Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၃ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၃ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီလ ၂၃၊ ၂၀၂၁

ကျောင်းမတက်နဲ့ ကျောင်းပျက်

လာမယ့် မေလ ဆန်းမှာ တက္ကသိုလ်ကောလိပ်တွေ ဖွင့်မယ်လို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်၊ အခြေခံပညာရေးကျောင်းတွေကိုတော့ လာမယ့် ဇွန်လဆန်းမှာ ဖွင့်မယ်လို့ ခန့်မှန်းရပါတယ်။ အကယ်၍သာ ကိုဗစ်ကူးစက်မှု အခြေအနေက အခုအတိုင်းရှိခဲ့ရင် ဖွင့်မယ်လို့ ယူဆရပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေး၊ ပညာရေးနဲ့ နိုင်ငံရေး၊ ဘာသာရေးနဲ့ နိုင်ငံရေး စသဖြင့် နိုင်ငံရေးက လူမှုရေး စီးပွားရေးတွေ နဲ့ချိတ်ဆက်နေတယ်ဆိုတာ ယေဘုယျအားဖြင့် အားလုံး သိရှိပြီးဖြစ်ပါတယ်။ သို့သော်လည်း ခုလတ်တလော စစ်အာဏာရှင် အမြစ်ဖြတ်တော်လှန်ရေးနဲ့ ပညာရေးဆက်နွယ်နေတဲ့ အကြောင်း နိုင်ငံရေးတိုက်ပွဲ မပြီးပြတ်နိုင်သေးစဥ်မှာ ဘယ်လိုစဥ်းစား ဆုံးဖြတ်ကြမလဲ ဘယ်လို ဗျူဟာနဲ့သွားကြမလဲဆိုတာ ဆုံးဖြတ်ကြရမယ့် အနေအထား တခုရောက်လာတယ်လို့ မြင်ပါတယ်။

လာမယ့် မေလဆန်းမှာဖွင့်မယ်ဆိုတဲ့ တက္ကသိုလ် ကောလိပ်တွေကို ကျောင်းသားတွေ အနေနဲ့ တက်ဖို့သင့်/မသင့် အမျိုးသားညီညွတ်ရေး အစိုးရဘက်က သဘောထား လမ်းညွှန်ချက်တွေ ထုတ်ပေးဖို့ အချိန်ကျပြီလို့ထင်မြင်မိပါတယ်။ စစ်ကျွန်ပညာရေးကို မသင်ဘူးလို့ ပြောဆိုမှုတွေ ကြားသိနေရသလို အချို့သော ကျောင်းသားတွေ သူတို့မိဘတွေ အနေနဲ့ ဘယ်လိုရှုမြင်ကြမလဲ၊ ရေတိုတိုက်ပွဲ အနေနဲ့ ယူဆကြမယ်ဆိုရင် ကျောင်းမတက်ပဲ နိုင်ငံရေးတိုက်ပွဲကို နိုင်အောင် တိုက်ဖို့နှိုးဆော်ကြမယ်၊ ရေရှည်တိုက်ပွဲလို့ ယူဆရင်တော့ ပညာရေးကိုလည်း တဖက်မှာသင်ယူပြီး တဖက်မှာ နိုင်ငံရေးတိုက်ပွဲကို တိုက်ဖို့ စဥ်းစားရမယ်လို့ မြင်ပါတယ်။

အဆင့်မြင့်ပညာရေးလို့ ခေါ်ဆိုတဲ့ တက္ကသိုလ် ကောလိပ်ပညာရေးအပြင် အခြေခံပညာရေး လို့ခေါ်ဆိုတဲ့ မူလတန်းကနေ ဆယ်တန်းအထိ ကျောင်းတွေအနေနဲ့ရော ဘယ်လို ဆုံးဖြတ်သင့်သလဲ ဆိုတာမျိုး နိုင်ငံရေးတိုက်ပွဲဦးဆောင်သူတွေက သဘောထား မှတ်ချက်ပြုကြဖို့ လိုအပ်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ တနှစ်လုံး ကိုဗစ်ကူးစက်ကပ်ရောဂါကြောင့် စာသင်နှစ်တနှစ်ဆုံးရှုံးခဲ့ရပြီး အခုလာမယ့်စာသင်နှစ် မှာ အခြေခံပညာရေးကျောင်းသားတွေ အနေနဲ့ တက်ဖို့ တိုက်တွန်းမလား မတက်ဖို့ လှုံ့ဆော်မလား စတဲ့ မေးခွန်းတွေ ပေါ်ထွက်လာနေပါတယ်။ ဒါက ကိုဗစ် ကူးစက်ကပ်ဘေးကို ကိန်းသေ အဖြစ်တွက်ထားပြီး ဆွေးနွေးချက်ဖြစ်ပါတယ်။ အကယ်၍သာ ကိုဗစ်ကူးစက်ကပ်ဘေးက တတိယလှိုင်းလိုမျိုး ဝင်ရောက်ခဲ့မယ်ဆိုရင် ဖြင့် ပညာရေး ပြဿနာရဲ့ အပေါ်ကို ကျန်းမာရေး ပြဿနာက ထပ်ဆင့်ရောက်ရှိလာလိမ့်မယ့် အနေအထားမျိုးဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ကုသမှုနဲ့ ကာကွယ်မှုစနစ် နှစ်ခုစလုံး လူစွမ်းအားရင်းမြစ် စီမံခန့်ခွဲမှုတွေ ပျက်ယွင်းနေတဲ့အခြေအနေမှာ ကူးစက်ရောဂါ နောက်လှိုင်းတခု ရိုက်ခတ်လာရင်ဖြင့် ဘယ်လို အကျိုးဆက်တွေ ပေါ်ထွက်လာမလဲဆိုတာ ခန့်မှန်းဖို့တောင် ခက်ခဲပါလိမ့်မယ်။

ခုတလော ပြောဆိုသုံးနှုန်းနေကြတဲ့ “ကျရှုံးနိုင်ငံ” ဆိုတဲ့ စကားလုံးရဲ့ လက်တွေ့ဖြစ်ရပ်များ ဖြစ်လာမလား စိုးရိမ်စရာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ ဒီအချက်တွေ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လူထုပညာရေး လူထုကျန်းမာရေး အတွက် စဥ်းစားပြင်ဆင်ကြဖို့ လူအများစုက ဘယ်လို သဘောထားသင့်လည်း မှတ်ချက် ဝေဖန်လမ်းညွှန်ချက်တွေ ပေးဖို့လိုတယ်လို့ထင်ပါတယ်။ လွတ်မြောက်နယ်မြေက ပညာရေး၊ ကျန်းမာရေး အကြောင်းအရာတွေလည်း အရေးပါသလိုပဲ စစ်အုပ်စု ထိန်းချုပ်မှုအောက်က လူထုရဲ့ ပညာရေး ကျန်းမာရေး အကြောင်းကိစ္စတွေကလည်း အရေးပါပါတယ်။

၁၉၈၈ သင်ခန်းစာများဆိုပြီး မိုးမခမှာ အစောပိုင်းက ချရေးခဲ့ကြဖူးတယ်။ https://www.moemaka.com/2021/02/blog-post_58.html  (မောင်ရစ် - အနှစ် ၃၀ကျော် ဖြတ်သန်းခဲ့သော မှတ်တိုင်များ)။ အဲသည် ၁၉၈၈ တုန်းက ကျောင်းတက်ရေးမတက်ရေးမူကို ကျောင်းသားတွေ ငြင်းခဲ့ကြတယ်။ ခင်ညွန့်ပေးတဲ့ ကျောင်းသားသမဂ္ဂယူရေး မယူရေးသဘောထားကိုလည်း ငြင်းခဲ့ကြဖူးတယ်။ အခုလည်း စစ်ကောင်စီလက်ထက် ကျောင်းတက်မတက်ဖြစ်လာတော့ လက်ရှိအသံကတော့ CDM Civil Disobedience Movement လိုမျိုး "ကျောင်းမတက်နဲ့ ကျောင်းပျက်" လို့ ကြွေးကြော်သံထွက်လာတာကို တွေ့ရပါတယ်။ အဲသည် ၈၈ အရေးတော်ပုံကာလတုန်းကလည်း စစ်အုပ်စု၏ ဖိနှိပ်သတ်ဖြတ်မှုက ပြင်းထန်ဆိုးဝါးတယ်။ ကျောင်းသားတွေ ပါတီဝင်တွေ ထောင်ထဲတောထဲမှာ ရောက်နေတယ်။ ရွေးကောက်ပွဲကလည်း နေ့လားညလား မကွဲပြားဘူး။ တိုက်ပွဲကို အဆုံးသတ်တိုက်ရေးအရေးကြီးတယ်ဘက်က မဲသာပြီး နိုင်ငံရေးတိုက်ပွဲတွေကလည်း ပြင်းထန်တော့ ကျောင်းမတက်ရေးက အသာရခဲ့ပါတယ်။ စစ်အုပ်စုက ၁၉၉၀ ရွေးကောက်ပွဲအပြီး အားလုံးကို ဖိနှိပ်နင်းခြေထားပြီးတော့မှ ၁၉၉၁နှစ်ဦးမှာ ကျောင်းတွေ ပြန်ဖွင့်ဘို့ လုပ်တယ်။ ၉၁ မေလမှာ ကျောင်းတွေ ပြန်ဖွင့်တယ်။ သို့သော် ၁၉၉၁ ဒီဇင်ဘာ ၁၀-၁၃ မှာ ဒေါ်စု နိုဘယ်ဆုရတဲ့အကြောင်းပြုပြီး ကျောင်းသားတွေ ကျောင်းဝင်းတွေထဲကနေ ဆန္ဒပြကြပြီး ကျောင်းတွေ ပြန်ပိတ်ရပါတယ်။

အဲသည်အတိတ်တုန်းကနဲ့ အခု မတူတော့ပါဘူး။ ၈၈ အရေးတော်ပုံတိုက်ပွဲတွေတုန်းက စျေးကွက်စီးပွားရေး၊ ပုဂ္ဂလိကျောင်း၊ အွန်လိုင်း၊ ဒေါ်လာငွေကြေးသုံး အပြင်ဘဏ်စနစ်၊ ပြည်တွင်း ပြည်ပ နယ်စပ် အဆက်အစပ်နဲ့ ဆက်ဆံရေး စတာတွေ မရှိပါဘူး။ ပြည်တွင်းက တဘက်ပိတ်ပညာရေးကိုပဲ ရွေးချယ်ဖို့သာ ရှိတယ်။ ကျောင်းမတက်နဲ့ ကျောင်းထွက်ပဲ ရှိတယ်။ အခြားရွေးချယ်စရာပညာရေးစနစ်တွေ အခြေခံအချက်အလက်တွေ မရှိပါဘူး။ အခုတော့ ပြည်သူတွေကော ပြည်သူ့အစိုးရ(NUG)အပြင် ပြည်ပက မြန်မာတွေနဲ့ ပညာရေးစနစ်တွေ အဆက်အစပ်ဖြင့် ပြင်ဆင်စရာ စဉ်းစားစရာတွေ ရှိနိုင်ကြောင်းပါ။ ကိုလိုနစ်ခေတ်ကျောင်းသားသပိတ်ကနေ အမျိုးသားကျောင်းတွေ ပေါ်ထွန်းခဲ့သလို အိုဟောင်းပြီး သွေးခွဲမှုတွေ ခြစားမှုတွေ ခေတ်နောက်ပြန်ဆွဲတာတွေ ပါဝင်နေတဲ့ ပညာရေးစနစ်၊ ပညာရေးဝန်ထမ်း၊ ပညာရေးအတွေးအခေါ်တွေကို မြေမြုပ် ပြာချပစ်ပြီး ခေတ်ကို ဆန်းသစ်မယ့် "ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပညာရေး"ကို အုတ်မြစ်ချနိုင်မယ့် ကျောင်းပညာရေး ထုတ်ဖော်နိုင်လေမလားလို့ တွေးမိကြောင်းပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar