ကျော်မြင့်သစ် - နံနက်ခင်းပြတင်းပေါက်နှင့် ပြန်ဆုံခြင်း
ကျော်မြင့်သစ်
(မိုးမခ) ဧပြီ ၂၃၊ ၂၀၂၁
ဖေဖော်ဝါရီ ၁ ရက်နေ့ အရုဏ်ဦးမှာပင် မိုးလေဝဿသတိပေးကြေညာချက်တွေမကြားရဘဲ မုန်တိုင်းကြီးတစ်လုံး ဝင်ချလာခဲ့သည်။ တစ်ချိန်တည်းမှာပင် မီးတွေပျက်သွား၏။ အိမ်အမိုးတွေ အိမ်နံရံတွေ ကွာကျပြိုလဲသွားကြသည်။ ကျွန်တော်သည် ရုတ်တရက်ပစ်ချခံလိုက်ရသော အမှောင်ချောက်နက်ကြီးထဲ မလုံမခြုံ တောက်ခေါက်နေမိသည်။ ဖုန်းလိုင်းတွေမမိတော့။ အင်တာနက်လိုင်းတွေ ပျက်သွားသည်။ ရုပ်မြင်သံကြားတွေ ဖမ်းလို့မရ။ ဘာမှမမြင်ရ။ ဘာမှမကြားနိုင်။ အမှောင်သက်သက်။
မနက် ၈ နာရီလောက်မှာတော့ ကျွန်တော်ရေဒီယိုတစ်လုံး သွားဝယ်သည်။ ဆိုင်ရှင်က ဒီအချိန် ရေဒီယိုပဲအားကိုးလို့ ရမှာကွဟု ပြောရင်း သူ့ဆိုင်ဝန်ထမ်းလေးကို ရေဒီယိုထုတ်ပြရန် ပြောသည်။ ဒါပေမယ့် မကြာပါဘူးကွာဟုလည်း ပြောသည်။ သူတို့ဆိုင်ကို မနက်စောစောစီးစီး ရေဒီယိုလာဝယ်သူသည် ကျွန်တော်ပထမဆုံးမဟုတ်နိုင်ရာ။
ဝန်ထမ်းလူငယ်လေးက ရေဒီယိုတစ်လုံးထုတ်ပြီး ဓာတ်ခဲထည့်ကာ ဆိုင်ရှေ့ထွက်၍ လိုင်းဖမ်းသည်။ တရှဲရှဲတဂျစ်ဂျစ်နဲ့ ဆူညံသံတွေ ထွက်လာ၏။ သူက အင်တာနာတိုင်လေးကို ဆွဲထုတ် ပြီး လိုင်းဖမ်းဘီးလေးကို ဆက်လှည့်သည်။ စကားသံလိုလို သီချင်းသံလိုလို ထွက်လာသည်။ မိနစ် အနည်းငယ်ကြာသည်အထိ ပီပြင်ကြည်လင်သော လိုင်းတစ်ခုခုကို သူဖမ်းမရနိုင်သေး။ ကျွန်တော် စိတ်မရှည်နိုင်တော့။ ကျသင့်ငွေချေပြီး ရေ ဒီယိုယူကာ အိမ်ပြန်လာခဲ့သည်။
အိမ်ကို ပြန်ရောက်ရောက်ချင်း ကျွန်တော်ပထမဆုံး လုပ်မိသည့်အလုပ်မှာ ရေဒီယိုလိုင်းဖမ်း ရန် ကြိုးစားခြင်းပင်ဖြစ်သည်။ ရေဒီယိုလေးက အနက်ရောင်၊ ဓာတ်ခဲနှစ်လုံးဆွဲ။ တံဆိပ်က Kchibo တဲ့။ ကျွန်တော်တစ်ကြိမ်မှ မကြားဖူးသော နာမည်။ မိတ်အင်ဂျပန်လား၊ မိတ်အင်ကိုရီး ယားလား။ ပြဿနာမရှိပါ။ အရေးကြီးသည်မှာ ပီသကြည်လင်သည့် သတင်းချန်နယ်တစ်ခုခုဖမ်းမိရေးသာ ဖြစ်သည်။ ရေဒီယိုလေး၏အင်တာနာတိုင်လေးကို အဆုံးအထိ ဆွဲထုတ်လိုက်သည်။ ပြီးတော့ ပါဝါဖွင့်ပြီး လိုင်းဖမ်းသည့်ဘီးလေးကို လှည့်သည်။ တရှဲရှဲတဂျစ်ဂျစ်။ ကျွန်တော်ဆက်လှည့်သည်။ ရေဒီယိုလေး၏ အနေအထားကို လှည့်ပြောင်းပေးသည်။ တရုတ်စကားသံ တွေကို ကြားရသည်။ အိန္ဒိယလိုလို ထိုင်းလိုလို စကားသံတွေကိုကြားရသည်။ ဒါ ကျွန်တော်တို့နိုင်ငံ၏အရုဏ်ဦးမုန်တိုင်းသတင်းကို အရေးတကြီးသတင်းအဖြစ် ကြေညာနေကြတာလား။ တော်တော်ကြာတော့ သီချင်းတွေချည်း ဆက်တိုက်လွှင့်နေသည့် မြန်မာလိုင်းတစ်ခုကို သွားဖမ်းမိသည်။ သို့သော် သီချင်းတွေချည်း သက် သက်။ သီချင်းပြီး သီချင်း။ ဘယ်လိုင်းလဲဆိုတာ ကျွန်တော်မသိ။ သည်အချိန် ကျွန်တော်ကြားချင်နေသည်က ဂီတမဟုတ်။ သတင်း။ မုန်တိုင်းသတင်း။ ဘီဘီစီလို ဗွီအိုအေလို သတင်းချန်နယ်တစ်ခုခု။
တကယ်တော့ ရေဒီယိုနှင့်ကျွန်တော့်ကြား ဆက်ဆက်ဆံဆံမရှိတော့သည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီ။ ရေဒီယိုကို ကျွန်တော့်အတိတ်၏ ခပ်ဝေးဝေးတစ်နေရာမှာ မေ့ကျန်ရစ်ခဲ့သည်မှာ ကြာခဲ့ပြီ။ ကျွန်တော့်နေ့သစ်တွေကို ရေဒီယိုတစ်လုံးနှင့် ကန့်လန့်ကာဖွင့်ရလိမ့်မည်ဟု ယောင်ယမ်း၍ပင် မထင်ခဲ့။
တစ်ချိန်ကတော့ ရေဒီယိုတစ်လုံးသည် မိသားစုတစ်စုအတွက် အထူးအရေးပေးခံရသော မိ သားစုဝင်တစ်ဦး ဖြစ်ခဲ့ဖူးသည်ကတော့ သေချာခဲ့လေသည်။
ကျွန်တော်ရေဒီယိုကို စတင်သတိထားမိစဉ်က ကျွန်တော့်အသက် လေးနှစ်သားခန့်ကလား။ မသေချာပါ။ ကျွန်တော်တို့အိမ်၏ သံဆန်ကာတံခါးတွေ တပ်ဆင်ထားသည့် ကြောင်အိမ်ပေါ်မှာ ရေဒီယိုတစ်လုံး တင်ထားခဲ့ဖူးသည်ကို သေချာပြောနိုင်ပါသည်။ သစ်သားအိမ်ရေဒီယိုလေးတစ်လုံး။ မေမေက ပုံပြင်လာချိန်ဆိုလျှင် သေ ချာနားထောင်ရန် သတိပေးတတ်သည်။ တစ်ခါတုန်းက တံငါသည်တစ်ယောက် ငါးကြီးတစ်ကောင်ဖမ်းမိ၊ ငါးကြီးဗိုက်ကို ခွဲလိုက်တော့ ကလေးလေး တစ်ယောက်ကို တွေ့။ ရေဒီယိုထဲက ပုံပြင်ပြောသည့် အမျိုးသမီးအသံကို မေမေ့အသံဟုပဲ ထင်နေခဲ့ သည်။ နောက်တော့ အိမ်မှာ ရေဒီယိုမတွေ့ရတော့။ မေမေတို့ကို မေးကြည့်တော့ ပျက်သွား၍ ရေဒီ ယိုပြင်ဆရာဆီ သွားပို့ထားရကြောင်း အဖြေပြန်ရသည်။ ကျွန်တော်တို့ ရေဒီယိုကို စောင့်ခဲ့ကြသည်။ ကျွန်တော်တို့သည် နာမကျန်းဖြစ်သောကြောင့် ဆေးရုံတက်နေရသည့်မိသားစုဝင်တစ်ဦးဦးကိုစောင့် မျှော်ခဲ့ကြသလိုမျိုး ရေဒီယိုလေးကို စောင့်ခဲ့ကြသည်။ ရေဒီယိုလေး၏အိမ်ပြန်ချိန်ကို ကျွန်တော်တို့ နှစ်ချီ၍ စောင့်ခဲ့ကြပါသည်။
တစ်ညနေ ကျောင်းအဆင်းမှာ ကျွန်တော်တို့မောင်နှမနှစ်ယောက် ရေဒီယိုပြင်ဆရာ၏ အိမ် သို့ သွားကြသည်။ ရေဒီယိုပြင်ဆရာ၏ အိမ်ကလေးက ခြေတံရှည်ရှည်ကလေး။ လှေကား သုံးထစ်ခန့် တက်ရသည်။ မှောင်ကုပ်ကုပ်အိမ်ကလေးထဲရှိ မျက်မှောင်ကုပ်နေသည့် ရေဒီယိုပြင်ဆရာကြီး ဘေးမှာ ရေဒီယိုပေါင်းများစွာ ဝိုင်းလျက်။ ကျွန်တော့်ဘဝတွင် ရေဒီယိုများကို တစ်စုတစ်ဝေးတည်း ပထမဆုံးမြင်ဖူးခြင်းလည်း ဖြစ်ပါသည်။
ရေဒီယိုပြင်ဆရာကြီး၏ ခေါင်းလုံးသေးသေးလေးက ပြောင်နေသည်။ ရေဒီယိုဟောင်းတစ် လုံးကို ငုံ့ကိုင်းပြုပြင်နေရင်း ကျွန်တော်တို့မောင်နှမကို နှာခေါင်းရိုးပေါ် လျှောကျနေသည့် မျက်မှန် အောက်မှ မျက်လုံးတွေဖြင့် လှန်ကြည့်သည်။ ကျွန်တော်တို့က ကျွန်တော်တို့ ရေဒီယိုကို ပြင်နေတာ လားဟု မေးတော့ သူက ခပ်ဝေးဝေးတွင် အမှိုက်ပုံတစ်ခုလိုဖြစ်နေသည့် ရေဒီယိုတချို့ကို မေးဆက် ပြသည်။ မပြင်ရသေးဘူးဟု ပြောသည်။ ကျွန်တော်တို့၏ သစ်သားအိမ် ရေဒီယိုလေးက ပိုမိုဟောင်း နွမ်းနေသည်။ ထိုရေဒီယိုလေးသည် ကျွန်တော်တို့အိမ်သို့ ဘယ်သောအခါမှ ပြန်လည်ရောက်မလာ တော့ပေ။
ကျွန်တော် သုံးတန်းခန့်ရောက်သောအခါ ဖေဖေက ကတ်ဆက်တစ်လုံးဝယ်ပေးသည်။ ရေဒီ ယိုကတ်ဆက်လေး ဖြစ်၏။ ပင်နာဆိုးနစ် အနက်ရောင်လုံးရှည်ရှည် ကိုယ်ဟန်လေးနှင့်။ သို့သော် ရေဒီယို ဖွင့်ဖြစ်သည့်အချိန်ထက် ကတ်ဆက်ဖွင့်ချိန်က ပိုများသည်။ ကျွန်တော်တို့ကလည်း ကတ် ဆက်ကို ပိုကြိုက်သည်။ ရေဒီယိုဆိုသည်က သူ့အစီအစဉ်အတိုင်း ထုတ်လွှင့်နေခြင်းဖြစ်ပြီး ကတ် ဆက်ဆိုသည်က မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်သည်။ သည်လိုကွာခြားချက်တွေကြောင့်ပင် ကျွန်တော်တို့က ကတ်ဆက်ကို အသုံးများခြင်းဖြစ်၏။
သို့သော် နောက်ထပ်နှစ်ပေါင်းအတန်ကြာသောခါ ကျွန်တော်တို့က ရေဒီယိုလေးပဲ ဖွင့်ဖြစ်တော့တာကို သတိရနေမိသည်။ နောက်ထပ် နှစ်အနည်းငယ်ကြာသောအခါ ထိုရေဒီယိုကတ်ဆက်လေးသည် မိသားစုလော ကဓံမုန်တိုင်းထဲ လွင့်ပါသွားလေသည်။
ထိုအချိန်တွင် ကျွန်တော်တို့အိမ်မှာ တခြားရေဒီယိုလေးတစ်လုံး ရှိထားနှင့်၏။ ဖေဖေ့ညီ ကျွန် တော့်ဦးလေးက ရေဒီယိုဝါသနာရှင်။ ဦးလေးက ဖေဖေ့အတွက် နေရှင်နယ်ရေဒီယိုလေးတစ်လုံး ပေးထားသည်။ အညိုရောင် သားရေအိတ်လေးနှင့် သေသေသပ်သပ်ကလေး။ ဖေဖေလည်း သိပ်နား ထောင်ဖြစ်သည်ဟူ၍ မရှိ။ သို့သော် ဖေဖေ မရှိတော့သည့်နောက်၊ ရေဒီယိုကတ်ဆက်ကလေးကို လောကဓံယစ်ပလ္လင်မှာ စတေးပစ်ခဲ့ပြီးသည့်နောက် သည်နေရှင်နယ်ရေဒီယိုလေးသာ ကျွန်တော် တို့အိမ်ကလေးထဲ ချန်နေရစ်ခဲ့လေသည်။ ထိုအချိန်တွင် ကျွန်တော်က လူငယ်တစ်ယောက်အဖြစ် လမ်းမကြီးတွေပေါ်မှာ လမ်းလိုက်ရှာနေခဲ့ချေပေါ့။
အရင်ကလို မိမိကြိုက်သည့် သီချင်းကို ရွေးချယ်နားထောင်နိုင်သည့် ကတ်ဆက်မဟုတ်တော့။ သူ့အစီအစဉ်အတိုင်း သူ့အချိန်အတိုင်း ထုတ်လွှင့်သမျှကို စောင့်မျှော်နေရသည့် ရေဒီယိုတစ်လုံး။ ကျွန်တော့်ဘဝကလည်း ရေဒီယိုတစ်လုံးပင်။ ကံကြမ္မာ စီစဉ်တင်ဆက်သမျှကို ငေးမောစောင့်မျှော် နေရသလိုမျိုး။ ကျွန်တော်မှာ မိမိစိတ်ကြိုက်သီချင်းတွေ မရှိ။ သိုဝှက်သိမ်းဆည်းထားရသော အိပ် မက်တွေကို လိုက်ဆိုညည်းခွင့်မရှိ။ ရေဒီယိုလေးတစ်လုံး၏ဘေးနားမှ နောက်ထပ်ရေဒီယိုလေး တစ်လုံးမျှသာ။
သတင်း၊ ပုံပြင်၊ နိုင်ငံတကာသတင်း၊ ဇာတ်လမ်းပမာ၊ အမျိုးသမီးမဂ္ဂဇင်းအစီအစဉ်၊ ဆရာ ကြီး ဦးဂုဏ်ဘဏ်၏ မြန်မာ့အနုသဘင် …။ ရေဒီယိုလေးတစ်လုံးဘေးမှာ ကျွန်တော်တို့နားတွေကို ချိတ်ဆွဲထားခဲ့ရသည့် ညတွေသည် ကျွန်တော့်အတိတ်ဖိုင်တွဲထဲ၌ အမှန်တကယ် အသက်ရှူရှိုက်ခဲ့ဖူး ၏။
တိတ်ဆိတ်နေသော အချိန်များတွင် ရေဒီယိုတစ်လုံးသည် ရေဒီယိုတစ်လုံးထက် အဓိပ္ပါယ် ပို ရှိနေခဲ့သည်ကို ကျွန်တော်တွေ့ခဲ့ဖူးသည်။ ချောင်းတစ်ဖက်ကမ်း လယ်ကွင်းပြင်ကြီးထဲမှ ကျွန်တော့် ဦးလေး၏ လယ်စောင့်တဲကလေးထဲတွင် ရေဒီယိုတစ်လုံးသည် မိတ်ဆွေတစ်ယောက်လည်း ဖြစ်၊ ဆရာတစ်ယောက်လည်း ဖြစ်၊ ဂီတလည်း ဖြစ်၊ စာအုပ်လည်း ဖြစ်၊ ရေချမ်းစင်တစ်ခုလည်း ဖြစ်လေ သည်။
အင်တာနက် ဆက်သွယ်ရေးကွန်ယက်သည် ရေဒီယို၏ အခန်းကဏ္ဍကို မှိန်ဖျော့ပစ်လိုက်ပုံရသည်။ သို့မဟုတ် ပြောင်းလဲပစ်လိုက်ပုံရသည်။ ရေဒီယိုသည် ကျွန်တော်ငယ်ငယ်က အိမ်မှာ ရှိခဲ့ဖူး သည့် သစ်သားအိမ်လေးထဲ ထည့်ထားတာမျိုးလည်း မဟုတ်တော့။ ကတ်ဆက်နှင့် တွဲထားသည့် ရေဒီယိုကတ်ဆက်လည်း မဟုတ်တော့။ လက်ကိုင်ဖုန်းထဲမှ အပလီကေးရှင်းလေး တစ်ခုမျှသာ။ Play Store မှာ အလွယ်တကူ ဒေါင်းလုတ်ဆွဲနိုင်သည်။ လက်ဝါးခန့် လက်ကိုင်ဖုန်းလေးတစ်လုံးထဲ ရေဒီယိုတစ်ခုမက ထည့်သွင်းထားနိုင်လာသည်။
သည်လိုနှင့် အင်တာနာလေး ထုတ်၊ ဓာတ်ခဲလေးထည့်ပြီး ဖွင့်ရသည့် သမားရိုးကျ ရေဒီယို လေးတို့ကို ကျွန်တော် မေ့သလောက် ရှိလာသည်။ သည်အချိန်မှာပင်၊ သည်လို ဖေဖော်ဝါရီမှာပင် မုန်တိုင်းတစ်လုံး ဝင်ချလာလေ၏။ သည်အချိန်မှာပင် အတိတ်ကာလ၏ နှစ်နှစ်ဆယ်ကျော်လောက် အထိ နောက်ပြန်ရောက်သွားပြီး ရေဒီယိုလေးတစ်လုံးဘေးမှာ နောက်ထပ်ရေဒီယိုတစ်လုံးလို ကျွန် တော်ထိုင်နေရ၏။
ထိုနေ့က မနက် ၁၁ နာရီမထိုးခင် အင်တာနက် ပြန်ရသည်။ သို့သော် နောက် ၁၀ ရက်ခန့်ကြာ တော့ မနက် ၁ နာရီကနေ ၉ နာရီအထိ အင်တာနက် ဖြတ်တောက်ပြန်သည်။ တစ်ရက်လည်း မဟုတ်။ နှစ်ရက်လည်း မဟုတ်။ မနက်မိုးလင်းသည်နှင့် သတင်းဆာတတ်သော သတင်းခေတ်၏ သတင်းလူသားသည် ရေဒီယိုလေးနှင့် လက်ဆွဲနှုတ်ဆက်ရပြန်၏။
ရေဒီယိုချန်နယ်ကို ဗွီအိုအေမှာပဲ ချိန်ထားလိုက်သည်။ မနက်မိုးလင်းသည်နှင့် အိမ်နောက်ဖေး ငှက်ပျောပင်ရိပ်လေးမှာ ရေဒီယိုလေး၏ အင်တာနာတိုင်လေးကို နောက်ဆုံးအဆစ်ထိ ဆွဲထုတ် ထားလိုက်သည်။ တရှဲရှဲ တဂျစ်ဂျစ် အသံတွေကြားက သတင်းကြေညာသံတွေကို ကျွန်တော် နား ထောင်သည်။ တစ်ခါတလေ တဂျစ်ဂျစ် တရှဲရှဲအသံတွေကြားမှာပဲ သတင်းကြေညာသံတွေက နစ် မြုပ်သွားတတ်ပြီး မိနစ်တစ်ဝက်ခန့်ကြာမှ ပြန်ပေါ်လာတတ်သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့က အဓမ္မကျင့်ခံရေသော နိုင်ငံတော်၏ နောက်ဆက်တွဲ ဂယက်တွေ၊ သတင်းသုံးသပ်ချက်တွေ၊ ဆက်သွယ်မေးမြန်းမှုတွေ။ မြန်မာပိုင်းအစီအစဉ်တွေ ပြီးဆုံးသွားသည်အထိ ရေဒီယိုလေးကို ကျွန်တော် ဖွင့်ထားလိုက်သည်။
ယခုအချိန်မှာတော့ ရေဒီယိုလေးတစ်လုံးသည် ကျွန်တော့်မနက်ခင်းတွေ၏ ပြတင်းပေါက်တစ်ပေါက် ဖြစ်လာလေသည်။ ထိုပြတင်းပေါက်လေးသည် ကမ္ဘာကြီး၏ တစ်စိတ်တစ်ပိုင်းကို မြင်နိုင်လောက်အောင် ကျယ်ဝန်းလေ၏။ ဘယ်သူတွေ ဘယ်လောက်အမှောင်ချချ ရေဒီယိုလေးတစ်လုံး လောက်ရှိနေလျှင် ကျွန်တော်မျက်လုံးတွေကို ဘယ်အရာကမှ ကာဆီးမထားနိုင်ပါ။ ။
ကျော်မြင့်သစ်
( ၁၈၊ ၂၊ ၂၀၂၁ )
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar