Breaking News

အောင်ဒင် - လွန်ခဲ့တဲ့ ၃၂ နှစ်က ကျောင်းဖွင့်ချိန်

အောင်ဒင် - လွန်ခဲ့တဲ့ ၃၂ နှစ်က ကျောင်းဖွင့်ချိန်

(မိုးမခ) ဧပြီ ၂၉၊ ၂၀၂၁ 

၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ မဆလတစ်ပါတီအာဏာရှင်အစိုးရထံကနေ အာဏာလွှဲပြောင်းရယူခဲ့တဲ့ စစ်တပ်က မြန်မာနိုင်ငံရဲ့ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကို ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ် ဖြိုခွဲပြီးတဲ့နောက် ၁၉၈၉ ခုနှစ်၊ ဇွန်လမှာ ကျောင်းတွေကို ပြန်ဖွင့်ခဲ့ပါတယ်။ ကျောင်းတွေ ပြန်ဖွင့်တော့မယ်လို့ စစ်အုပ်စုက ကြေညာလိုက်တဲ့အချိန်မှာပဲ အဲဒီတုံးက "တာရာမင်းဝေ" မဖြစ်သေးတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်လေး "ရွှေဘုန်းလူ" က "ကျောင်းဖွင့်ချိန်" ကဗျာလေးကို ရေးပါတယ်။ အဲဒီကဗျာလေးကို လက်ရေးနဲ့ ရေးကူး၊ စာကူးစက်နဲ့ လှည့်ပြီး ကော်ပီများစွာပွါးလို့ ကျောင်းသားတွေကြား ဖြန့်ဝေခဲ့ကြပါတယ်။ အဲဒီ ကဗျာလေးကြောင့်ပဲ စစ်အာဏာရှင်တွေရဲ့ စစ်ခုံရုံးက ရွှေဘုန်းလူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် အပြစ်ပေးခဲ့ပါတယ်။

မဆလအစိုးရလက်ထက်ကတည်းက ပျက်စီးနေတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ နဝတ၊ နအဖ စစ်အာဏာရှင်ခေတ်မှာ ပိုပြီး စုတ်ပြတ်နိမ့်ကျခဲ့ပါတယ်။ ၁၉၈၉ မှာ ကျောင်းတွေ ပြန်ဖွင့်တော့ တစ်နှစ်ကို နှစ်တန်းနှုံးနဲ့ မြန်မြန်သွက်သွက် အတန်းတွေ တက်ပေးခဲ့ပါတယ်။ စာတွေ နားလည်စရာ၊ ကျက်မှတ်စရာမလိုပဲ စာမေးပွဲခန်းထဲမှာ ထိုင်နေရုံနဲ့ အအောင်ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ အခြေခံပညာအထက်တန်းစာမေးပွဲတွေမှာ ကျောင်းတိုင်း ကျောင်းတိုင်း ရာနှုံးပြည့်အောင်ခဲ့ကြပါတယ်။ တက္ကသိုလ်တက်ရင်လဲ ၂ နှစ်လောက်နဲ့ ဘွဲ့ရကြပါတယ်။ ဆရာ၊ ဆရာမတွေမှာလည်း စာသင်ဖို့ကို ဦးစားမပေးနိုင်ပဲ ကိုယ့်ကျောင်းသားကိုယ် ထိန်းဖို့၊ ကိုယ့်ကျောင်းမှာ ဆန္ဒပြပွဲတွေမဖြစ်အောင် ကာကွယ်ဖို့ လုံခြုံရေးကင်းစောင့်ကြီးတွေ ဖြစ်ခဲ့ကြပါတယ်။ ကျောင်းဝင်းတွေထဲမှာလည်း စစ်ထောက်လှမ်းရေးတွေက အရပ်ဝတ်နဲ့ ဝင်ရောက်ထောက်လှမ်း၊ အခု "ဒလံ" လို့ ခေါ်ကြတဲ့ "သတင်းပေး" တွေကလည်း နေရာအနှံ့မှာ ပျာယာခတ်လို့။ တကယ်တော့ ကျောင်းတွေအားလုံး အကျဉ်းစခန်းတွေ ဖြစ်ခဲ့ကြတာပါ။

ကျောင်းတွေ ပြန်ဖွင့်ပေမယ့် စာသင်ခန်းတွေဟာ ပြန်ရောက်မလာနိုင်တဲ့ ကျောင်းသားတွေကြောင့် တိတ်ဆိတ် ခြောက်ကပ်နေခဲ့ပါတယ်။ တချို့က အရေးတော်ပုံကြီးထဲ အသက်တွေ စွန့်ခဲ့ကြရ၊ တချို့က တောထဲ တောင်ထဲမှာ ဆက်လက်တိုက်ပွဲဝင်နေကြ၊ တချို့က အကျဉ်းထောင်ကြီးတွေထဲမှာ နှိပ်စက်ညှင်းပန်းခံနေကြရ၊ တချို့က သူငယ်ချင်းတွေမပါဝင်တဲ့ စာသင်ခန်းထဲ ငါတို့ မဝင်ဘူးလို့ ဆုံးဖြတ်ကြ၊ တချို့က စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းမတက်ကြ။ ဒါပေမယ့် ကျောင်းတက်သူတွေလည်း ရှိခဲ့ကြပါတယ်။ သူတို့ကို ရည်စူးပြီး ရွှေဘုန်းလူက ဒီလို ရေးခဲ့ပါတယ်။


(၈)

ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု...သွေးပင်လယ်ကြီး ခြားနေပါပြီ
"ကျောင်းဖွင့်ပြီ" ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျောခင်းပေးတယ်၊
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ်…
အဲဒီထဲက တချို့ဟာ…
"အကြောင်းကြောင်းကြောင့်ပါ"… လို့
စိတ်မကောင်းစွာပြောရင်း…
ထုံးတံတားကို လျှောက်နင်း…
ကျောင်းခန်းအတွင်း ဝတ္တရားအရထိုင်
ငါတို့..နားလည်..ခွင့်လွှတ်နိုင်ပါတယ်၊
တချို့ကတော့…
"ဂုဏ်တုဂုဏ်ပြိုင်" ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ်…
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်၊
အဲဒီလို…လူစားတွေကိုတော့…
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇဝင်က ခွင့်မလွှတ်သ၍
သူတို့ဟာ…သမိုင်းမှာ
"သစ္စာဖောက်"…များသာ ဖြစ်တယ်…။

၃၂ နှစ် ကြာခဲ့ပြီးတဲ့နောက် ရွှေဘုန်းလူရဲ့ "ကျောင်းဖွင့်ချိန်" ကဗျာလေးဟာ ၂၀၂၁ ခုနှစ်မှာလည်း သက်ဆိုင်နေတုံးပဲဆိုတာ ဝမ်းနည်းကြေကွဲစွာ နားလည်လိုက်ရ။


(ဧပြီ ၂၈၊ ၂၀၂၁)


(နဝတစစ်အာဏာရှင်တွေက အာဏာယူပြီးတဲ့နောက် လူတွေကို စိတ်ပြောင်းအောင်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ အနုပညာရှင်အချို့ကို စည်းရုံးညွှန်ကြားပြီး ရန်ကုန်မြို့က ရုပ်ရှင်ရုံအချို့မှာ ပြဇာတ်တွေ တင်ဆက်ကပြစေခဲ့ပါတယ်။ "ဂုဏ်တုဂုဏ်ပြိုင်" ဆိုတာ အဲဒီအချိန်ကာလမှာ ပြသနေတဲ့ ပြဇာတ်တစ်ပုဒ်ရဲ့ နံမည်ပါ။ ဒါ့အပြင် စစ်အာဏာရှင်တွေဟာ လမ်းမတွေပေါ်က သွေးတွေကို ထုံးတွေဖြန်းပြီး ဖျက်ခဲ့ကြပါတယ်။ အိမ်နံရံတွေ၊ ကျောင်းနံရံတွေ၊ တံတားတွေ၊ အဆောက်အအုံတွေမှာလည်း ထုံးဖြူဖြူတွေ သုတ်ကြလို့ တစ်နိုင်ငံလုံး ထုံးနံ့လွှမ်းခဲ့ပါသေးတယ်။)

(ပူးတွဲပါ ကဗျာက ၂၀၀၉ ခုနှစ်၊ ဩဂုတ်လက ကျနော်စီစဉ်ပြီး မိုးမခမီဒီယာက ထုတ်ဝေတဲ့ "တာရာမင်းဝေအမှတ်တရ စာစုများ" ထဲကဖြစ်ပါတယ်။ သရုပ်ဖော်ပန်းချီဆရာက ကိုထိန်လင်းပါ။)

ကျောင်းဖွင့်ချိန် (တာရာမင်းဝေ)


(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ ...
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။
(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ ...
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု ... သူတို့ရဲ့ ဝိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး ... ... ...
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး ...”
သီချင်းလေး နားဆင်ရင်း
ရာဇဝင်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တဝဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။
(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ...
... ... နောက်ထပ် ... ...
... ... နောက်ထပ် ... ...
(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက ... ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ ... အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
“တောက အဖေနဲ့အမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။
(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရဝဏ် အဝင်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် ... တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇဝင်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။
(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး ... တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး ... တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ ... အရှုံးမပေးဘူးဟေ့ ...
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ...
နောက်ဆုံးနေ့အထိ ...
(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း ... ... ...
ဒိန်းဒုံး ဆူညံသွားတယ် ...
အဲဒီအခါ ... ကျောင်းတော်မှာ ...
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တဝုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ ... ...
တလဲ့လဲ့ တဝင်းဝင်း
သွေးနီရောင် တောက်ပခါ ...
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။
(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...
အဲဒီထဲက တချို့ဟာ ...
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း ...
ထုံးတံတားကို လျှောက်နင်း ...
ကျောင်းခန်းအတွင်း ဝတ္တရားအရထိုင်
ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...
တချို့ကတော့ ...
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို ... လူစားတွေကိုတော့ ...
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇဝင်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ ... သမိုင်းမှာ ...
“သစ္စာဖောက်” များသာဖြစ်တယ်။
(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တဝုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ...
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်လက်ဖဝါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်...။
(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို ... ဇြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။
ရွှေဘုန်းလူ ( ဝါ ) တာရာမင်​း​ဝေ










Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar