Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၁ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၁ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၁

ရေတို ရေရှည် အစီအစဥ်


ဒီနေ့ဟာ သင်္ကြန်ရုံးပိတ်ရက်တွေ ပြီးတဲ့နောက် ရုံးပြန်ဖွင့်တဲ့ နေ့ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာတော့ ကားအသွားအလာ အထိုက်အလျောက်ရှိပြီး ဘတ်စ်ကားတွေလည်း ပြေးဆွဲနေကြတာတွေ့မြင်ရပါတယ်။ မြန်မာပလာဇာလိုမျိုး ကုန်တိုက်ကိုကြည့်ရင်တော့ လူပြည့်လုနီးပါး အထပ်တွေမှာ ရှိနေကြတာတွေ့ရမှာဖြစ်ပါတယ်။ ဆိုင်တွေတော့ အားလုံးပြန်မဖွင့်နိုင်ကြသေးပါဘူး။ အဝတ်အစား၊ ကလေးကစားစရာ၊ ဖက်ရှင်ဆိုင်တွေ၊ အခြားအသုံးအဆောင် ပစ္စည်းရောင်းချတာတွေ ရဲ့ ၃ ပုံ ၁ပုံလောက် ပြန်မဖွင့်ကြသေးသလို စားသောက်ဆိုင် တချို့လည်း ပြန်မဖွင့်နိုင်ကြသေးတာ တွေ့ရမှာဖြစ်ပါတယ်။

စစ်ကောင်စီအာဏာ သိမ်းမှုကို မအောင်မြင်အောင် လုပ်ဖို့ရာမှာ စီဒီအမ်၊ လူထုဆန္ဒပြမှုစတာတွေနဲ့ အဓိက အားယူကြတာဖြစ်ပါတယ်။ ဆန္ဒပြမှုကို ၃ လနီးပါးကြာသည်အထိ တိတ်ဆိတ် ရပ်စဲမသွားအောင် မြို့တချို့မှာ လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။ ရက်စက်တဲ့ ဖြိုခွဲမှု၊ ရာနဲ့ချီလာတဲ့ အသက်ဆုံးရှုံးမှု၊ မြေလှန်စနစ်ကျင့်သုံးမှု တို့ကြောင့် မြို့တိုင်းမှာတော့ နေ့တိုင်းဆန္ဒပြနေကြတဲ့ သဘောတော့မဟုတ်တော့ပါ။

အာဏာသိမ်းမှုကို မအောင်မြင်အောင် ဒုတိယ အားပြုရတဲ့ စီဒီအမ် လှုပ်ရှားမှု အာခံမှုကိုကြည့်ရင် အစိုးရဝန်ထမ်းတွေ စီဒီအမ်က အောင်ပွဲရသည် အထိ အဆုံးထိလုပ်ဖို့ လိုအပ်တယ်လို့ နှိုးဆော်ကြပါတယ်။ အားလုံးလည်း အဲလိုနားလည် လက်ခံထားကြပါတယ်။ အစိုးရဝန်ထမ်းတွေထဲကဆိုရင် ကျန်းမာရေး၊ ရထားပို့ဆောင်ရေးတို့က အတက်ကြွဆုံး လုပ်ကြတာတွေ့ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန မှာဆိုရင် အလယ်အလတ်နဲ့ အောက်ခြေ ရာထူးတင်မကပဲ တာဝန်ကြီးကြီးယူထားကြတဲ့သူတွေ ဆရာဝန်ကြီးတွေ အများအပြားပါဝင်ကြပါတယ်။ နေ့စဥ် ၅၀၅ က နဲ့ ကြေညာတဲ့ အစိုးရဝန်ထမ်းမှာ ဆရာဝန်အများဆုံးပါတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေက အစိုးရယန္တရားကို ရပ်တန့်အောင် အုပ်ချုပ်ရေး ယန္တရားကို ရပ်ဆိုင်းအောင် အစိုးရဝန်ထမ်းတွေ အနေနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။

ပုဂ္ဂလိကဏ္ဍကို ကြည့်မယ်ဆိုရင်တော့ ကုမ္ပဏီရုံးတွေ အားလုံးပြန်မဖွင့်နိုင်ကြသေးသလို ၊ ဝန်ဆောင်မှုလုပ်ငန်းတွေလည်း အားလုံး မလည်ပတ်ကြသေးပါဘူး။ စစ်ကောင်စီ အနေနဲ့နုိင်ငံကို အုပ်ချုပ်နိုင်ပြီလို့ မမှတ်ယူနိုင်စေဖို့အတွက် အစိုးရဝန်ကြီးဌာနတွေ က ဝန်ထမ်းတွေ စီဒီအမ် လုပ်ထားကြသလို၊ အခြားတဖက်မှာ ပုဂ္ဂလိကပိုင် ကဏ္ဍ အနေနဲ့ ဘယ်ကဏ္ဍတွေက ဘယ်ကာလအထိ မလည်ပတ်အောင် လုပ်ဆောင်ကြမလဲ၊ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေ အနေနဲ့ ဘာကြောင့် စီဒီအမ် လုပ်ထားဖို့လိုအပ်သလဲ စတဲ့အကြောင်းအကျိုးကိုလည်း လူထုကို ရှင်းပြပြီး စည်းရုံးဖို့လိုအပ်မယ်ထင်ပါတယ်။ ဒီလို မဟာဗျူဟာ ချမှတ်တာ၊ ရှင်းလင်းစည်းရုံးတာတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ် လှုပ်ရှားမှုကြီးကို နိုင်ငံရေးအရ ဦးဆောင်သူတွေ လမ်းကြောင်းချမှတ်သူတွေ ရှင်းပြဖို့ အများကို စည်းရုံးလှုံ့ဆော်ကြဖို့ လိုအပ်မယ် ထင်ပါတယ်။

