မိုးချိူသင်း - ဘာစိတ်ဓာတ်လဲ … နွေဦးစိတ်ဓာတ်
မိုးချိူသင်း - ဘာစိတ်ဓာတ်လဲ … နွေဦးစိတ်ဓာတ်
(မိုးမခ) ဧပြီ ၁၉၊ ၂၀၂၁နွေဦးတော်လှန်ရေးဟာ အရာတော်တော်များများကို ပြောင်းလဲပစ်လိုက်တယ်။ လူတွေရဲ့ စိတ်ဓာတ်တွေ၊ အမူအကျင့်တွေ၊ အစွဲအလန်းတွေ အကုန် မှောက်ပစ်ခဲ့တယ် လို့ ပြောလို့ရနိုင်ပါတယ်။ အားလုံးထဲမှာ အထင်ရှားဆုံးက စိတ်အားထက်သန်မှုပါ။ အာဏာရှင်စနစ်အောက်မှာ မနေလိုတဲ့ တူးတူးခါးခါး ငြင်းဆန်မှုက ကမ္ဘာမှာ လှိုင်းကြီးတခုလို ရိုက်ခတ်သွားခဲ့ပါတယ်။ ငါ့ခေါင်းပေါ်တက် အုပ်ချုပ်မယ်ဆိုရင် ငါကျေနပ်မှ ဖြစ်မယ်လို့ လက်နက် ဗလာနဲ့ ပြည်သူတွေဟာ ကောက်ကျစ်ယုတ်မာတဲ့ အာဏာရှင်ကို ဗြောင် စိန်ခေါ်ခဲ့တယ်။
မဆလခေတ်မှာ မွေးခဲ့ပြီး နဝတ ငြိမ်ပိအစိုးရလက်ထက်မှာ ကြီးခဲ့ရတဲ့သူအနေနဲ့ တရားမျှတမှု နဲ့ အမှန်တရားကို ငတ်မွတ်မှုက သူများနိုင်ငံက လူငယ်တွေထက် ပိုပါလိမ့်မယ်။ ပြည်ပရောက်တော့လဲ ရွယ်တူတွေကြားမှာ ခါးသီးမှုတွေ နာကျင်မှုတွေ အဲဒီစိတ်အနာတရတွေနဲ့ နေကြရတယ်။ သေကြရမယ်။ မြန်မာပြည်ရဲ့ အပူက ကိုယ့်အပူ၊ မြန်မာပြည်ရဲ့ ပျော်ရွှင်မှုဟာ ကိုယ့်ပျော်ရွှင်မှု။ အဲဒီစိတ်နဲ့ နေကြ သေကြရတယ်။ အခု အဆုံးသတ်တိုက်ပွဲမှာတော့ အရင် အရေးအခင်းတွေနဲ့ မတူဘူး။ ပြည်တွင်းမပြောနဲ့၊ ပြည်ပကလူတွေဟာ ကြောက်ခေတ်ကို မှောက်ပစ်ဖို့ ကိုယ်တတ်နိုင်တဲ့ဖက်က အားသွန်ခွန်စိုက် လုပ်နေကြတယ်။ ငါတို့နိုင်ငံ လွတ်မြောက်ဖို့ အစွမ်းကုန်ချမှာပဲဆိုတဲ့ စိတ်တွေနဲ့..။ ပြည်တွင်းပို့ဖို့ ရက်ရောလိုက်ကြတဲ့ သဒ္ဓါစိတ်တွေ အံ့မခန်းပဲ။ ရသမျှပိုက်ဆံလေးတွေ ကျစ် ထုတ်ပြီး ဝမ်းသာအားရ ပေးလိုက်ကြတယ်။ ကိုယ်တိုင် မမောနိုင် မပန်းနိုင် ချက်ပြုတ် လှူဒါန်းကြတယ်။ ပေးခွင့် လှူခွင့်ရသူတွေက တပြန် ကျေးဇူးတင်နေကြသေးတယ်။ တို့မြန်မာတွေ ပြည်တွင်း ပြည်ပ ဒီလောက် တသားတည်းဖြစ်တာ မကြုံဖူးသေးဘူး။
ပြည်တွင်းမှာကျတော့ရော..။ ကမ်းကုန်အောင် ယုတ်မာ ကောက်ကျစ်တဲ့ စစ်အုပ်စုဟာ အာဏာလုတာ ၇၈ရက်ကြာသည့်တိုင်အောင် နိုင်ပြီလို့ လေသံတောင် မဟ နိုင်သေးဘူး။ ခေတ်အဆက်ဆက် အာဏာရှင် တွေထဲမှာ မအလလောက် လူတွေ အထင်မကြီးတာ မတွေ့ဖူးဘူး။ ခြေထောက်နဲ့နင်းရတာနဲ့၊ ထမိန်အုပ်ရတာနဲ့ မအလ ပုံနဲ့ အိမ်သာသုံး စက္ကုထုတ်ရတာနဲ့..။
မအလ စစ်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်လို လူကြားထဲ ပျော်ပျော်ရွှင်ရွှင် သွားလာ ရီမောဖို့ နေနေသာသာ သူတို့ရဲ့သားသမီးတွေကို ငါ့သားသမီးလို့ လူသိမှာ ကြောက်နေရတဲ့ အဖြစ်။ ကိုယ်အာဏာရူးတာ ကလိန်စေ့ငြမ်းဆင်တာ ကိုယ့်လက်အောက်ငယ်သားကို လိမ်ညာ လံကြုတ်ဇာတ်ခင်းနေရတဲ့ အဖြစ်။ ဒါပေမယ့် သူတို့ကို ပြည်သူက ကလေးက အစ ခွေးကအစ မယုံ။ မေမေ့ကို မဖမ်းနဲ့ ခင်ဗျားတို့က မယုံရဘူး တဲ့။ လက်နက်ရှိမှ အာဏာရှိမှ စွာရဲတဲ့ မဟာယောင်္ကျားရင့်မကြီးတွေ.. ရှက်တတ်ရင် အဲဒီနေရာမှာတောင် လဲသေသင့်တယ်။
ကိုယ်တို့ တိုင်းပြည်မှာ မနက်ဆို ဆန္ဒပြသွားမယ့် ကိုယ့်သားသမီးလေးကို အချိန်မရွေး သေနိုင်တဲ့ လမ်းကို ခွင့်ပြုပေးရဲတဲ့ မိဘတွေ နေတယ်။ ကျဆုံးသွားရင်လဲ သားအတွက် သမီးအတွက် ဂုဏ်ယူပါတယ် တိုက်ပွဲကို အဆုံးထိ နိုင်အောင် တိုက်ပေးပါ လို့ ပြည်သူကို ပန်ကြားတတ်တဲ့ မိဘတွေ ရှိတယ်။ ကိုယ့် အနာဂတ်မျှော်လင့်ချက်တွေ စွန့်လွှတ်ပြီး စစ်ကျွန်မခံတဲ့ ပညာတတ်တွေဆိုတာ ဒုနဲ့ဒေး။ နေ့ဖို့ညစာ စားဖို့ မသေချာတောင် အလုပ်လာဆင်းဖို့ အမိန့်ကို ဖီဆန်ရဲတဲ့ ဝန်ထမ်းတွေဆိုတာ များမှများ။ အလုပ်မဆင်းရင် အိမ်က ဆင်းလို့ နှင်ချလို့ သံမဏိစိတ်ဓာတ်နဲ့ ဆင်းလာကြတဲ့ ဝန်ထမ်းတွေလဲ အပြည့်။ တနေ့လုပ်မှ တနေ့စားရပေမယ့် စစ်သား ရဲသား ဈေးမရောင်းလို့ မာ နိုင်တဲ့ ဈေးသည်လေးတွေ၊ ပါလာတဲ့ စားစရာတွေ အကုန်ချကျွေးခဲ့တဲ့ သဒ္ဓါကြည်ဖြူစိတ်တွေ..။ အထူးသဖြင့် မလိုအပ်ရင် မယူဘဲ သူများကို မျှပေးလိုက်ပါလို့ ငြင်းတတ်တဲ့ အမှန်တရားအတွက် သတ္တိကောင်းကြတဲ့ ရှေ့တန်းက လူငယ်လေးတွေ၊ ကိုယ့်ထမင်းဗူးလေးနဲ့ကိုယ် အိမ်ကယူလာပြီး ဆန္ဒပြကြရှာတဲ့ လူငယ်လေးတွေရဲ့ စိတ်ဓာတ်တွေကို နှလုံးသားထဲမှာ တရိုတသေ ဖြစ်လွန်းလို့ နွေးနွေးထွေးထွေး မှတ်တမ်းတင်ထားပါတယ်။
အရင်က ထင်ခဲ့တယ်။ စစ်အာဏာရှင်တွေ နှစ် ၆၀ စနစ်တကျ ဖျက်ဆီးခဲ့လို့ စီးပွားရေးလဲ ချွတ်ခြုံကျ၊ ပညာရေးလဲ နိမ့်ကျ၊ ကျန်းမာရေးလဲ အာမခံချက် မရှိ နာလံမထူနိုင်၊ လူတွေရဲ့ အကျင့်စာရိတ္တတွေလဲ ပျက်ပြားနဲ့ ငါတို့တိုင်းပြည်ကြီးဟာ တကယ့် Failed State ကြီး ဖြစ်နေပြီ လို့။ အခု နွေဦးအရေးတော်ပုံမှာတော့ တို့ပြည်သူတွေရဲ့ စိတ်ဓာတ်ဟာ အထင်ကို ပြောင်းပြန်လှန် လိုက်သလိုပါပဲ၊ မြန်မာတွေရဲ့ စိတ်ကောင်းလေးတခုဟာ တမဟုတ်ချင်း အလုပ်လုပ်သွားတယ်။ အချင်းချင်း စာနာတယ်၊ ကူညီတယ်၊ ဖေးမတယ်၊ အားပေးတယ်၊ အခွင့်အရေး မယူဘူး၊ တကိုယ်ကောင်းဆန်ရမှာ ရှက်တယ်၊ နိုင်ငံကြီးသားစိတ်ကို မွေးမြူလာကြတယ်။
ကိုယ်တို့ဟာ ခေတ်ဆိုး စနစ်ဆိုးကြီးမှာ ကြီးပြင်းခဲ့ကြရတယ်။ အဲဒီတော့ အဆိုးတွေထဲမှာ ကောင်းမြတ်ခြင်းတွေကို တမြတ်တနိုး သင်ယူခဲ့ပြီး ကိုယ့်ကိုယ်ကို တည်ဆောက်ခဲ့ကြရတာပါ၊ ကိုယ်တို့ရှေ့က ကြယ်တာရာကြီးတွေအကြောင်းကို ကိုယ်တွေ့ စာတွေ့ တန်ဖိုးထား၊ လေးစား အတုယူ ခဲ့ကြရတာ။ အမှောင်ခေတ်ထဲက အဲဒီလမ်းပြကြယ်ကြီးတွေကို မော့ကြည့်ခဲ့ရတာ။
အခုနွေဦးအရေးတော်ပုံမှာ ဒို့ပြည်သူတွေဟာ လေးစားအတုယူစရာစိတ်ဓာတ်တွေ၊ စိတ်အားထက်သန် ညီညွတ်မှုတွေ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေနဲ့ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်ကို အာခံနေကြတဲ့ ကြယ်တာရာလေးတွေဟာ တလက်လက်တောက်ပနေတာ တပြည်လုံးမှာ..။ မြန်မာပြည်ကြီးတခုလုံး စစ်ကျွန်မခံတဲ့ သူရဲကောင်းစိတ်တွေနဲ့ ထိန်ထိန်ညီးလို့..
အရေးတော်ပုံ မုချ အောင်တော့မည်။
မိုးချိုသင်း
(ဒီဓာတ်ပုံလေးဟာ ရင်ထဲ တကယ် ထိခိုက်လှတာမို့ မူရင်း ဓာတ်ပုံပိုင်ရှင်ကို သုံးခွင့်ပြုပါရန် ခွင့်တောင်းပါတယ်။)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar