Breaking News

လင်းလက်နွေဦး - သစ်ခြောက်ပင်ဥပမာ



လင်းလက်နွေဦး - သစ်ခြောက်ပင်ဥပမာ

(မိုးမခ) ဧပြီ ၁၂၊ ၂၀၂၁

ဒါနဲ့ပဲ၊ ကျွန်တော်တို့မိသားစုလေး ဇာတိရပ်ရွာက ဘုန်းကြီးကျောင်း ရောက်သွားတယ် ဆိုပါတော့။ ပြည်မကြီး စစ်ပြေးဒုက္ခသည်စခန်းကို ဘုန်းကြီးကျောင်းတွေမှာ ဖွင့်ထားရပါတယ်။ ကျွန်တော်တို့ရွာရဲ့ အနောက်ဘက်က ရွာတစ်ရွာမှာ ပိုဆိုးတယ်၊ ရွာလည်ခေါင် မဏ္ဍာပ်ထိုးထားရတယ်။ ‘မြို့က ဧည့်သည်တော်များခင်ဗျား၊ ထမင်း စားကြွကြပါ’လို့ လော်နဲ့အော်ခေါ်တယ်။ ဧည့်သည်တော်တွေကလည်း ခိုလှုံရာ ဝပ်ကျင်းအသီးသီးကနေ နိုးထတော်မူလာပြီး ထမင်းသုံးဆောင်ကြပါတယ်။ ဧည့်တွေက ရာကျော်တဲ့အတွက် အိမ်ရှင်တွေအနေနဲ့ ပါမစ်ကျော် သွားတဲ့အတွက် မဏ္ဍာပ်ထိုးကျွေးရတာကိုး။ အိပ်တော့ အိမ်ကြီးရခိုင်တွေမှာ ပြားပြီး အိပ်ကြပေါ့။ ရေချိုးတော့လည်း ရေတိုင်၊ အဝီစိတွင်းရှိတဲ့အိမ်တွေမှာ ကိုယ့်အစုနဲ့ကိုယ် ချိုးမိုးသန့်စင်ကြတာပေါ့။ တပျော်တပါးကြီး၊ ကိုဗစ်ဘယ်ဝယ်မသိ၊ ကိုညစ်တွေနဲ့ အဝေးဆုံး ဝေးကြတဲ့ တောခြုံအုံကြားမှာပေါ့လေ။ သုံးလေးရက် ကြာတော့၊ အားနာလို့ထင်ပါရဲ့၊ အလျှိုအလျှို မြို့ပြန်ခိုမယ်ပေါ့၊ ရှေ့ပြေးတွေ သွားလေ့လာကြတယ်။ တစ်ညအိပ် မကြာဘူး၊ ဝုန်းဒိုင်းပြန်ပြေးလာကြတယ်၊ တစ်ရေးမှ မမှေးခဲ့ရရှာဘူးတဲ့။ ပစ်လိုက် ခတ်လိုက်ကြတာ၊ ရှေ့တန်းစစ် မြေပြင်ရောက်နေသလိုပဲတဲ့လေ။ ဖြစ်ပုံက။

မင်းတို့ရွာအခြေအနေကောလို့မေးရင်၊ ကျီးလန့်စာစားလို့ ဖြေရမယ်။ လူစိမ်းတွေက ဥဒဟို ဖြတ်သွား နေတဲ့ရွာ၊ ဈေးရှိတဲ့ ရွာ၊ ကားဂိတ် ရထားဂိတ်ရှိတဲ့ ရွာဆိုတော့ကား၊ ကားကြီး ကားငယ် အသွယ်သွယ်ကို ကြည့်ရှောင်နေရတယ်။ ‘တန်ခူးမရောက်ခင် ဒူးထောက်ရမယ်’ ဆိုတဲ့ ကာလပေါ့။ ဈေးထဲမှာက တွန်းတွန်း တိုက်တိုက်။ ဈေးနားလမ်းတွေမှာလည်း ပျားပန်းခပ်မျှဆိုတော့ မမြင်ဘူးတဲ့လူတွေ ပါလာတယ်နော်။ မမြင်ဘူးရင် လူစိမ်းလို့ သတ်မှတ်တယ် မဟုတ်လား။ အဲဒီလူစိမ်းတွေထဲမှာ လူဇော်တွေ ဘာတွေ ပါလာမယ် ထင်ကြ။ ကားစိမ်းရင်လည်း ဘောင်းဘီရှည်တွေပါလာမယ် ထင်ကြ။ ဝေါကီတော်ကီလိုလို ကီးပတ်ဖုန်းတွေ ခါးထိုးလာရင် အင်ဖော်မာလား ဒလန်လားပေါ့လေ၊ ကိုယ့်အတွေးနဲ့ကိုယ် ဥသျှစ်သီး ကြွေနေကြတယ်။ အဲတော့ ဈေးကြီးခမျာ ကောလဟာလဒဏ်ခံရပြီး ခုထပိတ်ရင် အပိတ်ခံရတာမျိုး။ တစ်ရက်ကများဆို တိုးတိုး တိုးတိုးနဲ့ မျက်လူးဆန်ပြာ ဆိုင်တွေပိတ်သွားကြတာ။ ‘ဘာလို့လဲ’ ငန်ကြည့်တော့၊ စစ်ကား ဘယ်နှစ်စီး၊ ရဲကား ဘယ်နှစ်စီး၊ အချုပ်ကားလည်းပါတယ်၊ ဘယ်ကနေ လာနေပြီတဲ့။ ဘာလုပ်ဖို့လာတာလဲ မေးကြည့်တော့၊ ‘သိဘူးလေ’တဲ့။ ‘သိဘူးလေ’များဗျာ။

ခုတလောတော့ နည်းနည်းရိုးသွားတယ် ထင်တယ်၊ ‘ဟောင်လွန်းတဲ့ခွေး လူမလေး’လည်း ဖြစ်မှာပေါ့။ စစ်ကားတွေ ဖြတ်သွား၊ ရပ်နားထားလည်း အေးဆေးဖြစ်သွားပြီ။ အဲ၊ ဘုမသိဘမသိတော့ လက်သုံးချောင်း သွားထောင်မပြနဲ့၊ ‘ပစ်လိုက်ရမလား’မေးလိမ့်မယ်။ တကယ်၊ တကယ်၊ ကားပေါ်မှာ အိပ်ငိုက်နှုံးခွေနေတဲ့ ရဲဘော်တွေတွေ့တော့ သနားလို့ထင်ပါရဲ့၊ အဒေါ်ကြီးတစ်ယောက်က ‘လက်သုံးချောင်း’ထောင်ပြမိတယ်။ ဟိုကောင်တွေက ဆက်ကနဲ ထတဲ့ပြီး ‘သေချင်လို့လား အဖွားကြီး၊ ပစ်လိုက်ရမလား’လို့ မေးလိုက်သတဲ့။ အဒေါ်ကြီး ဈေးခြင်းတောင်းဆွဲပြီး ပြေးလိုက်ရတာ မောလို့ပေါ့။ အဲနောက်တော့ ရွာသားတွေဟာ ခပ်ဝေးဝေးကနေ ငေးကြည့်ရုံလောက်ပါပဲ။ သတ္တိကောင်းတဲ့ ထမင်းဆိုင်ကတော့ နာမည်ကြီးသွားတယ်။ တိုင်းခန်းလှည့်လည်လာလို့ ဆာတော်မူပြီ ထင်ပါရဲ့၊ ထမင်းဆိုင်ဝင်လာကြတယ်။ ဆိုင်ရှင်က ယူနီဖောင်းတွေ မြင်တော့ ထမင်းကုန်နေပြီလို့ ပြောလွှတ်လိုက်တယ်။ ကြားရတဲ့သူတိုင်း လက်ခမောင်း ထခတ်တော့တာပဲ။ ကြည့်။

ဒီတော့ ရွာက ရဲစခန်းက ဘော်ဒါတွေကလည်း ယူနီဖောင်းကြီး တကားကားနဲ့ ဖင်မယားရဲတော့ ပါဘူး။ ညနေတိုင်း ထိုင်နေကြ အရက်ပုန်းဆိုင်ကတောင် လက်ခံမှာ မဟုတ်ဘူးလေ။ ရဲကတော်တွေကလည်း ဈေးထဲမှာ လတ်လျားလတ်လျား မလုပ်ကြတော့ပါဘူး။ ဈေးသည်တွေကလည်း ဘယ်သူတွေမှန်း မသိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်စခန်းလုံး ပြောင်းရွေ့သွားပြီ ထင်ပါရဲ့။ ကျွန်တော်ကပဲ မရောက်တာကြာလို့ မသိတာ ထင်ပါရဲ့။ အရင်တုန်းက လူတွေတော့ မဟုတ်တော့ဘူး။

အစစ အရာရာပေါ့လေ၊ တမင်ကြပ်တည်းအောင် အလုပ်ခံရတယ်နော်။ တစ်နေ့က အသိ ဦးပဇင်းတစ်ပါးက ဝတ္ထုငွေတစ်သောင်းလောက်တဲ့ အလှူခံတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကဆိုရင် အိပ်ကပ် ထဲမှာ မပါဘူးဆိုရင်၊ ငါးသောင်းလောက်ထည့်ထားတာ။ ဖုန်းထဲက ဝေ့အကောင့်ထဲမှာ အတိုက်တိုက်က ပို့ပေး ထားတဲ့ စာမူခတွေက သုံးလေးသိန်းရှိတယ်။ ဆယ်ပုဒ်လောက်စုထားပြီးမှ ထုတ်တာကိုး၊ အဲတော့ တစ်တိုက် က ရှင်းပေးရင် တစ်သိန်းကျော်နေပြီလေ။ ကြွားတာမဟုတ်ဘူးနော်။ ချောင်လည်တာ ပြောတာပါ။ တစ်နေ့က ကံကောင်းတော့ ဝိုင်ဖိုင်ရတုန်း ပြတ်လပ်တော့ ဝေ့ထဲကနေ ငွေသုံးသိန်းထုတ်လိုက်ရတယ်။ ‘ကံကောင်းတော့’ ဆိုတာကြီး ထည့်သုံးမိတော့ ငယ်ငယ်က ကြားဖူးတဲ့ စကားတွေကို ပြန်မှတ်မိလာတယ်။ ကားပိုင်ရှင် တစ်ယောက်က ပြောတယ်၊ သူ့ကားလေးက သန္ဓေအတော်ကောင်းတယ်တဲ့၊ သုံးခါတိတိ အထိအခိုက်ဖြစ်တာ၊ လူပဲတိုက်မိတယ်၊ တစ်ယောက်မှ မသေဘူးတဲ့။ ခုလည်း ကံကောင်းတော့ လေထိုးကျွတ်ဖာဆိုင်နားရောက်မှ ဘီးပေါက်ရတာမျိုး၊ ဆီဆိုင်နားရောက်မှ ဆီပြတ်တာမျိုးပေါ့လေ။

ငယ်ငယ်က အားကျမိတယ်၊ ဦးသန်းရွှေမြေးလေးက စင်္ကာပူကျောင်းတက်တာ ကိုယ်ပိုင်လေယာဉ်နဲ့ နေ့ချင်းပြန်တက်တာဆိုပဲ။ ဦးသန်းရွှေသမီး မင်္ဂလာဆောင်မှာ စိန်တွေ လက်ဖွဲ့ကြတာ ပြိုးပြိုးပြက်ပြက် လက်လို့ တောက်ပနေတာဆိုပဲ။ ဦးသိန်းစိန် သမ္မတကြီး ငါးနှစ်လုပ်ပြီးတော့၊ နေပြည်တော်က မွေးမြူရေးခြံ အကျယ်ကြီး။ နွားမတစ်ကောင်တန်ဖိုးက ဘာတဲ့ သိန်းငါးဆယ်၊ ဟုတ်ပါ့မလားပေါ့လေ။ ပြောတော့၊ မုန့်ဟင်းခါးပဲ ချက်ရောင်းမယ်ဆို။ အမလေးလေး၊ အခု ကာချုပ်ကြီးဆိုရင် သန်းငါးထောင်လောက် ချမ်းသာတယ်တဲ့။ ဒေါ်လာနဲ့ဗျ။ မိုက်တယ်ဆင်းကတ်ကနေ တစ်နေ့ဝင်ငွေက သိန်းထောင်ချီနေမှာပေါ့။ စီးပွားရေးအမြင်ကြီးတော့ လုပ်ငန်း ကိုင်ငန်းတွေက ပေါ၊ ဝင်ငွေတွေက သောက်သောက်လဲပေါ့လေ။ လူမှန်ရင် အနည်းဆုံး ငါးသောင်းလောက်ရှိရမယ် ထင်နေတဲ့ ကျွန်တော်တောင် ဖျားသွားတယ်။

ခုတော့၊ ‘အရှင်ဘုရား၊ တပည့်တော်ဖြင့် ငွေတစ်ထောင်ပဲ ရှိပါတော့တယ်၊ အရှင်ဘုရား လိုအပ်ရင် ငါးရာလှူပါ့မယ်’လို့ လျှောက်ထားရပါတယ်။ ဦးဇင်းကလည်း ‘ရပါတယ်ကွာ၊ ငါလည်း ဖုန်းဘေဖိုး အကြွေး ပေးရမှာမို့ဟေ့’တဲ့။ တောင်မင်း မြောက်မင်းမကယ်နိုင်ပေါ့လေ။ နောက်တော့ အင်တာနက်တွေ အလုံးစုံ ဖြတ်လိုက်တော့ အလျင်မီသွားလောက်ပါပြီ။ ဦးဇင်းလေးကလည်း တောခိုတော်မူနေရတာ။ တစ်နေ့က ကျေးရွာအခြေပြု ဆန္ဒပြ ပွဲမှာ မက်ခ်မတပ်ဘဲ ပြမိတော့၊ ရဲက ဘွဲ့တော် စုံစမ်းသတဲ့။ ဒီသတင်းကြားပြီး ကတည်းက ဆရာတော်ခမျာ တောပျော်ကြီး ဖြစ်ရရှာတယ်။

ဒိအရင်က ယောက္ခမအိမ်မှာ တစ်လကိုးသီတင်း ကပ်နေခဲ့ရတာ။ သမီးလည်း ပေးရသေး၊ မြေးလည်း ထိန်းရသေး၊ ထမင်းပါ တင်ကျွေးထားရတော့ အားနာမိတာပေါ့။ ဒါနဲ့ ဇာတိရပ်ရွာ ပြန်ကပ်ရပါတယ်။ တိုင်းခြားဆိုတော့ မကူးခင်၊ စုံစမ်းရသေးတယ်။ စစ်ကိုင်းတံတားပေါ်မှာ ကားတိုင်း ဆိုင်ကယ်တိုင်း စစ်ဆေး နေတယ်တဲ့၊ ကြားတယ်။ ဖုန်းတွေစစ်၊ ဖေ့စ်ဘုတ်ထဲ ဝင်ကြည့်တာပေါ့။ ဖုန်း(ဟန်းဆက်)က အမျိုးအစား ကောင်းရင် ပိုတောင် အစစ်ခံရမယ်လို့လည်း ကြားတယ်။ ဖေ့စ်ဘုတ်ထဲ ဝင်ကြည့်ရင်တော့ ဂွမ်းပြီ၊ လက်လွန် ထားပြီလေ။ ‘သားရေကြိုး တင်းအောင်ကိုင်’တို့၊ ‘သားရေကြိုး ကိုးကွင်း’တို့၊ ဟို အမျိုးသမီးတောင် ပါသွား သေးတယ်။ တစ်သက်လုံး အတုတွေနဲ့ချည်းပဲ နှစ်ပါးသွားခဲ့ရရှာသူကြီး၊ ‘သားရေကြိုးပေါ် တက်တက် ထိုင်’ဆိုတာလေ။ ဝိုင်ဖိုင်လေးနဲ့ ခိုးချောင်ခိုးဝှက် အသက်ဆက်နေရချိန်၊ ပေါက်ဖော်ကြီးက ကုလလုံခြုံရေးကောင်စီမှာ ဒုတိယအကြိမ် ဗီတိုအာဏာထုတ်သုံးတော့၊ ‘သားရေကြိုးအစုတ်’လို့ ထဆဲမိသေးတယ်။ ရှယ်ပါ ဆိုတာတွေ၊ ကူးတင်ပါ ဆိုတာတွေ၊ အိတ်ဇ်ဝိုင်ဇတ်မျိုးဆက်တွေရဲ့ သပိတ်ပွဲတွေ၊ ပြည်သူ့ဝန်ထမ်းတွေရဲ့ စီဒီအမ် ဆောင်ရွက်မှုတွေ၊ စီအာပီအိတ်ချ်ရဲ့ လမ်းညွှန်ချက် အထွေထွေတွေ…. ကီးဘုတ်ဖိုက်တာ လုပ်နေတယ်ဆိုပါတော့။

အဲသလို အွန်လိုင်းတိုက်ပွဲ ဆင်နွှဲနေသူကြီးမို့ ‘ဘုရားတ’ကူးရတယ်။ အားတော့နာပါရဲ့၊ ကိုယ်က စီဒီအမ်ကိုတော့ တုံ့ဆိုင်းမရှိ ထမ်းဆောင်နိုင်ပေမယ့်၊ လူအများကြီးနဲ့ လမ်းပေါ်တက်ပြီး ‘ဒို့အရေး’ လုပ်ရဲပေမယ့် အဖမ်းတော့မခံရဲဘူး။ ဟုတ်တယ်လေ၊ သူ့ဟာက ဘယ်ခေါ်သွားမှန်းမသိ၊ ဘာလုပ်မှန်း မသိ။ အလောင်းပြန်ရရင် တောင် ကောင်းကောင်းကန်းကန်း ပြန်ရတာမဟုတ်ဘူး။ ရင်ဘတ်နဲ့ ဝမ်းဗိုက် တလျှောက်ကြီး ခွဲထားလို့ ထား၊ ခြေထောက်ကို ဖြတ်တောက်ပြီး ပြန်ဆက်လို့ ဆက်၊ ဒဏ်ရာ ဒဏ်ချက်တွေ ကလည်း ကျောတစ်ရာ ရင်တစ်ရာဆိုတာမျိုးကိုး။ ဟို၊ သေပြီးလို့ ဂူသွင်းထားတာတောင် ပြန်ဖော်လေတော့၊ မသာတောင် အငြိမ်မနေရတဲ့ခေတ်ပေါ့ဗျာ။ ‘သေပြီး ပြီးတာပဲ’လို့ အယူရှိတဲ့သူတွေ ‘မအလ’တွေနဲ့ တွေ့လို့ကတော့ အယူမှားပါတယ် ဝန်ခံရမှာပေါ့။ ဘကြီးဘုန်းကြီးကလည်း အားပေးရှာတယ်၊ ‘ထောင်များ နတ်ပြည်မှတ်နေတာလား’တဲ့။ ထောင်ထဲမှာ မပြောပါနဲ့၊ လူ့မြင်ကွင်း အပြင်မှာကို လူ့အခွင့်အရေးတွေ အကုန် ဆုံးရှုံးနေတာကိုး။ ဒီတော့၊ အနှစ်ချုပ်ပြောလိုက်ရရင် ‘ကြောက်တယ်’ပေါ့လေ။ ကြောက်ပေမယ့် ကျော်ဖြတ်ရ လေတော့၊ ရွာပြန်ရောက်လာပြီပေါ့။

ရွာကလည်း ခေတ်မီတယ် ဆိုရမှာပဲ၊ ဒလန်တွေ ရှိတယ်တဲ့။ သူငယ်ချင်းတစ်ယောက် ပြောတာတော့၊ ‘ဒလန်တိုင်း အစိမ်း မဟုတ်ပေမယ့်၊ အစိမ်းတိုင်း ဒလန် ဖြစ်နိုင်တယ်’တဲ့လေ။ အစိမ်းကလည်း တစ်ရွာလုံး နေမှ လက်ချိုးရေလို့ ရတော့ ကိုယ့်မှာ သူတို့နဲ့မတွေ့အောင် ရှောင်နေလိုက်တယ်။ တော်ကြာ၊ မျက်လုံး စိမ်းကြီးနဲ့ စကားစိမ်းစိမ်း လေစိမ်းတိုက်နေမှာဖြင့်။ ရပ်ဆွေရွာမျိုး မကင်းပေမယ့် ခုခေတ်ပျက်ကြီးကိုပဲ သူတို့ခေတ် မှတ်နေကြတာကိုး။ မျက်နှာကတောင် ထီမထင် ပြောင်းသွားပါ့လား။ ‘ကြောင် ကြာကြာ ရေမငုတ်နိုင်ဘူး’ ဆိုတဲ့အတိုင်း ကြာကြာတော့မပြောင်းနိုင်ပါဘူး။ သူတို့ အကြမ်းဖက်လက်နက်ကိုင်တွေက စည်းမစောင့်လေတော့ သူတို့လည်း ပြည်တွင်းစစ်ပြေးတွေ ဖြစ်ကုန်တာပဲ မဟုတ်လား။ သို့ပေမယ့်၊ မပြေးခင်စပ်ကြား အရိုးအရင်းလေး မျှော်ကိုးရင်း သတင်းပေးကြမှာ စိုးတာပေါ့။ ဒီတော့ ကျောင်းဝိုင်းထဲတင် လမ်းလေးဘာလေး လျှောက်ရတယ်။ ခုမှ ဇာတ်လမ်းက စမှာ။

ကျောင်းဝိုင်းထဲ လမ်းလျှောက်ရင်း တစ်ခု သတိထားမိတယ်။ သစ်ပင်တချို့၊ တိတိကျကျပြောရရင် ‘စိန်ပန်းပင်တွေ’။ ကြည့်လိုက်ရင် ရိုးတံကျဲရုံမက၊ တစ်ရွက်တလေမှ မရှိတော့ဘူး။ စိန်ပန်းသီး မဲခြောက် ခြောက် ရှည်ရှည်ကြီးတွေကတော့ တွဲလဲကျလို့ပေါ့။ အနားကပ်ပြီး ပင်စည်ကို လက်သည်းနဲ့ ထိုးဆိတ်ကြည့်မိ တယ်၊ အစိမ်းခွံတွေ ပေါ်လာတယ်၊ မသေသေးပါဘူး။ ငယ်ငယ်က သင်ရတယ်၊ ပင်စည်အထက်ပိုင်း အရွက်တွေရဲ့ တာဝန်က ‘အလင်းမှီစု အစာချက်’ရတယ်ပေါ့။ အညွန့်လေးတွေက ထိုးထိုးထောင်ထောင်နဲ့ ကြီးထွားဖွံ့ဖြိုးရတယ်ပေါ့။ အပေါ်ပိုင်းက ဂလူးကို့စ်ရအောင် ချက်လုပ်မယ်၊ ဖွံ့ထွားစည်ပင်အောင် လုပ်မယ်။ အောက်ပိုင်း အမြစ်တွေကရော၊ မြေဆီထဲကို ထိုးဖောက်မယ်၊ ခိုင်မာအောင် ရပ်တည်မယ်၊ မြေထဲက ရေဓာတ်၊ သတ္ထုဓာတ်တွေကို စုပ်ယူပေးမယ်။ အဓိကကတော့ ရှင်သန်အောင် ဆောင်ရွက်တာပါပဲ။

လရာသီကလည်း တပေါင်းတန်ခူး ဆိုတော့ မထူးရတဲ့အကြောင်းကတော့ ပူတာအိုက်တာပဲ။ မြေကြီး ကလည်း သွေ့ခြောက်လို့၊ လေကလည်း တောင်ကတိုက်လိုက် မြောက်ကတိုက်လိုက်နော်။ စိန်ပန်းပင်ကြီးတွေ ခမျာ အဝတ်တောင် မကပ်နိုင်ရှာ။ စိန်ပန်းရွက်ဆိုတာ သေးသေးစိတ်စိတ်လေးတွေ၊ ဒါတောင် တစ်ရွက်မှ ဆွဲမထားနိုင်ဘူး။ တစ်ပင်လုံး အရွက်ခါချထားရတယ်။ အရွက်မရှိပေမယ့်၊ အပွင့်လေး အသီးလေးများ ရှိသေးလားဆိုတော့ တစ်ပွင့်တလေတောင် နီရဲမနေဘူး။ အသီးတွေကလည်း မီးကျီးခဲပေါ် အမဲခြောက်ဖုတ် နေတဲ့အတိုင်း တွန့်လို့လိမ်လို့။ ပင်စည်ကြီးကလည်း ခြောက်သယောင်းနေတာ ကျီးကန်း မိုးကြိုးမှန်ထားတဲ့ အတိုင်းပါပဲ။ ဟုတ်မှာပါပဲလေ၊ သူတို့ခမျာ ကြိုးစားရှင်သန်နေရတာပါ။ မြေကလည်း ကိုယ့်ဖက်မပါ၊ လေကလည်း စိမ်းကား၊ မိုးကလည်း ရက်စက်၊ အပူဓာတ်တွေနဲ့သာ ငရဲကျနေတာကိုး။ ‘အဝိစိ’ဆိုတာ အကြား အလပ်မရှိ ဆင်းရဲတာလို့ ဆိုရင် ဒီစိန်ပန်းတွေလည်း ငရဲကျနေတာပါပဲ။

ဒါပေမယ့် သူတို့တတွေ ကြိုးစားထမ်းဆောင်နေကြတယ်။ ဒီလို အစစအရာရာ ကြပ်တည်း နေတဲ့ကြားမှာ ကြိုးစားရုန်းကန်နေကြတယ်။ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ ဝိပတ္တိခေတ်ကြီးထဲမှာ ဇွဲနဘဲ သန်သန် တွန်းလှန်နေကြတယ်။ သူတို့ အလျော့ပေးလိုက်ရင်၊ အရှုံးပေးလိုက်ရင် သေဖို့ရာပဲ ရှိတော့တယ် မဟုတ်လား။ ဒီတော့ အသေမခံခြင်းကပဲ အောင်နိုင်ခြင်းကို လက်ဝယ်ပိုင်ပိုင်ရရှိနိုင်တယ်ပေါ့။ သေကြည့် ပါ့လား၊ ဒီနားမှာ စိန်ပန်းပင်တွေရှိတယ်၊ ရှိခဲ့မှန်းသိအောင် ဘယ်သူမှ ရွှေချထားမှာ မဟုတ်ဘူး။ ထင်းခုတ်မယ် ထင်းလုပ်မယ်ပေါ့။ သစ်ပင်ခြောက်ကြီး မထားကောင်းဘူး၊ ခုတ်ပြီး ထင်းစိုက်မယ်ပေါ့။ အမြစ်ကနေ တူးလှဲလိုက်၊ တခြားအပင်စိုက်ရအောင်၊ ဒီလိုပဲ မဟုတ်လား။ ဒီတော့ သူတို့ခမျာ၊ အရေးပေါ်ကာလမှာ အသက်ရှင်သန်ခြင်း နည်းပညာတွေ ထုတ်သုံးရတော့တာပဲ။ ကြီးထွားဖို့ မဖြစ်နိုင်သေးဘူး၊ ဒီတော့ အညွန့်တွေ အတက်တွေ မထွက်နဲ့အုံး။ စည်ပင်ဖို့ မလိုသေးတော့၊ အရွက်တွေ အခက်တွေ ခြွေချထား။ အမြစ်တွေက ရသမျှရေဓာတ်တွေ၊ အာဟာရဓာတ်တွေကို စုပ်ယူကြ၊ အပေါ်ပိုင်း အောက်ပိုင်း မျှဝေသုံးစွဲကြ။ ရှင်သန်အောင် ကြိုးစားကြ။

ကြည့်နေ၊ မိုးလေးတစ်ပေါက်နှစ်ပေါက် ကျကြည့်ပါ့လား။ စိမ်းစိုနီရဲလာလိမ့်မယ်။

(photo Paung Laung Media FB)

လင်းလက်နွေဦး

၇.၄.၂၀၂၁ မနက် ၅နာရီ ၅၁မိနစ်။








Join Us @ MoeMaKa Telegram
#MoeMaKaMedia
#WhatsHappeningInMyanmar