အစိုးရဝန်ထမ်းတွေ စီဒီအမ် ပါဝင်တာနဲ့ပတ်သက်လို့ အကူအညီပေးတဲ့ အပိုင်းတွေ ရှိနေပြီးအဲဒီ အပိုင်းကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေတာလည်း တွေ့နေရပါတယ်။ စစ်ကောင်စီက ဖြိုခွဲ ဖမ်းဆီးတာကြောင့် စီဒီအမ် ကူညီမှုအရှိန် လျော့ကျမသွားဖို့ အတွက်လည်း စီအာရ်ပီအိတ်ချ် နဲ့ ပြည်တွင်းက နိင်ငံရေး အင်အားစုတွေက နည်းလမ်းရှာ ဆက်သွယ် လုပ်ဆောင်ကြဖို့ လိုအပ်မယ် ထင်ပါတယ်။

အလားတူပဲ ပုဂ္ဂလိကဏ္ဍဘက်က စီဒီအမ်လှုပ်ရှားမှုကြောင့် စားဝတ်နေရေးကို ထိခိုက်လာနိုင်တာတွေကိုလည်း စောင့်ကြည့် ကူညီတာမျိုးတွေ လုပ်နိုင်ဖို့လိုအပ်ပါတယ်။ ကိုယ်ဘက်က ခုခံထားတဲ့ တောင့်ခံထားတဲ့ အားမလျော့သွားဖို့ အတွက်ဆို ခုခံတောင့်ခံနေတဲ့ သူတွေ ပြည်သူတွေ ဘက်မှာ အချင်းချင်း ကူညီမှု ယိုင်းပင်းမှု မရှိအတူ ရှိအတူဆိုတဲ့ စိတ်မျိုးနဲ့ မျှဝေခံစားနိုင်ဖို့ လိုအပ်ပါတယ်။

ဒီလို အစီအစဥ်တွေကို ခု အရေးတော်ပုံ လှုပ်ရှားမှုကြီးကို ဦးဆောင်နေကြတဲ့ သူ၊ အဖွဲ့အစည်းအသီးသီးက ကမကထလုပ် အချင်းချင်းအကြား ညှိနှိုင်းမှုတွေ ရှိကြဖို့ တိုက်တွန်း လိုပါတယ်။ တိုက်ပွဲက ရက်နဲ့ သီတင်းပတ်နဲ့ လနဲ့ ကြာရှည်ကောင်း ကြာရှည်နိုင်တာမို့ ခေါင်းဆောင်သူတွေ ခေါင်းဆောင်မှု ပေးနေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ရေတို ရေရှည် အစီအစဥ်တွေ ကို ချမှတ် လုပ်ဆောင်ကြဖို့ နှိုးဆော်လိုက်ပါတယ်။

NUG ဆိုတဲ့ ပြည်သူ့အစိုးရတရပ်ရဲ့ အခမ်းကဏ္ဍကလည်း ရှိလာပါပြီ။ တာဝန်ယူတဲ့ တာဝန်ခံတဲ့သူတွေ အဆင့်ဆင့်လည်း ရုပ်လုံးပေါ်လာနေပါပြီ။ အစိုးရနဲ့ ပြည်သူတို့၏ ဆက်ဆံရေးထူထောင်နိုင်ဖို့ကိုလည်း ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါအပြင် လွှတ်တော်၊ အစိုးရအပြင် တရားစီရင်ရေးမဏ္ဍိုင်လည်း အလျင်မြန်ဆုံး ထူထောင်ဖို့ လိုအပ်နေပါပြီ။ စစ်အုပ်စု၏ မတရားမှုများကို တုန့်ပြန်အရေးယူပြီး စီရင်ပေးနိုင်ဖို့ လိုအပ်ချက် ဖြစ်နေပါပြီ။ အခုချိန်ဟာ တော်လှန်ရေးကာလ တော်လှန်ရေးအစိုးရ နဲ့ တော်လှန်သော ပြည်သူ့စစ်များဆိုတဲ့ ရဲရဲရင့်ရင့် လှုပ်ရှားဆောင်ရွက် အောင်လံအမြန်ထူနိုင်ရေးဆိုတာကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ရေတိုအစီအစဉ်များ ရေရှည်အစီအစဉ်များကို ပြည်သူတွေ သိနိုင် လိုက်နာဆောင်ရွက်နိုင်သလောက် တဆင့်ချင်း ချပေးသွားမည်လို့ မျော်လင့်မိပါကြောင်း။

(Photo - Mandalay, 21st April, 2021)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar