Breaking News

သစ်ကောင်းအိမ် - သက်ရှိကျည်ဆန်

သက်ရှိကျည်ဆန်

သစ်ကောင်းအိမ်
(မိုးမခ) ဧပြီ ၉၊ ၂၀၂၁

ပြောစရာစကားလည်း မရှိတော့
ဖြေစရာတရားလည်း မရှိတော့

ရရာလက်နက် စွဲကိုင်ကြဆိုတော့
အသက်ကို လက်နက်လုပ်ပြီး 
ဆုပ်ကိုင်ထားကြ

ခုလိုကာလမှာ
မျက်ရည်ကျတာလည်း
တိုက်ပွဲဝင်တာပဲ

ကျည်ဆန်ကို
ငိုသံတွေနဲ့ ပြန်ပစ်တယ်

ညနက်လာပုံက
ကိုယ် ရယ်မောမိရင်တောင်မှ
အပြစ်ရှိပြီး
ကိုယ့်သားကိုယ်ချီထားမိတာကိုက
မတရားသလို ဖြစ်လာ

ကြီးစိုးလာတဲ့ အမှောင်မှာ
ငိုကြွေးသံတွေ ကျီးပြိုလို့

သေနတ်ပြောင်းထဲက
ခွေးဟောင်သံတွေဟာလည်း ပိုပြီးကျယ်လောင်လာ

မသေမရှင်ကွင်းပြင်ကြီးရဲ့အလယ်မှာ
သေသူတွေကို လိုက်ပို့ရင်း
ပျောက်သောသူတွေကို လိုက်ရှာကြ

မင်းမူနေတဲ့ မြူဆိုးတွေကြားမှာ
သေသူနဲ့ရှင်သူဟာလည်း ခွဲမရ

ဒီမြက်ရိုင်းတောကြီးလွန်မြောက်ရင်လို့
စိတ်ကူးယဉ်ကြ

ခုလိုကာလမှာ
စိတ်ကူးနဲ့ လူသတ်တမ်းကစားရတာ
ပျော်စရာကောင်းတယ်

Thit Kaung Eain
( ၃  ဧပြီ  ၂၀၂၁)