Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၉ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၉ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၉၊ ၂၀၂၁

စစ်အာဏာသိမ်းပြီး ၂ လနဲ့ ၉ ရက်မြောက်နေ့ ဝမ်းနည်းစရာ သတင်းက ပဲခူးမြို့ရဲ့ လူထုသေဆုံးမှု သတင်းပဲဖြစ်ပါတယ်။ တရက်ထည်းနဲ့ ဆန္ဒပြသူ စစ်ကောင်စီအကြမ်းဖက် တပ်သားတွေကို ခုခံသူ ၄၀ ကျော်သေဆုံးသွားတယ်ဆိုတဲ့ သတင်းက ကြားရသူတိုင်းကို စိတ်ထိခိုက်စေပါတယ်။ ပြည်တွင်းစစ် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ကြတာရှိပါလိမ့်မယ်။ ခုဟာက ပြည်တွင်းစစ်လို့ မခေါ်ဆိုနိုင်သော်လည်း အကျအဆုံး လူသေဆုံးမှုက ပြည်တွင်းစစ်သဖွယ် ဖြစ်နေပြီး မြို့ပေါ်ခုခံစစ်ကို လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့တိုက်ခိုက်ကြတဲ့သဖွယ် ချေမှုန်းတယ်လို့ပဲ ဆိုရမယ် ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်မှာ ခုလိုခုခံမှုတွေ ပေါ်လာတဲ့နောက် ဒီလိုခုခံမှုကို ဖြိုခွဲပုံ၊ အင်အား အလွန်အကျွံသုံး နှိမ်နှင်းပုံတွေက စစ်တပ်၊​ရဲ နဲ့ လူထုရဲ့ အကြားအမုန်းတရား နာကျည်းမှု ၊ ဆီနဲ့ရေလို့ စည်းခြားမှုတွေ ဖြစ်လာစေခဲ့ပြီလို့ ဆိုရပါမယ်။

ပဲခူးမြို့ဟာ ပုံမှန်အားဖြင့် နိုင်ငံရေးအရ ရှေ့တန်းထွက်ပြီး တိုက်ခိုက်လေ့ရှိတာမဟုတ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်ဆန္ဒပြမှုတွေကို ပစ်ခတ်ချေမှုန်းခဲ့တာ၊ မြို့လည်မှာ စတိုးဆိုင်တွေကို ဝင်ရောက်ဖျက်ဆီးတာမျိုးဖြစ်အောင် ပဥ္စမံနည်းတွေနဲ့ လုပ်ဆောင်ခဲ့တာတွေ ဖြစ်ပွားပြီးနောက် ခုခံမှု၊ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြမှု ခုခံမှုတွေ မြင့်တက်လာခဲ့တာ ြဖစ်ပါတယ်။

မြန်မာနိုင်ငံသားတွေ အခုတကြိမ်အဖြစ်အပျက်တွေ ထဲက လှိုင်သာယာ၊ တောင်ဒဂုံ၊ ပဲခူး၊ ကလေးမြို့ တမူးမြို့၊ မန္တလေး အောင်ပင်လယ်ရပ်ကွက် စတဲ့ နေရာတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကို နှစ်နဲ့ချီ မေ့ပျောက်နိုင်ကြမှာမဟုတ်ပါဘူး။ ဒီဒဏ်ရာဒဏ်ချက်တွေကို စစ်အာဏာရှင် ချုပ်ငြိမ်းရေး တွန်းလှန်မှုရဲ့ ဇွဲ၊ ရေရှည်တည်မြဲတဲ့ စိတ်ဓါတ်အဖြစ် ပြောင်းလဲကြဖို့လိုအပ်မယ်ထင်ပါတယ်။

ဒီနေ့အဖို့ နောက်သတင်းတခုကတော့ PSI စလောင်းသိမ်းဆည်းရေး အတွက် ရန်ကုန်မှာလည်း စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့နယ်အချို့မှာ ဒီနေ့ကစလို့ လိုက်လံကြေညာတာတွေ သိမ်းဆည်းတာတွေ လုပ်နေပြီလို့ဆိုပါတယ်။ ဒီဗွီဘီ၊ မဇ္စျိမ နဲ့ အခြား အင်္ဂလိပ်ဘာသာ နဲ့ သတင်းချယ်နယ်တွေ ကြည့်ရှုနိုင်တာကြောင့် အခုလို ပိတ်ဆို့ဖို့ အာဏာနဲ့ လိုက်လံခြိမ်းခြောက်နေတာဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်က လို စလောင်းတွေကို တရားမဝင်ကြေညာပြီး လာအပ်ခိုင်းတာတွေ ခုတကြိမ်လည်း လုပ်နေတဲ့သဘောပါ။ မနေ့က မင်းကိုနိုင်က ပြည်သူ့အစိုးရ ဖွဲ့စည်းပြီးနောက် ဖယ်ဒရယ်စစ်တပ်အပြင် ဖယ်ဒရယ်ရုပ်သံစတေရှင်တွေပါ ထုတ်လွှင့်လာမယ် စသည်ဖြင့် ပြောလိုက်ပြီးနောက်မှာ သတင်း မီဒီယာ ဆက်သွယ်ရေးကွန်ယက်တွေကို ဖြတ်တောက် ကန့်သတ်လာတာတွေ တိုးလာတယ် ဆိုရပါမယ်။ မင်းကိုနိုင်က ရက်ပိုင်းအတွင်း CRPH အစိုးရတရပ်ဖွဲ့စည်းပြီးတော့မယ်လို့လဲ ပြောထားပါတယ်။ လူငယ်တွေကို safe zone တွေဆီကိုလာရောက်ပြီး စစ်သင်တန်းတွေ ပြင်ဆင်မှုတွေ တက်ရောက်ကြဖို့ (သဘောမျိုး) ပြောကြားသွားပါတယ်။

ညနေပိုင်းမှာ ပဲခူးသွေးချောင်းစီးမှုသတင်းတွေအပြင် ပဲခူးက ၄ ဦးနဲ့ မြောက်ဥက္ကလာစစ်အုပ်ချုပ်ရေးကနေ ဖမ်းဆီးထားတဲ့ ပြည်သူ ၁၉ ဦးကို သေဒဏ်ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်တာကို ကြားရပြန်ပါတယ်။ စစ်ကောင်စီလက်ထက် မတရားဖမ်းဆီးခြင်း ပြစ်ဒဏ်များ ချမှတ်ခြင်း သေဒဏ်ပေးခြင်းအပြင် ဖမ်း၀ရမ်းထုတ်တာတွေအားလုံးဟာ တရားမဝင်ကြောင်း အဆိုပါ ဖမ်းဆီးခံများ ပြစ်ဒဏ်များအားလုံးကို ပယ်ဖျက်ကြောင်း ပျက်ပြယ်ကြောင်းကို ပြည်သူ့အစိုးရ ပြည်သူ့လွှတ်တော်ကော်မီတီကနေ တန်ပြန် ထုတ်ပြန်သင့်ပါတယ်။ CDM မလုပ်တဲ့ ဝန်ထမ်းတွေကို အပြစ်ရှိကြောင်း အရေးယူမည် ဖြစ်ကြောင်း CRPH က ကြေညာခဲ့သလို စစ်အစိုးရလက်ထက် မတရားအသင်း အကြမ်းဖက်အသင်းများအဖြစ် သတ်မှတ်ခံရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို CRPH က ပယ်ဖျက်ပေးသလို ပြည်သူတွေကို မတရားပုဒ်မတပ် အရေးယူပြစ်ဒဏ်ပေးခံရတာတွေကိုလည်း အပြစ်မရှိကြောင်း လက်မခံကြောင်း ထုတ်ပြန်မယ်ဆိုရင် မတရားဥပဒေကို တားဆီးကာကွယ်နိုင်တဲ့ တရားတဲ့ ဥပဒေစိုးမိုးမှု တည်ဆောက်ရေး CRPH ခြေလှမ်းများအဖြစ် ကြိုဆိုရမှာ ဖြစ်ပါတယ်။

မတရားအမှုတွေ အကြမ်းဖက်မှုတွေ တိုးသည်ထက် တဖက်သတ် တိုးနေတဲ့အချိန်မှာ သာမန်ပြည်သူတွေလူထုတွေအတွက် မေးခွန်းက ဘယ်လို ဆောက်တည်ရာ ရှာကြရမှာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ လူငယ်တွေထဲက သပိတ်တိုက်ပွဲ လုံခြုံရေး ကာကွယ်ရေး တွန်းလှန်ရေးတိုက်ပွဲ ဝင်နေကြသူတွေအတွက်က ပိုင်းဖြတ်ထားမှုက ထင်ရှားပြီး ဖြစ်ပါတယ်။ သူတို့က တိုက်ပွဲရှိရာကိုသွားမယ်။ အောင်ပွဲကို ယူဆောင်မယ်။ အဲသည်အတွက် ပြင်ဆင်ကြမယ် လေ့ကျင့်ကြမယ် စုဆောင်းကြမယ် ဖြစ်ပါတယ်။ နောက်တန်းက ထောက်ပံ့ကူညီကြမယ့်သူတွေဖက်ကလည်း ရှင်းပါတယ်။ တိုက်ပွဲဝင်တွေအတွက် လိုအပ်တဲ့ ငွေကြေး ရိက္ခာ အရင်းအနှီး စသည်တို့ စုဆောင်း ကောက်ယူ ဖြန့်ချိကြမှာ ဖြစ်ပါတယ်။ အရေးတော်ပုံနဲ့ပတ်သက်တဲ့ အလုပ်အကိုင်တွေနဲ့သူတွေ သတင်းသမား၊ ပညာရှင်၊ ကျန်းမာရေးလုပ်သား၊ စာရေးသူတွေကလည်း သူတို့အလုပ်သူတို့ လုပ်နေကြရုံပါပဲ။ အတားအဆီး အကန့်အသတ် နှီမ်နှင်းခံရမှုတွေဆိုတာ ဟိုးပြည်တွင်းစစ်အစကနေ သည်အထိ လုပ်ငန်းသဘာ၀ အတွေ့အကြုံတွေ ရှိပြီး ဖြစ်ပါတယ်။ အဆန်းမဟုတ်ပါဘူး။ သာမန်ပြည်သူတွေအတွက်ကတော့ သူတို့ရှိတဲ့ အချိန်နဲ့ အရင်းအနှီးအကန့်အသတ်အရ အားမရတာ စိတ်ပျက် ဝမ်းနည်းတာ အကူအညီ အကာအကွယ်မဲ့ဖြစ်နေသလို ခံစားရတာတွေကြောင့် ဆောက်တည်ရာ မရဖြစ်ကြရတယ်လို့ ဆိုချင်တာပါ။

အဲသည်အတွက်ကတော့ ပြည်သူတွေအနေနဲ့ ကျည်ကွယ်မျက်ကွယ်မှာ နေထိုင်ရင်းကနေ သဒ္ဒါတရား ဆိုတဲ့ ယုံကြည်မှုကို မလျော့လိုက်ဖို့ ဖြစ်ပါတယ်။ ပြည်သူတွေက လိုရင်ယူ ပိုရင်လှူဆိုတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင် ပူးပေါင်းနိုင်ပါတယ်။ အနီးပတ်ဝန်းကျင်က တိုက်ပွဲဝင်လှုပ်ရှားမှုတွေကို နိုင်သလောက် အားပေးကူညီ စောင့်ရှောက်နိုင်ပါတယ်။ သေနတ်တွေနဲ့ ပစ်ခတ်နေချိန်မှာ ပြည်သူတွေက အိမ်တခါးတွေ ခြံတခါးတွေကို ဖွင့်ပေးထားကြတယ်။ ပြေးရှောင်နေသူတွေကို အရိပ်အာဝါသပေးကြတယ်။ အစာရေစာ ထောက်ပံ့ကြတယ်။ ပြည်ပက မြန်မာပြည်သူတွေရဲ့ သဒ္ဒါတရားနဲ့ ယုံကြည်မှုအင်အားဟာ GoFundMe Campaign ၃ပတ်တာကာလအတွင်း ဘယ်လောက် ကြီးမားသလဲ။ ကမ္ဘာကြီး တုန်သွားတယ်။ ပြည်တွင်းက မြန်မာပြည်သူတွေရဲ့ ယုံကြည်မှု သဒ္ဒါတရားနဲ့မကြောက်တရားဟာ အဲသည်ထက် အဆပေါင်း တိုင်းတာလို့ မရအောင်ကြီးကျယ်တယ်။ ပြည်တွင်းက စတင်တဲ့ ဂယက်၏ အစိတ်အပိုင်းကလေးတခုအဖြစ် GoFundMe ဒေါ်လာ ၁၀ သန်းကိုပဲ မကြည့်ပါနဲ့။ ဒေါ်လာ၁၀သန်းထက် မကတဲ့ အဲသည်နောက်က မူလဇစ်မြစ် မြန်မာပြည်သူတွေ၏ နွေဦးတော်လှန်ရေးကြီး၏ ကြီးကျယ်ခမ်နား အတောမသတ် ဩဇာကြီးနဲ့အတူ ပြည်သူတွေ၏ သဒ္ဒါတရား ယုံကြည်မှု မကြောက်တရားဟာ အလွန်အရေးပါကြောင်း တင်ပြလိုက်ရပါတယ်။ သေနတ်ပြောင်း၀ရှေ့ကနေ စီအန်အန်သတင်းထောက်ကို လက်သုံးခြောင်း ထောင်ပြရဲတဲ့ ပြည်သူတွေ၏ အရေးတော်ပုံ နိုင်နေပါပြီ။


Join Us @ MoeMaKa Telegram
#MoeMaKaMedia
#WhatsHappeningInMyanmar