မျက်နှာပြင် ပေါ်တွင် ပျံသန်းဖို့ ဆိုသည်မှာ အလွန် ခက်ခဲသော ကိစ္စတစ်ခုအဖြစ် သတ်မှတ်နိုင်ပါသည်။ အင်္ဂါဂြိုဟ် ၏ လေထုသိပ်သည်းဆ မှာ ကမ္ဘာ့လေထု ၏ အပုံတစ်ရာပုံ တစ်ပုံ မျှသာ ရှိပါသည်။ ထိုကဲ့သို့သော အခြေအနေတွင် ပျံသန်းဖို့ ဆိုသည်မှာ ကမ္ဘာ့အနေနှင့် တွက်ကြည့်လျှင် မြေပြင်မှ အမြင့်ပေ တစ်သိန်း တွင် ပျံသန်းရသကဲ့သို့ ရှိနေမည် ဖြစ်ပြီး ယခုအထိ ကမ္ဘာပေါ်မှ ရဟတ်ယာဉ်များ အမြင့်ဆုံး ပျံသန်းနိုင်ခဲ့သည်မှာ ပေလေးသောင်းကျော်ကျော် တွင်သာ ဖြစ်ပါသည်။
လိုအပ်ချက်မှာ နှစ်ခု ဖြစ်ပါသည်။ ကမ္ဘာမြေ၏ အပုံတစ်ရာ ပုံ လျှင် တစ်ပုံ မျှသာ ရှိသော အလွန် ပါးလွှာသည့် အင်္ဂါဂြိုဟ် ၏ လေထုထဲတွင် ပျံသန်းရန်မှာ ပျံသန်းမည့် ရဟတ်ယာဉ် ၏ တောင်ပံလည်ပတ်နှုန်း အလွန်တရာ မြန်ဆန်ရပါမည်။ ထို့အပြင် ရဟတ်ယာဉ်၏ အလေးချိန်မှာလည်း လေးပေါင်သာသာ ခန့်သာ ရှိရပါမည်။
ထို အခြေခံ လိုအပ်ချက်နှစ်ခု နှင့်တကွ အလွန် ကြမ်းတမ်းခက်တရော် သော အင်္ဂါဂြိုဟ် ၏ ဝန်းကျင် မျက်နှာပြင် တွင် ပျံသန်းနိုင်ရန် အာကာသယာဉ် များ၏ စံချိန်စံညွှန်း များ နှင့်အညီ Ingenuity ရဟတ်ယာဉ်ကလေး ကို ဖန်တီးခဲ့ရပါသည်။ ဖန်တီးမှု ဖြစ်စဉ် တစ်ခုလုံးတွင် တွေ့ခဲ့ရသော အခက်အခဲ များကို အပထား၍ ကုန်ကျစရိတ် အနေနှင့်ပင် ဒေါ်လာ ၈၅သန်း အကုန်အကျခံ ခဲ့ရပါသည်။ ဖြစ်စဉ် အစအဆုံး အတွက် ကြီးကြပ်သူ မှာ ဒေါ်မီမီအောင် ဖြစ်ပါသည်။
………………………….. ………………………… ………………………
နောင်တွင် ‘အာကာသ ၏ ဘုရင်မများ’ ဟု တင်စားခေါ်ဝေါ် ခံရသည့် အမျိုးသမီးများ အနက်မှ တစ်ယောက် ဖြစ်လာမည့် ဒေါ်မီမီအောင် ကို ၁၉၆၈ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု သို့ ဒေါက်တာဘွဲ့ ရယူရန် ရောက်ရှိနေသော မြန်မာမိဘ နှစ်ပါး မှ အီလီနွိက် ပြည်နယ် တွင် မွေးဖွားခဲ့ပါသည်။ မိခင်ဖြစ်သူမှာ မြန်မာနိုင်ငံ ၏ ပထမဆုံး သင်္ချာ ပါရဂူ ဘွဲ့ ရသူ တစ်ယောက် ဖြစ်ပြီး ဒေါ်မီမီအောင် နှစ်နှစ်သမီး အရွယ် လောက်တွင် မိဘများ နှင့်အတူ မြန်မာနိုင်ငံ သို့ ပြန်ရောက်ခဲ့ပါသည်။ ဗြိတိန်နိုင်ငံ တွင် အထက်တန်း ပညာ သင်ကြားနေစဉ် တွင်ပင် အာကာသ သိပ္ပံ ပညာ ကို သူ စတင် စိတ်ဝင်စားခဲ့ပြီး ၁၆နှစ် သမီး အရွယ် တွင် ပညာဆက်လက် သင်ကြားရန် အမေရိကန် ပြည်ထောင်စု သို့ သူ ပြန်လာခဲ့ပါသည်။ အီလက်ထရောနစ် အင်ဂျင်နီယာ ဘာသာရပ် ကို အီလီနွိက် တက္ကသိုလ် တွင် ဆက်လက် သင်ယူခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ဘွဲ့လွန် ရခဲ့ပါသည်။
ထို့နောက် JPL ဟု အတိုကောက် ခေါ်ကြသည့် Jet Propulsion Laboratary တွင် သူ အလုပ် စဝင်ခဲ့ပြီး အာကာသ ပျံသန်းမှု ဆိုင်ရာ သုတေသန အမျိုးမျိုး နှင့် နည်းစနစ်ပိုင်း ဆိုင်ရာ နယ်ပယ် အသွယ်သွယ် တွင် သူ ဝင်ရောက် လုပ်ကိုင်ခဲ့ပါသည်။ ထို့နောက် အစီအစဉ် အတွက် ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်း ခံရသည့် ၂၀၁၁ ခုနှစ် တိုင်အောင် နေစကြဝဠာ ပြင်ပ တွင် ရှိသော ဂြိုဟ် များကို ရှာဖွေ လေ့လာ စူးစမ်း မည့် အစီအစဉ် တွင် မန်နေဂျာ တစ်ယောက် အဖြစ် သူ ပါဝင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် တွင်မူ ယခု အင်္ဂါဂြိုဟ် ပေါ်တွင် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့သည့် ရဟတ်ယာဉ် တည်ဆောက်ရေး အစီအစဉ် တစ်ခုလုံး ၏ ကြီးကြပ်စီစဉ်သူ အဖြစ် သူ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် သူသည် ‘Spaceflight’ အမည်ရှိသော လစဉ်ထုတ် အာကာသ ပညာရပ်ဆိုင်ရာ မဂဇင်း တွင် ပုံမှန်ရေးသား နေသူ တစ်ဦးလည်း ဖြစ်ပါသည်။ ထိုသို့ ဆယ်စုနှစ် သုံးခုစာ လောက် အာကာသ နယ်ပယ် ထဲတွင် လှုပ်ရှားရုန်းကန် ပြီးသောအခါ ဒေါ်မီမီအောင် ကို ကမ္ဘာ့ထိပ်တန်း အမျိုးသမီး တစ်ရာ စာရင်းထဲတွင် တွေ့ရှိရပါသည်။ ထို့ပြင် သူ့လို အာကာသ ပညာဆိုင်ရာ ထူးချွန်သူ အမျိုးသမီး များ နှင့် ယှဉ်တွဲ၍ အာကာသဘုရင်မ တစ်ဦး အဖြစ်လည်း တင်စားဂုဏ်ပြုခံခဲ့ရပါသည်။
…………………………. ……………………….. …………………………..
ထိုသို့ ဒေါ်မီမီအောင် အနေဖြင့် ကမ္ဘာ့လူသား များ၏ အာကာသ ဆိုင်ရာ စူးစမ်းရှာဖွေမှု သမိုင်းတွင် မှတ်တိုင်သစ် ကို အောင်အောင်မြင်မြင် စိုက်ထူနိုင်လိုက် ချိန်တွင်ပင် သူ့ မိခင်နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ တွင် ဒေါ်မီမီအောင် ၏ ဘဝ နှင့်တကွ ပတ်ဝန်းကျင် နှင့်ပါ အလွန် ကွဲပြားခြားနား လှသော အဖြစ်အပျက် များ ဒလစပ် ဖြစ်ပွားနေပါသည်။ အမေရိကန် ပြည်ထောင်စု တွင် ဆက်လက် ပညာသင်ကြားရန် ဒေါ်မီမီအောင် ထွက်ခွာလာခဲ့သည့် အရွယ် ဖြစ်သော ဆယ်ကျော်သက် လူငယ်လူရွယ် ကလေး များသည် လမ်းမများ ပေါ်တွင် ရက်စက်စွာ သတ်ဖြတ်ခံနေကြရ ပါသည်။ လူထုထောက်ခံမှု ကို အပြည့်အဝ ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ အခြား နိုင်ငံရေး လုပ်ဖော်ကိုင်ဘက် များသည် နိုင်ငံတော်အာဏာ ကို တစ်စိတ်တစ်ပိုင်း ရယူထားရာမှ အလုံးစုံ ပြန်လည် ရယူလိုက်သော မြန်မာ့တပ်မတော် ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ကို ခံနေရပါသည်။ ရရှိထားသော ထင်ရှားရှင်းလင်းသည့် သက်သေ အထောက်အထား များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက စတင် ဖြစ်ပွားခဲ့သော ‘နွေဦးတော်လှန်ရေး’ အတွင်း အနည်းဆုံး လူပေါင်း ခုနစ်ရာကျော်ခန့် သေဆုံးခဲ့ရပြီး ဖြစ်ကာ လူသုံးထောင် ဝန်းကျင် ခန့်မှာလည်း အဖမ်းခံနေရ ပါသည်။ တပ်မတော် နှင့်တကွ လုံခြုံရေးတပ်ဖွဲ့ဝင် များ ၏ ရက်စက်ကြမ်းကြုတ်သော နှိမ်နင်းမှု များ နှင့်အတူ အခြား ပြည်သူလူထု ၏ အထွေထွေ ပိုင်ဆိုင်မှုများ ကို လုယက်ယူငင်ခြင်း နှင့်တကွ ဖျက်ဆီးခြင်း များမှာလည်း နေ့ခင်းကြောင်တောင် လမ်းမများ ပေါ်တွင်ပင် ပေါ်ပေါ်ထင်ထင် ဖြစ်ပွားလျက် ရှိပါသည်။ ဤ အဖြစ်အပျက် များ၏ နောက်ကွယ်တွင် ကမ္ဘာ့ကပ်ရောဂါ ဖြစ်သော ကိုဗစ် ကူးစက်မြန် တုပ်ကွေးရောဂါ ကလည်း ဆက်လက် ဖြစ်ပွားနေပြန် ပါသည်။
မြန်မာနိုင်ငံ တဝန်းလုံး တွင် အစိုးရ ယန္တယား မှာ ရပ်တန့်လုမတတ် ဖြစ်နေပါသည်။ အစိုးရ ရုံးဌာန များ အားလုံး နီးပါး လုပ်ငန်းဆောင်တာများ အပြည့်အဝ မလည်ပတ်နိုင်ဘဲ ရပ်တန့်နေပါသည်။ ဆေးရုံတွေ ပိတ်ထားရပါသည်။ ဘဏ်တွေက အလွန် နည်းပါးသော လူဦးရေ အရေအတွက် အကန့်အသတ် ကိုသာ အလွန် နည်းပါးသည့် ငွေပမာဏ အပတ်စဉ် ထုတ်ပေးနေပါသည်။ တိုင်းပြည်၏ ငွေကြေးစီးဆင်းမှု မှာ ရပ်တန့်လုခမန်း ဖြစ်နေပြီး မြန်မာငွေ တန်ဖိုးမှာလည်း ၂၀ရာခိုင်နှုန်း ခန့် ရုတ်ခြည်း ကျဆင်းသွားပါသည်။ ဖြစ်ပွားနေသော အခြေအနေ အရပ်ရပ် မှာ အလွန် ဆိုးရွား လွန်းသောကြောင့် မြန်မာနိုင်ငံတွင် အခြေစိုက်နေကြသည့် နိုင်ငံတကာ သံရုံး အားလုံး လိုလို ကပင် မြန်မာနိုင်ငံ တွင် ရောက်ရှိနေသော သက်ဆိုင်ရာ နိုင်ငံသား များအား မြန်မာနိုင်ငံ မှ ထွက်ခွာကြပါရန် သတိပေး နှိုးဆော်ခဲ့ပြီး ဖြစ်ပါသည်။ ဤကဲ့သို့သော အခင်းအကျင်း နောက်ခံတွင် မြန်မာနိုင်ငံသည် ပေါက်ကွဲလုဆဲဆဲ အနေအထား တွင် ရှိနေပြီ ဖြစ်ကြောင်း ကုလသမဂ နှင့်တကွ နိုင်ငံတကာ ကပါ ထုတ်ဖော်သတိပေး ခဲ့ကြပြီး ဖြစ်ပါသည်။
ဤကဲ့သို့သော အနေအထား တွင် အလွန် ဂုဏ်ယူစရာ ကောင်းသည့် မြန်မာလူမျိုး တစ်ဦး ၏ ကမ္ဘာ နှင့်ပါ ချီသည့် အောင်မြင်မှု သည် မြန်မာ ပြည်သူလူထု ၏ သတင်းမျက်နှာစာ တွင် ပေါ်လွင် သင့်သလောက် မပေါ်လွင်ဘဲ သတင်း အပိုင်းအစ ငယ်ကလေး တစ်ခု အနေဖြင့်သာ အခြေခံ မိုဘိုင်းဖုန်း အင်တာနက် ဆက်သွယ်ရေး ကို အစိုးရ က ပိတ်ဆို့ထားသောကြောင့် အစိတ်အပိုင်း အားဖြင့် မကြီးမားလှသည့် မြန်မာလူထု အချို့တဝက် အကန့်အသတ် နှင့် အသုံးပြုနေကြသည့် Facebook စာမျက်နှာ များပေါ်တွင် ပေါ်လာခဲ့ပါသည်။
အမှန်စင်စစ် နိုင်ငံရေး၊ စီးပွားရေး မှ အစပြု၍ အစစအရာရာ တွင် အောက်တန်းနောက်တန်း ကျနေမှု ကြောင့် ကမ္ဘာ့နိုင်ငံများ အလယ် တွင် သိမ်ငယ်နေကြ ရရှာသည့် မြန်မာနိုင်ငံသား များ အတွက် မြန်မာလူမျိုး တစ်ဦး ဖြစ်သူ ဒေါ်မီမီအောင် ၏ စွမ်းဆောင်အောင်မြင်မှု သည် အားဆေးတစ်ခွက် ဖြစ်ဖို့ ရှိပါသည်။ သို့သော် ကြုံတွေ့နေရသည့် သေရေးရှင်ရေး အခြေအနေ များကြောင့် ဒေါ်မီမီအောင် ကို သတိမူမိဖို့ မဖြစ်နိုင်လောက်သည့် အခြေအနေ များနှင့် မြန်မာနိုင်ငံသားများ ရင်ဆိုင်နေကြရပါသည်။
သို့သော် အခြားတစ်ဖက် မှ ကြည့်လျှင်မူ အာကာသ စူးစမ်းလေ့လာမှု ပညာ ကဲ့သို့ အကန့်အသတ် အလွန်ကြီးမား၍ ကမ္ဘာ့ထိပ်တန်း နိုင်ငံ များတွင်သာ ရှင်သန်နိုင်သော ပညာ မျိုးတွင် မည်သည့်လူမျိုးက စွမ်းဆောင်နိုင်သည်မှာ အရေးမကြီးလှဘဲ လူသားထု တစ်ရပ်လုံး အနေဖြင့် စွမ်းဆောင်နိုင်မှု ဟုသာ သဘောထားရဖို့က ပို၍ ယထာဘူတကျ ပါသည်။ မိမိနိုင်ငံ ၏ အကျိုးစီးပွား သည် ဦးစားပေး အနေဖြင့် ရှိနေမည် ဖြစ်သော်လည်း ရရှိလာသော အသီးအပွင့် တို့သည် အားလုံးအတွက် မျှဝေခံစားစရာ ဖြစ်လာမည် ဖြစ်ပါသည်။ ယခုလက်ရှိ အာကာသ ပညာ တွင် ထိပ်တန်းသို့ ရောက်နေသော နာဆာ ၏ လက်စွဲဆောင်ပုဒ် ကိုယ်နှိုက်က ‘အားလုံး၏ အကျိုးအတွက်’ ဟူ၍ ဖြစ်ပါသည်။
ထို ရှုထောင့်မှ ကြည့်လိုက်သောအခါ နောင်အခါ အာကာသ ဘုရင်မ ဖြစ်လာမည့် ဒေါ်မီမီအောင် ကလေးများ စာသင်ခန်း အသီးသီး ၏ တံခါးဝ တွင် တန်းစီနေကြသည် ကို မြင်နိုင်လိမ့်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ အတွက် သက်သက် ဆိုရလျှင်မူ ထို စာသင်ခန်း ၏ တံခါးချပ်များ ကို ဒေါ်မီမီအောင် ရောက်ရှိနေထိုင် နေသည့် အမေရိကန် ပြည်ထောင်စု တွင် ကျင့်သုံးအောင်မြင် နေသော စနစ်မျိုး ကသာ တွန်းဖွင့်နိုင်ပါ လိမ့်မည်။
ညိုထက်ညို
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar