Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၃ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၃ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၃၊ ၂၀၂၁ဧပြီလ ၄ ရက်

ယနေ့ကျဆုံးသူပေါင်း - ၄
မန္တလေး - ၂၊ ဗန်းမော် - ၁၊ ပျဉ်းမနား - ၁

စစ်အာဏာသိမ်းမှု ၂ လနဲ့ ၃ ရက်မြောက်လာသည့်တိုင် သပိတ်တွေ ဆန္ဒပြမှုတွေ မြို့အများအပြားမှာ အချိန်ရသလောက် စုဝေးချီတက်နေကြဆဲ၊ ညဘက် စုဝေးမှု၊ အရုဏ်ဦးစုဝေးတဲ့ ဆန္ဒပြမှုတွေ ရှိနေဆဲ ၊ တချို့သော မြို့တွေမှာ ရရာလက်နက်နဲ့ ခုခံမှုမျိုးအထိ ခုခံ တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးခန့်တာ၊ ရုံးဖွင့်တာတွေကို ခုခံဆန့်ကျင်နေကြပါတယ်။ စီဒီအမ် လုပ်ထားတဲ့ ဝန်ထမ်းတွေလည်း အရှုံးမပေးပဲ ဆက်လက် လုပ်ဆောင်နေကြသလို၊ ဝန်ထမ်းအိမ်ယာက နှင်ထုတ်ခံရသူတွေလည်း စီဒီအမ်ကို ကိုင်စွဲပြီး နေထိုင်စရာ ရှာဖွေပြီး ဆန့်ကျင်ရပ်တည်နေကြပါတယ်။ အချို့သော နိုင်ငံရေးသမား၊ စည်းရုံးရေးသမားများက လွတ်မြောက်နယ်မြေကို မသွားပဲ မြို့ပေါ်မှာတင် ပုန်းလျှိုးနေထိုင်ပြီး လုပ်ကိုင်နေကြပါတယ်။ စစ်ကောင်စီကလည်း ပြင်ပမှာရော ဖေ့စ်ဘွတ်ကိုအခြေပြုပြီး တော်လှန်ရေးလုပ်ဖို့ စည်းရုံးကြသူတွေထဲက လူသိများသူ ထင်ရှားသူတွေကို တရက် တရက် ပုဒ်မ ၅၀၅ နဲ့ ဝရန်းထုတ်ပြီး လူအများကြောက်လန့်အောင် ခြိမ်းခြောက်တာတွေ ထုတ်ပြန်လာပါတယ်။

မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်း ချင်းပြည်နယ် တမူးနယ်စပ်ဘက်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရဲကင်းတွေ ကို သွားတိုက်တာ၊ မီးသတ်စခန်း ဖျက်သိမ်းတာ၊ တံတားတွေကို မီးရှို့ဖျက်ဆီးပြီး အကူစစ်သား ၊ ရဲတပ်ရင်းတွေ မလာနိုင်အောင် လုပ်ဆောင်တာတွေ ကြားသိနေရပါတယ်။ ရဲနဲ့ စစ်သား အနည်းဆုံး ၉ ဦးလောက် သေဆုံးသွားတယ်လို့လည်း ဒေသန္တရသတင်းမီဒီယာတွေ မှာ ဖေါ်ပြတာတွေ့ရပါတယ်။ နယ်မြို့တွေက ဒေသခံသတင်းသမားတွေကိုလည်း လိုက်လံဖမ်းဆီးတာတွေ နေအိမ်တွေ ရုံးခန်းတွေ စီးနင်းနေတဲ့သတင်းတွေလည်း ကြားသိရပါတယ်။

ပြည်တွင်းက အင်အားစုတွေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေ တွန်းလှန် တိုက်ပွဲဝင်နေဆဲမှာ ယခင်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေရဲ့ ဆွေးနွေးပွဲက ရလဒ်ကြေညာချက်လည်း ဒီနေ့နေ့စွဲနဲ့ ကြေညာခဲ့တာပါ။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဖျက်လိုက်တာကို ကြိုဆိုတာ၊ ဖက်ဒရယ်ဒီမိုကရေစီ ကြေညာချက် ထုတ်ပြန်တဲ့ လုပ်ဆောင်ချက်ကို ကြိုဆိုလိုက်တာတွေပါဝင်ပါတယ်။ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ စစ်အုပ်စုကို လက်နက်နဲ့ တိုက်ပွဲပြန်စမယ်ဆိုတာမျိုး မတွေ့လို့ တချို့ကတော့ အားမရဘူး၊ သံတမန်ဆန်လိုက်တာ လို့ဝေဖန်တာတွေလည်း ကြားရပါတယ်။

ပြည်တွင်းက လူထုကတော့ “စစ်အာဏာသိမ်းတပ်ကို ဘယ်သူတိုက်တိုက် မြန်မြန်လာတိုက်ပါတော့” ဆိုတဲ့ခံစားချက်မျိုး ပြောနေရေးနေကြတာ လူထုကို ပစ်ခတ်ဖြိုခွင်းမှု စတင်ကတည်းက ဖြစ်ပါတယ်။ စစ်ဖြစ်တယ်ဆိုတာ မကောင်းမှန်းသိပေမယ့် ကိုယ့်အနီးဆုံးက စစ်အုပ်စုက နှိပ်စက်သတ်ဖြတ်လွန်းတာကြောင့် စစ်အုပ်စုကိုတိုက်မယ့် စစ်အင်အား ဘယ်ကဖြစ်ဖြစ် ကြိုဆိုချင်စိတ်တွေ ဆန္ဒတွေဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ပြည်ပက မြန်မာတွေထဲမှာ အတော်များများက CRPH ကို အင်တိုက်အားတိုက်လှူဒါန်းနေကြတဲ့အထဲမှာ ဖယ်ဒရယ်စစ်တပ်ကြီးအတွက် အထူးအာရုံစိုက်မျော်လင့်ပြီး လှူဒါန်းနေကြတာကို တွေ့ရပါတယ်။ လက်ရှိမှာ GoFundMe က လတ်တလောအလှူခံမှုကို ရပ်ဆိုင်းထားပေမယ့် လူထုကတော့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ကို CRPH အတွက် တိုက်ရိုက်ဆက်သွယ်ပြီး ဆက်လှူဒါန်းကြပါတယ်။ ဆန်ဖရန်ဘေးဧရိယာမြန်မာကွန်မြူနီတီစင်တာမှာ မြန်မာတွေ စုဝေးပြီး ကိုယ်တိုင်ကိုယ်ကျ ငွေလှူတဲ့ အစီအစဉ်ကျင်းပတဲ့ဆီမှာ အလှူငွေ ဒေါ်လာ ၅သောင်းကျော် ကောက်ခံချိန် ၄ နာရီအတွင်း ရရှိပါတယ်။ အလှူရှင်ပေါင်း ၅၀၀ ကျော် လာရောက် လှူဒါန်းကြတယ်လို့ ခန့်မှန်းပါတယ်။

အာရ်တူးပီ ဆိုတဲ့ “အကာအကွယ်ပေးဖို့ ဝတ္တရား” အတွက် ကုလလက်နက်ကိုင်တပ်တွေ လာမလားဆိုတဲ့ မျှော်လင့်ချက်က ပြီးခဲ့တဲ့ လတွေကတည်းက လူတွေအကြား ပြောနေကြ ရေးနေကြတာပါ။ အကာအကွယ်ပေးမယ့် ကုလတပ်မလာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ အားလုံးတပြိုင်နက်ထဲ စုပေါင်းတိုက်ကြပါလားဆိုတဲ့ အတွေး မေးခွန်းတွေလည်း အရပ်သားတွေထဲ ရှိကြပါတယ်။ သို့သော် နိုင်ငံရေး ဆိုတာရဲ့ ရှုပ်ထွေးလှတဲ့ ရှုထောင့်၊ အကျိုးစီးပွား ၊ ရလဒ်၊ အာမခံမှု၊ သဘောတူညီချက်၊ တဖွဲ့ချင်းတဦးချင်းရဲ့ ရှင်သန်ရေး စတာတွေအကြား ဖြစ်ဖို့ အကြောင်းပေါင်းဆုံဖို့ ခက်ခဲတယ်ဆိုတဲ့ ကောက်ချက်ပဲ ချရမယ့် သဘောလည်း ဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ ၁၇ ဖွဲ့ပေါင်းတိုက်ရင် တဖွဲ့ထဲက ဘာခံနိုင်မလဲဆိုတာမျိုး အလွယ်ဆုံး ယုတ္တိဗေဒနဲ့ စဥ်းစားရင် စစ်အာဏာရှင်တွေ မခံနိုင်ကျဆုံးရမယ့်သဘောပါ။

နိုင်ငံတကာအကူအညီ တနည်းအားဖြင့် အင်အားနဲ့ လာပြီးရက်စက်မှု သတ်ဖြတ်မှုတွေကို တားမြစ် ဆုံးမပေးမယ့် လက်နက်ကိုင်အဖွဲ့တွေကို လူထုက မျှော်နေတုန်း အက်ဒမန်ပင်လယ်ပြင်မှာ ၄ နိုင်ငံ စစ်ရေးလေ့ကျင့်တာနဲ့ ယှဥ်ပြီး ဘင်္ဂလားပင်လယ်အော် (ရခိုင်ကမ်းရိုးတန်း ရဲ့ အနောက်ပင်လယ်) မှာ ယနေ့က စလို့ လာမယ့် ၁၁ ရက်နေ့ထိ စစ်ရေးလေ့ကျင့်မယ်လို့ စစ်ကောင်စီ သတင်းစာမှာ ထုတ်ပြန်ကြေညာ ထားတာတွေ့ရပါတယ်။ နိုင်ငံတကာရဲ့ စစ်ရေးလေ့ကျင့်မှုကြောင့် စစ်ကောင်စီတပ်တွေ စိတ်ဓါတ်ရေးအရ မြှင့်တင်ဖို့ လုပ်ဆောင်တဲ့သဘောလို့ ကောက်ချက်ချကြပါတယ်။ ၄ နိုင်ငံ စစ်ရေးလေ့ကျင့်မှုက မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို သက်ရောက်မှု ရှိစေမှာ လက်နက်အရ ပါဝင်အားဖြည့်မှာ မဟုတ်သော်လည်း တဖက်က စစ်ရေးလေ့ကျင့်တယ်ဆိုတဲ့ အသံကြားသိရတဲ့အခါ အစိုးရလို့ သူတို့ကိုယ်သူတို့ခေါ်ပြီး လက်နက်နဲ့ လူထုကို အနိုင်ကျင့် သတ်ဖြတ်သူတွေဟာ ပြည်ပ လက်နက်ကိုင်တပ်ဖွဲ့တွေကိုတော့ အလေးထားတာ အမှန်ဘဲ ဖြစ်ပါတယ်။

မြန်မာပြည်တွင်းက သပိတ်တိုက်ပွဲတွေကို အကာအကွယ်ပေး ခုခံပေးတဲ့ Defense Team တွေဟာ သူတို့မြို့ သူတို့ရပ်ရွာအတွက် အသက်ပေးပြီး ကြံ့ကြံ့ခံနေကြတာ လက်တွေ့မြေပြင်မှာ မြင်တွေ့နေကြရသူတွေအတွက် ရင်မချိတဲ့ ခံစားချက်တွေ ပြင်းပြင်းထန်ထန်ပေးတယ်လို့ ပြောကြပါတယ်။ ရှေ့တန်းမှာ သပိတ်သမားတွေ defense team တွေရှိပါတယ်။ သူတို့ကို ဝန်းယံပေးသူတွေက အလယ်တန်းကစားသမားတွေလိုပေါ့။ နောက်တန်းသမားတွေဆိုတာ ငွေကြေး ပစ္စည်း အစီအစဉ်တွေ ထောက်ပံ့ကူညီနေကြသူတွေပါ။ ဂိုးသမားတွေလိုမျိုး တဖက်အသင်း၏ တိုက်ခိုက်မှုတွေ ထိုးဖောက်မှုတွေကို မဝင်အောင် ပညာရှင်တွေ သတင်းမှန်တင်ဆက်သူတွေ လေ့လာသုံးသပ်နေသူတွေက စိတ်ဓာတ်မကျစေဖို့၊ အချက်အလက်မှန်နဲ့ အသုံးဝင်တဲ့အသိပညာတွေကို ထုတ်ဖော်တင်ဆက်နေကြပါတယ်။ ပွဲကြည့်ပရိသတ်တွေကတော့ ညာသံပေး အားပေးနေရုံသက်သက် ဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ အလဲလဲအလှယ်လှယ် ရှေ့တန်း၊ အလယ်၊ နောက်တန်း၊ ဂိုး နေရာကဏ္ဍအသီးသီးမှာ ဝင်ရောက်ကစားနေကြရပါတယ်။ ပွဲကြည့်ရုံသက်သက်ကနေ လိုအပ်နေတဲ့ ကစားကွက်တွေထဲ ဝင်ရောက်ဖြည့်ဆည်းဖို့ကလည်း လိုအပ်နေပါကြောင်း။

#MoeMaKaMedia

#WhatsHappeningInMyanmar

(Photo - Myitkyinar News, 5th April 2021)