Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၈ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၈ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၈၊ ၂၀၂၁

မြန်မာရိုးရာ သင်္ကနြ်ကျရောက်ဖို့ ၄/၅ ရက်သာကျန်ပေမယ့်လည်း ရန်ကုန်မြို့မှာ သင်္ကနြ်နဲ့ပတ်သက်တဲ့ အငွေ့အသက်တခုမျှ မတွေ့ရပါဘူး။ တခြားမြို့တွေလည်း အလားတူပဲလို့ ကြားသိရပါတယ်။ မနှစ်က သင်္ကနြ်ကာလကိုတော့ ကိုဗစ်ကူးစက်မှု အစပိုင်းကာလ ကန့်သတ်မှုနဲ့ မကျင်းပခဲ့ကြရသလို ဒီနှစ်မှာတော့ စစ်အာဏာသိမ်းမှုကြောင့် သေဆုံးသွားရတဲ့ ဆန္ဒပြသူ၊ ဘယ်သူဘယ်ဝါ မခွဲခြားပဲ လမ်းပေါ်ထွက်ရင် ပစ်တာ၊ နေအိမ်ထဲဝင်ပစ်တာမျိုးကြောင့် အသက်ဆုံးရှုံးသွားရတဲ့ အပြစ်မဲ့အရပ်သားတွေအတွက် ဝမ်းနည်းတဲ့အနေနဲ့ သင်္ကနြ်ကို မကျင်းပဖို့ နှိုးဆော်ထားကြတာပါ။

စစ်ကောင်စီကတော့ မတ်လလယ်လောက်ကတည်းက သင်္ကနြ်ကျင်းပဖို့ ညွှန်ကြား ပြင်ဆင်ထားကြပေမယ့် ခုဧပြီလထဲရောက်လာချိန်မှာ ဆုံးဖြတ်ချက်ပြောင်းသွားပြီး ဆောက်လက်စ မဏ္ဏပ်တွေကို ပြန်ဖျက်သိမ်းလိုက်တာ တွေ့ရပါတယ်။ အမှန်တကယ်တော့ ခုလို သတ်ဖြတ်၊ ရိုက်နှက်၊ မထင်ရင် မထင်သလို ပိုက်ဆံနဲ့ ပစ္စည်းတွေကိုပါလုယူနေကြချိန်မှာ သင်္ကနြ်အခါဆိုတဲ့ စိတ်နေစိတ်ထား ဘယ်လိုမှ ထားနိုင်ကြမယ်မထင်ပါဘူး။ သင်္ကနြ်ရေနဲ့ နှစ်ဟောင်းက အပြစ်တွေဆေးကြောကြမယ်ဆိုတဲ့ အစဉ်အလာရှိပေမယ့် ခုနှစ်မှာတော့ သင်္ကနြ်ကိုလည်း မကျင်းပနိုင်သလို စစ်ကောင်စီက ကျူးလွန်တဲ့ အပြစ်တွေက ကြီးလေးလွန်းတာကြောင့် ဆေးကြောနိုင်မှာမဟုတ်ပါဘူး။

ဒီနေ့ ရန်ကုန်မြို့ကို ကြည့်မယ်ဆိုရင် ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကဘဏ်တွေ၊ စစ်တပ်ပိုင် မြဝတီဘဏ်တွေရဲ့ ရှေ့ကားလမ်းမပေါ်မှာ ကားတန်းကြီးတွေ တန်းစီတယ်ဆိုရလောက်အောင် လူတွေတန်းစီကာ ငွေထုတ်ဖို့ လုပ်ဆောင်နေကြတာတွေ့ရပါတယ်။ ပြည်လမ်းမပေါ်မှာဆိုရင် ကန်လမ်းထိပ်က ဧရာဝတီဘဏ်၊ ဟံသာဝတီအဝိုင်းနားက ကေဘီဇက်ဘဏ်၊ မာလာမှတ်တိုင်နားက ကေဘီဇက်ဘဏ်တွေမှာ အရင်နေ့တွေလိုပဲ တန်းစီမြဲတန်းစီလျှက် ငွေထုတ်နေကြတာတွေ့ရပါတယ်။ ခုလို ငွေထုတ်ယူဖို့အခြေအနေပေးသူတွေ က ရန်ကုန်မှာ အများကြီးမရှိပါဘူး။ ဘဏ်မှာလည်း ငွေက စားဖို့သောက်ဖို့ထက် ပိုပိုသာသာ စုထားနိုင်သူတွေမို့လို့ ခုလိုကာလမှာ ကားနဲ့လာ တန်းစီပြီးထုတ်နေနိုင်တဲ့ သဘောပါ။ မြို့ဆင်ခြေဖုံးမှာ အလုပ်အကိုင် ရပ်နားခံလိိုက်ရလို့ စားဖို့မရှိသူတွေ ကြပ်တည်းသထက် ကြပ်တည်းလာသူတွေ က ဘဏ်အေတီအမ်မှာ ငွေထုတ်နေသူအရေအတွက်ထက် အပြတ်အသတ်သာလွန်နေမယ်ဆိုတာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိပါဘူး။ ငွေထုတ်ရတဲ့ ဒုက္ခလို့ ရေးပြနေချိန်မှာ အလုပ်အကိုင်ရပ်နားထားရတာကြောင့် လက်ထဲငွေပိုငွေလျှံမရှိတာကြောင့် ထုတ်စရာငွေ မရှိသူတွေကိုလည်း စာနာ ကူညီဖို့ လိုအပ်ပါလိမ့်မယ်။

ခုအရေးတော်ပုံမှာ စစ်အာဏာရှင်ကို တွန်းလှန်ကြသူအချင်းချင်း ကူညီ​ယိုင်းပင်းမှုက အရေးကြီးတယ်လို့ထင်ပါတယ်၊ အားကိုးစရာ တာဝန်ယူတဲ့ အစိုးရမရှိ၊ တာဝန်ခံတဲ့ အစိုးရမဟုတ်တော့တဲ့ ကာလမှာ လူအများအပြား ထမင်းစားဖို့ နေအိမ်လုံအောင် လုပ်ဖို့ ဆေးကုသမှု ခံယူဖို့ အခက်အခဲဖြစ်နေကြပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် ရိုက်ခတ်တဲ့ စီးပွားရေးဂယက်က ဘယ်လောက် ပြင်းထန်မလဲ ဘယ်လောက် ကြာရှည်မလဲဆိုတာ လောလောဆယ်မှာ ခန့်မှန်းရ ခက်နေမယ်လို့ ထင်ပါတယ်။ သို့သော် အဲဒီဂယက်ကိုလည်း ထည့်သွင်းစဉ်းစားထားကြပြီး ပြည်သူအချင်းချင်းကူညီခြင်းဖြင့် အသက်ဆက်ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်။ CRPH အနေနဲ့ လူအများစုရဲ့ စီးပွားရေးဆိုင်ရာ အခက်အခဲတွေ၊ စားဝတ်နေရေး ဖြေရှင်းမှုတွေ အတွက်လည်း ထည့်သွင်းစဉ်းစားကာ လူထုကို နှိုးဆော်ခြင်း ကူညီဖို့ လမ်းညွှန်မှုတွေ လိုအပ်မယ်လို့ ယူဆပါတယ်။

ဒီနေ့ရန်ကုန်မှာ ဘာတွေထူးခြားလဲလို့ဆိုရင် ရပ်ကွက်ရုံးတွေ မီးလောင်မှု ပိုစိပ်လာတာတွေ့ရခြင်း ပဲဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြောက်ဒဂုံမှာတင် ၃ ရုံးလောက် မီးလောင်မှုဖြစ်တာ ကြားသိရပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးကို စအခြေတည်နိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေစဉ်မှာ ရပ်ကွက်ရုံးတွေ တခုပြီးတခု မီးလောင်နေတာ ဖြစ်ပါတယ်။ အာဏာရဲ့ အောက်ဆုံး အုတ်မြစ်က ရပ်/ကျေးရုံးတွေဖြစ်လို့ စစ်ကောင်စီက ရပ်/ကျေး ရုံးဖွင့်နိုင်ရေး၊ အုပ်/မှူးခန့်အပ်နိုင်ရေးကို စိတ်စောပြီး လိုက်လုပ်နေတယ်လို့ မြင်မိပါတယ်။

ဒီနေ့ သတင်းတွေထဲမှာ ဖတ်ရှုရတာတခုက ထိုင်းနိုင်ငံက လွှင့်ထုတ်တဲ့ ပီအက်စ်အိုင်လို့ခေါ်တဲ့ ၂ ပေစလောင်းတွေကို မွန်ပြည်နယ်မှာ ၊ ဧရာဝတီတိုင်းမှာ လိုက်လံဖြုတ်သိမ်းနေတယ်ဆိုတဲ့ သတင်းတွေ ဓါတ်ပုံနဲ့တကွ တက်လာနေတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာအခြေစိုက်ပြီး မြန်မာနိုင်ငံဘက်ကို လည်း ထုတ်လွှင့်တဲ့ PSI ကုမ္ပဏီက ကြားသိရတာက ၎င်းတို့အနေနဲ့ မဇ္ဈိမရုပ်သံနဲ့ ဒီဗွီဘီရုပ်သံ ချယ်နယ်တိို့ကို ထပ်ဆင့်ထုတ်လွှင့်ပေးနရာက စစ်ကောင်စီက ပြည်တွင်းမှာ ပီအက်စ်အိုင် စလောင်းတွေကို လိုက်ဖြုတ်သိမ်းနေတယ်ဆိုတာ ကြားသိပြီးနောက် အဆိုပါသတင်းချယ်နယ် ၂ ခုကို ၂ ပေစလောင်းကနေ ဒီနေ့ပဲ ဖြုတ်ပေးလိုက်တယ်လို့ သိရှိရပါတယ်။ အခုလို ပီအက်စ်အိုင် ကုမ္ပဏီကိုယ်နှိုက်က ဖြုတ်ပေးလိုက်တာကြောင့်အင်တာနက်သာမရှိတဲ့ပြည်တွင်းက မိသားစုတွ မဇ္ဈိမနဲ့ ဒီဗွီဘီကို ကြည့်ဖို့ ခက်ခဲသွားမှာဖြစ်ပါတယ်။

စစ်ကောင်စီက ဖေ့စ်ဘွတ်ပေါ်မှာ ခုတော်လှန်ရေးကို ထောက်ခံသူတွေ၊ ထင်ရှားကျော်ကြားတဲ့ သူတွေကို နေ့စဉ်ရက်ဆက် ပုဒ်မ ၅၀၅ နဲ့အမှုဖွင့်ပြီး ဝရန်းထုတ်နေပါတယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီဟာ ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စ်ဘွတ်မှာ ဆန့်ကျင်ရေးသားသူတွေကို နေ့တိုင်းနေ့တိုင်း ဝရန်းကပ် ထုတ်ပြန်နေတာလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာဟာ ဆိုရှယ်မီဒီယာကြောင့်လို့ ထင်မြင်နေတဲ့ စစ်ကောင်စီရဲ့ ထင်မြင်ချက် ​၊ ယူဆချက်တွေဟာ မြားပစ်သူနောက် မလိုက်ပဲ မြားနောက်လိုက်တဲ့ ခွေးနဲ့ အလားသဏန်တူတယ်လို့ပဲ ဆိုချင်ပါတော့တယ်။

ဒီနေ့အတွက် နောက်သတင်းတပုဒ် ဖတ်ရှုသိရှိရတာကတော့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့က ဆန္ဒထုတ်ဖေါ်သူတွေက စစ်တပ်တွေ ဝင်မလာနိုင်အောင် မြို့က လမ်းမတွေကို တိုင်ကီတွေပိတ်ဆို့ထားပြီး တာယာဟောင်းတွေ မီးရှို့ထားကာ ခုခံကြပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေဘက်က အကျအဆုံးရှိသလို စစ်ကောင်စီဘက်ကလည်း အကျအဆုံးရှိတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားတာပါ။ စစ်ကောင်စီကို ဆန့်ကျင်မှု ခုခံဆန့်ကျင်မှုက မြို့ကြီးတွေကနေ မြို့ငယ်တွေ ထိပြန့်နှံ့သွားနေပါတယ်။ မြို့ကြီး တွေမှာ စစ်တပ်၊ လုံထိန်းအင်အားသုံး ရက်စက်စွာဖြိုခွဲခဲ့လို့ အသေအပျောက်များလာတဲ့နောက် ခုခံမှုတွေ နည်းသွားချိန်မှာ ခုလို နယ်မြို့တွေမှာ ခုခံမှုတွေ တခုပြီးတခု ဖြစ်ပေါ်လာနေတာဖြစ်ပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနီုင်နဲ့ RFA အင်တာဗျူးမှာ မင်းကိုနိုင်က CRPH ၏ အမျိုးသားညီညွတ်ရေးအစိုးရကြီးဆိုတာ လက်နက်ကိုင်တွေသာမက civil society နဲ့ အလွှာပေါင်းစုံ ထောင့်ပေါင်စုံက လူထုကိုးစား အားထားသူတွေ ပါဝင်တယ်လို့ ကြိုတင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရက်ပိုင်းအတွင်းကို ပေါ်လာတော့မယ်လို့လည်း ခန့်မှန်းပြပါတယ်။ ပြည်သူလူထုဟာ စစ်တပ်၏ ဖိနှီပ်မှုကို တွန်းလှန်နေရင်းကနေ စားဝတ်နေရေး အထွေထွေအကြပ်အတည်းကြီးကို ခါးစည်းသီးခံနေရတာကို မိမိသိရှိကြောင်းနဲ့ ဧပြီလမကုန်ခင်မှာ တဆင့်ပြီး တဆင့် ဖြေရှင်းသွားနီုင်မယ်လို့လည်း ပြောကြားလိုက်ပါတယ်။

စစ်အုပ်စု၏ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုများအပြင် သတင်းစီးဆင်းမှု ဖြတ်တောက်မှုများ တိုးပွားလာချိန်မှာ ပြည်သူလူထုတွေဘက်က အာဏာဖီဆန်မှုကို ထုတ်ဖော်ပြသတဲ့ပါဖောမင့်တွေကို ဇောင်းပိုပေးပြီး လုပ်ပြလာကြတယ် ဆိုနိုင်ပါတယ်။ လက်ခုတ်တီးခြင်း၊ အသံသပိတ်ထုတ်ဖော်ခြင်း၊ ပန်းစည်းများ၊ အနီရောင်ဆေး၊ ဂရပ်ဖတီ နရံဆေးရေးထုတ်ဖော်ခြင်း၊ ဓာတ်ပုံရိုက်ပြီး တင်ဆက်ခြင်း၊ အခုနောက်ဆုံး မီးမှောင်ချ ဖလက်ရှ်လိုက်ထွန်းညှိခြင်း စတာတွေ လုပ်ကြဖို့ လှုံ့ဆော်စည်းရုံးကြပါတယ်။ ပရင့်အောက်ထုတ် ကော်ပီပွားထားတဲ့ သတင်းလွှာတွေ ရိုက်နှိပ် ဖြန့်ချိခြင်းတွေလည်း နိုင်ငံအနှံ့အပြား လုပ်လာကြပါတယ်။ ဧည့်စာရင်းမတိုင်ခြင်းဖြင့် ဖီဆန်ခြင်း၊ စစ်အုပ်ချုပ်ရေးကို ဖီဆန်ခြင်း၊ စစ်အုပ်စုယန္တယားများ မလည်ပတ်နိုင်အောင် အဖျက်အမှောင့်မျိူးစုံ လုပ်ဆောင်ခြင်းတွေကြောင့် စစ်အုပ်စုအတွက် ဘယ်အလုပ်မှ လည်ပတ်လို့ မရအောင် ရပ်ဆိုင်းနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် မင်းကိုနိုင်က CDM က နိုင်သွားပြီဗျ။ မင်းအောင်လှိုင်ကို ရိုက်ချိုးလိုက်ပြီ။ ကျနော်တို့က ဒါကို ဆက်တောင့်ခံ ထိန်းသိမ်းထားဖို့ပဲ လိုတော့တယ်လို့ မှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။

ပုံ - ဧည့်စာရင်းတိုင်ရန် နိုးဆော်သည့် စမ်းချောင်းမြို့နယ် ကျွန်းတောမြောက်ရပ်ကွက်ရုံး ဧပြီ၃ ညဦးပိုင်းက မီးလောင်ခဲ့သည့် မြင်ကွင်း။
Join Us @ MoeMaKa Telegram
#MoeMaKaMedia
#WhatsHappeningInMyanmar